Friday, May 20, 2016

Methadone မက်သဒုံး

ဆရာ မူးယစ်ဆေးဝါးများနဲ့ ပတ်သက်သောအချက်အလက်များ အစားထိုးဆေးဝါးများသုံးစွဲ၍ ဖြတ်တောက်သည့်တိုင် ထိုအစားထိုးဆေးဝါးများ စွဲသွားသည့် ပြဿနာကို မည်ကဲ့သို့ဖြေရှင်းနိုင်ပါသလဲ။ မူးယစ်ဆေးသုံးသူများဟာ အစားထိုး ဆေးဝါးများမသုံးစွဲဘဲ ပကတိကင်းပြတ်သွားနိုင်ပါသလား။ ထိုအကြောင်းအရာများကို မည့်သည့်နေရာများတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသလဲ။ ကျနော် ကချင်ပြည်နယ် နယ်စပ်ကပါ။ ကျနော်တို့ မြို့တွင် မူးယစ်ဆေးစွဲ လူငယ်များစွာရှိပါသည်။ ယခု မက်သဒုန်းဆေးကို အခမဲ့ဖြန့်ဝေနေပါသည်။ ထိုဆေးသည်လည်း စွဲစေသည်ဟုသိရပါသည်။

ဘိန်းစိုက်ခဲ့တာ ကျောက်ခေတ်သစ်ကတည်းဖြစ်တယ်။ (ဆူမေးရီယန်း)၊ (အဆီးရီးယန်း)၊ (အီဂျစ်ပ်ရှန်း)၊ (အင်ဒီးယန်း)၊ (မင်နိုအန်)၊ (ဂရိ)၊ (ရိုမန်)၊ (ပါရှန်) နဲ့ (အာရပ်) အင်ပါယာအားလုံးမှာ ဘိန်းစိုက်ခဲ့တာချည်းဘဲ။

အခုခေတ်မှာတော့ (အာဖကန်) နဲ့ မြန်မာနိုင်ငံတို့က ဗိုလ်လုနေကြတာ ၂ဝဝ၂ ခုနှစ်တုံးက သူတို့ဆီမှာ စစ်ပွဲကြီးကျယ်နေချိန်မှာ ကိုယ့်တိုင်းပြည်က ကျော်တက်နိုင်ခဲ့ပါတယ်။ ကိုလိုနီဗြိတိသျှကလဲ မြန်မာပြည်ကို တစိတ်တပိုင်းသိမ်းပြီး၊ ၁၈၂၆ ခုကတည်းက ဘိန်းရောင်းတာဝယ်တာကို အစိုးရကိုယ်တိုင်လုပ်ခဲ့ပါတယ်။ ဗြိတိသျှ-တရုတ် ပဌမဘိန်းစစ် ၁၈၃၉ နဲ့ ဒုတိယဘိန်းစစ် ၁၈၅၆ မှာဖြစ်ခဲ့ကြပါတယ်။

ဘိန်းဟာ Opium poppy (Papaver somniferum) အပင်ရဲ့ မမှည့်သေးတဲ့ အစေ့အိမ်ကနေထုတ်တဲ့ Milky latex အရည်ကနေရတယ်။ လေသလပ်တော့မှ မည်းပြီးမာလာတယ်။ ဘိန်းကို ဆေးဖြစ်ဝါးဖြစ်သုံးခဲ့တဲ့သမိုင်း အေဒီ ၁ဝဝ ကတည်းကပါ။ ရှေးဟောင်းဆေးစာတိုင်းမှာလဲပါခဲ့တယ်။ ဘုရားပေးတဲ့ဆေးလို့တောင်မှ သမုတ်ကြတယ်။ ဆေးအဖြစ်ပေးတာနဲ့ တလွဲသုံးတာကနေ ဘိန်းစွဲနိုင်တယ်။

ဘိန်းစွဲသူတွေမှာ ဒီလက္ခဏာတွေရှိမယ်
ဘိန်းကိုပဲစွဲ၊ စိုးရိမ်စိတ်ကဲ၊ လူထဲမတိုးချင်၊ သူများမမြင်အောင်သုံးနေ၊ ငွေကုန်ချင်ကုန်ပါစေ ဘိန်းအတွက်ဆိုရင်၊ ပြောရင် လေသံနဲ့မြန်၊ စိတ်မူမမှန်၊ အန်ချင်၊ သူများမမြင်တာတွေမြင်၊ မကြားတွေကြား၊ စားချင်စိတ်ကမရှိ၊ လူကပိန်ချိ၊ မျက်စိကနီစွေး၊ အဝေးငေးကြည့်၊ သတိမေ့လျှော့၊ အလုပ်မှာပေါ့၊ ကျောင်းမှာတော့စာညံ့၊ သန့်ရှင်းရေးဂရုမစိုက်၊ ခေါင်းကိုက်၊ ငိုက်ပေမဲ့အိပ်မပျော်၊ အသံတော်တော်ကျယ်ရင် မကြားချင်၊

ဆက်တွဲဖြစ်လာနိုင်တာတွေရှိတယ်။ စွဲလမ်းမှုများ၊ စိတ်ဓါတ်ကျ၊ အိပ်မရတာ ကြာရှည်လာ၊ အလိုလို လိင်ဆန္ဒပြီးသွား၊ လိင်စိတ် နည်းပါး၊ ဂရောင်ချောက်ခြားဖြစ်၊ နားထဲကနေ သူများ မကြားတာတွေကြား၊ မျက်စိထဲကနေ သူများ မမြင်တာတွေမြင်၊ အနံ့ကို တကယ့်အနံ့ရော စိတ်ကူးထဲမှာပါ သူများထက်ထူးနေ၊ စိတ်တို၊ အကြောက်ကြီး၊ စိုးရိမ်စိတ်၊ ကြောက်စိတ်လွန်ကဲ၊ အမြင်သွေလွဲ၊ ကိုယ့်ကိုယ်ကိုသတ်သေချင်၊ အသက်ရှူနည်းတာ ၂-၄ နာရီကြာရင် သေနိုင်တယ်။

ဆေးဖြတ်လိုက်ရင် လက္ခဏာတွေခံစားရမယ်။ ခေါင်းထဲမှာ ပေါ့နေသလိုခံစား၊ မျက်ရည်ကျ၊ နှာရည်ယို၊ သန်းဝေ၊ နှာချေ၊ ပျို့၊ အန်၊ ဝမ်းလျှော၊ အလွန်ယား၊ ဖျား၊ ခွေးလွန်၊ ချမ်း၊ ခြေ-လက်တုံ၊ အတွင်းထဲမှာ မငြိမ်တာခံစားရလို့ လူကလဲ အငြိမ်မနေနိုင်ဖြစ်၊ ရင်တုံ၊ ခြေဆစ်လက်ဆစ်တွေကိုက်ခဲ၊ နာတာကိုပိုခံစား၊ သွေးဖိအားတက်၊ အသက်ရှူနည်း။

ဘိန်းဖြတ်ရာမှာ စိတ်အထူးကု လုပ်ရတယ်။
1. Cognitive behavioral therapy နည်း၊
2. Motivational therapy နည်း၊
3. Addiction treatment programs နည်း၊
4. Counseling နည်း၊
5. Detoxification ဘိန်းသတ္တိတွေ ပျယ်အောင်လုပ်နည်း နဲ့
6. Methadone ဆေးကိုတော့ ဘိန်းဖြတ်လို့ရလာမဲ့ လက္ခဏာတွေ သက်သော စေအာင်ပေးတယ်။ Methadone အပြင် Buprenorphine, Naltrexone, Clonidine and Lofexidine ဆေးတွေလဲ သုံးတယ်။

(မက်သဒုံး) ဟာ ဓါတ်ခွဲခမ်းမှာ ထုတ်တဲ့ ဘိန်းဖြစ်တယ်။ ၁၉၃၇ ခုနှစ်ကတည်းက ဂျာမဏီမှာစထုတ်ပြီး၊ အမေရိကားမှာ ၁၉၄၇ ကြမှစတယ်။ (မော်ဖိန်း) နဲ့ (ဟီရိုးယင်း) တို့လိုဘဲ သတ္တိတူတယ်။ အလွန်နာတာကို သက်သာတဲ့ဆေး၊ ချောင်းဆိုးပျောက်ဆေးတွေမှာ သုံးတယ်။ ဘိန်းဖြတ်ရာမှာ (မက်သဒုန်း) က အသုံးကျပေမဲ့ (မက်သ်မင်ဖက်တမင်း) (ကိုကိန်း) နဲ့ အရက်ဖြတ်ရာမှာ အသုံးမကျပါ။ သွေးကင်ဆာကိုကုရာမှာ သုံးသေးတယ်။

(မက်သဒုံး) မှာ ဘေးထွက်ဆိုးကျိုးတွေများလှတယ်။ သွေးခဲ၊ အသက်ရှူမဝ၊ ဝမ်းချုပ်၊ ချွေးထွက်များ၊ အိုက်တာမခံနိုင်၊ အားယုတ်၊ သူငယ်အိမ်ကျဉ်း၊ ပျို့၊ သွေးဖိအားကျ၊ အမြင်အကြား သူများနဲ့မတူတာတွေခံစား၊ ခေါင်းကိုက်၊ အန်၊ နှလုံးခုန် မမှန်၊ အစားပျက်၊ လူကဝ၊ ဗိုက်နာ၊ ယောက်ျားရင်သားထွက်၊ လိင်တံမသန်မာ၊ အာခေါင်ခြောက်၊ ချွေးများ၊ မျက်နှာနီမြန်း၊ ယားယံ၊ ခြေလက်တွေရောင်၊ စိတ်ဂနာမငြိမ်ဖြစ်၊ မူပြောင်း၊ မျက်စိဝေဝါး၊ အိပ်မပျော်၊ အရေပြားအနီပြင်ထွက်၊ ဆီးသွားရခက်၊ တက်။

FDA ကနေ C အဆင့်သတ်မှတ်ထားလို့ (မက်သဒုံး) ကို ကိုယ်ဝန်ဆောင်တွေမသုံးသင့်။ ဆီးသွားဆေး၊ Azithromycin, Ciprofloxacin, Clarithromycin, Erythromycin, Itraconazole, Ketoconazole, Metronidazole, Voriconazole ပိုးသေဆေး၊ Diltiazem, Verapamil နှလုံး-သွေးတိုးဆေး၊ Abacavir, Amprenavir, Didanosine, Efavirenz, Lopinavir/Ritonavir, Nelfinavir, Nevirapine, Ritonavir, Stavudine, or Zidovudine ဖြစ်တဲ့ HIV ဆေး၊ Isocarboxazid, Tranylcypromine, Phenelzine, Selegiline ဆေး၊ Pentazocine, Nalbuphine, Buprenorphine, Butorphanol တခြားဘိန်းပါတဲ့ဆေး၊ Rifampin တီဘီဆေး၊ Phenobarbital, Phenytoin အတက်သက်သာဆေးတွေနဲ့ တွဲပေးရင် အထူးသတိထားရတယ်။

ဘိန်းက သူ့အလိုလိုက မှိန်းစေ-စွဲစေ-ထိုင်းမှိုင်းစေတာတွေ ရှိနေပေမဲ့ သူ့ထက်သူ့ အစွမ်းထက်တာတွေကို ဖေါ်စပ်-သုံးစွဲလာကြတယ်။ ဘိန်းထဲမှာ (မော်ဖိန်း) ၁၂% ပါတယ်။ အဲဒါကနေ (ဟီရိုးယင်း) ထုတ်ယူရတယ်။ (ကိုဒင်း) လဲ ပါတယ်။ (မော်ဖိန်း) ကို ၁၈ဝ၄ မှာ ဖေါ်စပ်တယ်။ (ဟီရိုးယင်း) ကို ၁၈၇၄ မှာ စထုတ်တယ်။ (မက်သဒုန်း) ကို ၁၉၃၇၊ Pethidine ကို ၁၉၃၉၊ Fentanyl ကို ၁၉၅ဝ မှာထုတ်ပါတယ်။ (ဟီရိုးယင်း) ဆိုတာ Diacetylmorphine ဖြစ်ပြီး၊ Diamorphine လို့လဲ ခေါ်တယ်။

လူ့ဦးနှောက်မှာ ဘိန်းသဘောကိုသိတတ်တဲ့ အာရုံခံတွေရှိတယ်။ သူတို့ရှိတဲ့ နေရာက အသက်ရှူတာ၊ နာကျင်တာ၊ စိတ်လှုတ်ရှားတာတွေကို ထိန်းတဲ့နေရာတွေနဲ့ ကပ်နေတယ်။ လူတွေဟာ ကြောက်စိတ်ဝင်ရင်၊ လိင်စိတ် ပြည့်ဝရင်၊ စိတ်ဖိအားများရင်၊ ပြေးရင်၊ ငရုပ်သီးစပ်ရင်၊ ဘိန်း စား-ရှူ-ထိုးရင် Endorphins ဆိုတာတွေ ထုတ်ပေးနေတယ်။

တောင်သူတွေက ဘိန်း ၁ ကီလိုရောင်းရင် ဒေါ်လာ ၃ဝဝ ရတယ်။ ကုန်သည်တွေက ၈ဝဝ နဲ့ ရောင်းပြီး၊ အနောက်နိုင်ငံ လမ်းတွေပေါ်မှာ ၁၆ဝဝဝ ပေးရတယ်။ ဒါက ၂ဝဝ၂ ကိန်းဂဏန်းတွေသာဖြစ်တယ်။ ၂ဝဝ၉ မှာ ဈေးကျလို့ ၆၄ ဒေါ်လာသာ ရပေမဲ့ ၂ဝ၁ဝ မှာ ၁၆၉ ဖြစ်လာတယ်။

အချင်းချင်းသာသိအောင်ခေါ်ကြတဲ့အသုံးအနှုံး အမျိုးမျိုးရှိတယ်။ Hop, Dope, Midnight oil, OP, Big O, Tar စသဖြင့်။ ကပွဲတွေ၊ (ဂေး) စုဝေးနေရာတွေမှာ Chill-out drug ၁ ဂရမ်ကို ၅၉-၈၈ ဒေါ်လာ။ သုံးပုံတပုံကို $22 နဲ့၊ တခါသုံး $10 ပေးရတယ်။ (ဟီရိုးယင်း) စွဲသူဟာ တရက်မှာ $150 ရှာနိုင်ရမယ်။ အနုမှုံ့၊ အကြမ်းမှုံ့၊ အရည်၊ အလုံး၊ အမျိုးမျိုး။ အသန့် အဖြူမှုံ့က၊ ခါးတယ်။ (ယူကေ) မှာ အညိုများပြီး၊ (ဒတ်ခ်ျ) မှာ ရေမှာမပျော် သံပုရာရည်နဲ့ ဖျော်ရတဲ့အမှုံ့ သုံးကြတာ များတယ်။ အညိုရဲ့ လက်လီဈေးက တူရကီမှာ ၁ ဂရမ်ကို €14.5 ရှိပြီး၊ ဥရောပတခြားနေရာတွေမှာ €35-40 နဲ့ ဆွီဒင်မှာ €110 ရှိတယ်။ (ရွှေတရိဂံ) နဲ့ (စကင်ဒီနေးဗီးယား) ပိုက်လိုင်းဖေါက်ဘို့ မကောင်းပါလား။

ဘိန်းဘုရင်တွေနဲ့ ဘိန်းကရငွေကို ငွေဖြူလုပ်ပေးခဲ့ကြတဲ့ စစ်ဗိုလ်ကြီးတွေကို မမေ့ကြစေလိုပါ။

Dr. တင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Djenkol bean တညင်းသီးကျန်းမာရေး

၁။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ ၂။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန...