Tuesday, May 17, 2016

Doctor-patient relationship (3) ဆရာဝန်-လူနာ ဆက်ဆံရေး (၃)

2011/7/22 မျက်လုံးဝါရခြင်းအကြောင်းကို ဖြေကြားပေးတဲ့အတွက် ဖော်မပြတတ်အောင် ကျေးဇူး အများကြီး တင်ရပါတယ်။ ဆရာ၏ စိတ်ဓာတ်နှင့် စေတနာ၊ ပညာနှင့် လုပ်ဆောင်ချက်များအတိုင်း ထပ်တူကျမည့်ဆရာများ မြန်မာပြည်မှာ အများကြီး ရှိနေခဲ့ရင် ကောင်းမယ်ဆိုတာကို တွေးမိသေးတယ်။

ကျေးဇူးတင်တယ်ဗျာ။ မောပန်းနေတဲ့ အချိန်မှာ အားရှိလာစေတာလဲ မှန်တယ်ဗျ။ ဒီကနေ့ ဘာပြောကောင်းမလဲ။ အလုပ်ရုံဆွေးနွေးပွဲတခု အောက်ထပ်မှာလုပ်နေရသေး၊ မွေးလူနာကလာ၊ သူမမွေးသေခင် နောက်တယောက် ထပ်ရောက်လာ။ မွေးကြတော့လဲ ၁၅ မိနစ်သာကွာလို့ ဆေးခန်းရှိလူကုန် အလုပ်ရှုတ်သလားမမေးနဲ့။ ဆေးခန်းဆိုတာက မည်ကာမတ္တ၊ ဈေးချိုတဲ့အိမ်ခန်းငှားလုပ်ရတာ။ ဆရာမဆိုတာ လာပါ-ကူပါ-သင်ယူပါ လုပ်နေကြရတယ်။ ဒါပေမဲ့ အားလုံး ချောချော မောမောဘဲ။ သားဦးမွေးသူက ယောက်ျားလေးရလို့ ဝမ်းသာတဲ့ မိဘ၊ ဆွေမျိုးတွေလိုဘဲ ကိုယ်လဲ ဝမ်းသာကြရတာပေါ့။ အခုလို အားပေးစာဖတ်ရတော့ နောက်လူနာတွေအတွက် အဆင်သင့် ဖြစ်သွားပြီပေါ့။ တကယ်ပြောတာ သားဦးမွေးမဲ့ကလေးမ သရိုးသရည်ဖြစ်နေပြီဆိုပဲ။ ဒီညတော့ မနိုးလောက်ကောင်းပါရဲ့။

ည ၁၁ နာရီ ၄၂ မိနစ်၊
၂၂-၇-၂ဝ၁၁

2011/7/24 ဆရာ ကျွန်တော်ရေးလိုက်တဲ့စာ ဆရာ့အတွက် အားဖြစ်သွားစေတဲ့အတွက် ဝမ်းသာမိပါတယ်ဆရာ။ သားဦးလေးမွေးမယ့် အမျိုးသမီးလည်း အခုလောက်ဆို အဆင်ပြေချောမွေ့စွာ မွေးပြီးရောပေါ့။ ဆရာတို့တွေလည်း အတော် ပင်ပန်းခဲ့ကြမှာပဲနော်။ အခန်းကလေးငှားပြီး ဆေးခန်းဖွင့်တာဆိုတော့ ကျဉ်းမှာပဲနော်။ ဖြစ်နိုင်ရင် ဆရာတို့ ဆေးခန်းလည်း ကျယ်ကျယ်ဝန်းဝန်း ဖြစ်စေချင်တယ်။ တခုရှိတာက ရန်ကုန်က (့) တို့လို ကျယ်ဝန်းပြီး ငွေကုန် စေတနာနည်း ဆိုတာတွေထက် အဆပေါင်းမြောက်မြားစွာ သာတယ်ဆိုတာတော့ ယုံတယ်။ ကျွန်တော် ကြားဖူးနေတာရယ်၊ အရိုးစွဲနေတာရယ် တခုရှိတယ်။ ဆင်ခြေဖုန်းရပ်ကွက်တွေမှာရှိတဲ့ ဆေးရုံတွေမှာ ပိုက်ဆံမတတ်နိုင်လို့ မွေးဖွားကြတဲ့ မွေးလူနာတွေကို Nurse မတွေက ဆိုဆဲတာကိုပေါ့။ တဖက်သားမှာခံရခက်တဲ့ ဝေဒနာကိုလည်းခံစားရ။ ဆဲဆိုခြင်း ကိုလည်း ခံစားရဆိုတော့ သနားဖို့ကောင်းတယ်လို့ မြင်တယ်။ ဒါက တဖက်ကိုကြည့်တာပါ။ နောက်တဖက်က ကြည့်မယ် ဆိုရင်လည်း Nurse မတွေလည်း တနေ့တနေ့ အလုပ်တွေများမယ်မဟုတ်လား။ အဲဒီတော့ သူတို့လည်း တခါတလေ စိတ်တိုမိကြလို့ ဆိုဆဲကြမှာပဲလေဆိုတာလည်း တွေးမိပါတယ်။ ကောင်းတာကတော့ ပိုက်ဆံမတတ်နိုင်တဲ့ သူကိုလည်း ကောင်းကောင်းမွန်မွန် မွေးပေး၊ ပိုက်ဆံရှိတဲ့သူကိုလည်း ကောင်းကောင်း မွန်မွန်မွေးပေး။ အဲဒါဆို အကောင်းဆုံးပါပဲ။

ဟုတ်ကဲ့ မှန်းကြည့်တာ အတိအကျဘဲ။ သားဦးလေး မွေးသွားပါပြီ။ မွေးလူနာ နံပါတ် ၁၉၄ ဖြစ်တယ်။ နောက်တရက် နံပါတ် ၁၉၅ လဲ မွေးဖွါးသွားပြီ။ ခုတလော မွေးလူနာတွေက သဘောကောင်းနေကြတယ်။ ခက်ခက်ခဲခဲတွေလဲ မဟုတ်၊ အချိန်ကောင်းတွေမှာ လာမွေးနေကြတယ်။ သူတို့ ကုသိုလ်၊ ကိုယ့်ကုသိုလ်ပေါ့။

ကျွန်တော့် ယမုန်နာဆေးခန်းက ၁၅ ပေ ပါတ်လည်ခန်းလေးကနေ စခဲ့တာ။ ဒိနောက် တခန်းခွဲအခန်းတခုမှာ အတော်ကြာခဲ့တယ်။ အခု ပိုအဆင်ပြေလာတယ်။ ကျယ်ပါတယ်။ ဆေးခန်းလခ လှူမဲ့သူအပေါ်မူတည်တာလဲ ပါတာပေါ့။

မြန်မာပြည်ထဲကလူနာ-ဆရာဝန်ဆက်ဆံရေး အမြဲပြော၊ မပြတ်ကြား သိနေရတယ်။ ပြုပြင်မှု နည်းနေလို့သာ ပြောကြ-ရေးကြ တာပေါ့ဗျာ။ (အက်သစ်) ဆိုတာတော့ ကျမ်းကျိန်တာနဲ့ ဥပဒေနဲ့ တစုံတရာ တားတာရှိပေမဲ့၊ လူမှုဆက်ဆံရေး ဆိုတာကို ဘာနဲ့ပြင်ယူမလဲ။ (မီဒီယာ) က အသံကျယ်လာတာကောင်းပါတယ်။ အထွေထွေအားနည်းချက်ကြီးထဲက အချက်လေးတခု ဖြစ်မယ်။ နေရာတကာမှာ အဲဒါမျိုးတွေ ရှိတယ်မဟုတ်လား။ ဘတ်စ်ကားခရီးသွားတွေနဲ့ ဆေးခန်း-ဆေးရုံလာရသူတွေ အတူတူခံနေကြရတယ်။ စပါယ်ယာတွေထက်တော့ ဆရာဝန်-ဆရာမတွေက စာပိုသင်ခဲ့ကြတော့ မတူကြဘူးပေါ့။

ကျွန်တော်တော့ ကိုယ့်အထွာလေးနဲ့ကိုယ် ကျိုးစားပါတယ်။ များသောအားဖြင့် တိုက်နယ်တခုဖြစ်ဖြစ်၊ မြို့နယ်တခု ဖြစ်ဖြစ် ကျန်းမာရေးဌာနမှာ ဦးစီးရသူဖြစ်ရင် လခယူသူတွေကို သွန်သင်ပါတယ်။ နမူနာလဲ ပြမှရတယ်။ ကိုယ်မလုပ်ဘဲ သူများပြောတာ ဘယ်တန်ဘိုးရှိပါ့မလဲ။ ကိုယ့်အထွာလေးနဲ့ကိုယ်ပါ။ လိုတာတွေရှိခဲ့မှာလည်း သေချာတယ်။ ဆောရီး။

တနေ့ကဘဲ ဆေးခန်းလေးက ဆရာမတွေကို ပြောနေမိတယ်။ လူနာတွေ အားလုံးလောက်နီးနီးက ဗမာစကား မပြောကြဘူး။ မတတ်တာရော၊ နဲနဲသာတတ်တာရောကြောင့်ပါ။ မပြောချင်တာလဲ ပါပုံရသေးတယ်ဗျ။ ဒီတော့ သူတို့ စကားရော ဆရာဝန့်စကားပါပြောနိုင်တဲ့ (ဗော်လန်တီယာ) ဆရာမတွေနဲ့ တွဲလုပ်ရတာပေါ့။ ကြာတော့ ကျွန်တော် သတိထားမိတာတခုကို ထုတ်ပြောဘို့အချိန်ကျပြီဆိုပြီး တနေ့က ချင်းပြည်နယ်ကဆရာမတွေကိုပြောလိုက်တယ်။

မင်းတို့ လူမျိုးတွေက လောကွတ်စကား အတော်နည်းတာဘဲကွ။ လောကွတ် ဆိုတာဘာလဲ ရှင်းပြရသေးတာပေါ့ဗျာ။ လူနာတွေကို ဘာလူမျိုးလဲ၊ ကလေးတွေဆို ကျောင်းနေလားစသဖြင့် မေးတာ-ပြောတာ မရှိသလောက်ဘဲ။ အမှန်က လူနာကို ထမင်းစားပြီးပြီလား မေးလိုက်၊ လူနာစဉ်းစားနေတုံး ဟော ဆေးကိုဖတ်ကနဲထိုးလိုက်၊ မနာတော့ဘူးကွ။ ငါက မင်းတို့စကားမတတ်တော့ ပြောမရဘူး ဖြစ်နေတယ်။

ဆေးခန်းမှာ ရီစရာလဲ ရှာကြံပြောရသေးတာ။ တနေ့ကပါဘဲ။ အကူဆရာမက လူနာကို ပြဒါးတိုင်နဲ့ အပူချိန် တိုင်းနေတယ်။ (သာမိုမီတာ) က အဖြူရောင်၊ ပါးစပ်ထဲမှာ ခပ်စောင်စောင်း ငုံထားတော့ ဟာ့ လူနာက ဆေးခန်းမှာ ဘာလို့ ဆေးလိပ်သောက်နေတာလဲလို့ ရီစရာလုပ်တယ်။ ဆရာမက ချက်ချင်းသဘောမပေါက်လို့ ရှင်းပြရတော့ ရီစရာ နှစ်မျိုးဖြစ်ရော။ တိုင်းရင်းသားတွေနဲ့ ဟာသလုပ်ရတာ ပညာပိုပါမှရတာ။ ကိုယ်က အဲလောက်မတော်ဘူး။

ချင်းလူမျိုးတွေထဲမှာ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ မီဇို၊ စသလို အမျိုးမျိုး ရှိတယ်။ သွားနုတ်နေရင်း၊ ဟေ့ ဒီလူနာ ဘာလူမျိုးလဲ။ ဆိုပါစို့ ဖလမ်း၊ အေ့း့ ကြည့်ကွ ဖလမ်းတွေက သိပ်သတ္တိကောင်းတာ ထုံဆေးနဲ့ဆို လုံးဝမနာဘူး။

မွေးလူနာတွေကိုလဲ သူတို့ အားပေးတာ ကိုယ်က အားမရဘူး။ လူနာရှင်တွေကလဲ ခရစ်ယန်လို ဆုတောင်းပေးတာသာ လုပ်ကြတယ်။ စောစောကပြောသလို လောကွတ်စကား နည်းကြတာကိုး။ လူနာတွေကလဲ မပြောတာကို ကိစ္စရှိပုံမရဘူး။ ကိုယ်တတ်တဲ့ စကားနဲ့ အေ့း့ ဗိုက်မနာခင် အသက်ဝအောင်ရှူထား၊ ပါးစပ်ဟရှူ၊ ရေသောက်ချင်သောက်၊ ဖျော်ရည် သောက်ချင်သောက်၊ ညီး ခဏနေရင် ကလေးအမေဖြစ်တော့မယ်။ အားပေးရတယ်။

တချို့တော့ ချိုသာစကား၊ ရီစရာစကား သဘောကျပါတယ်။ ခြေထောက်ပတ္တိးစီးပေးလိုက်ရသူကို ဘောလုံးမကန်နဲ့နော် ပြောလိုက်ရင် ပြုံးသွားတယ်။ နုတ်ပေးလိုက်တဲ့သွားကို အိပ်ရောက်ရင် ချက်စားပြောတော့ ဂွမ်းငုံထားရင် မချိတင်ကဲ ပြုံးလိမ့်မယ်။

ယားတာကို သူတို့စကားနဲ့ (အထပ်) လို့ ဆိုတာလောက်တော့ ဆရာဝန်သိပါတယ်။ တနေ့က (အထပ် မော) ယားသလား မေးတာ လူနာက တခါတလေအထပ်တဲ့ ဆရာဝန်ပါ ရီရရော။

Dr. တင့်ဆွေ
၂၅-၇-၂ဝ၁၁
Photo: 24-8-2012 Yamuna Clinic team taking care of a labor case

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...