Neem Seeds ချိုတာလို တမာကိုထပ်မစိုက်ပါနဲ့

တမာအကြောင်းလေးတွေ တိုက်ဆိုင်လို့ ရေးပြီးသားကို နည်းနည်းမွမ်းမံပြီး ပြန်တင်ပါရစေ။

နိုင်ငံတကာကသုံးသပ်သူတွေနဲ့ မြန်မာပြည်ရဲ့ ကနေ့ပစက္ခအပြောင်းအလဲတွေအပေါ် ကောက်ချက်ချတာတွေက မတူကြပါ။ နိုင်ငံတကာဆိုတာက ကျယ်ပြန့်လို သူတို့ကြားမှာလဲ ကွဲပြားတယ်။ အကျိုးစီးပွါးလဲ ခြားနားလို့ပါ။ မြန်မာနိုင်သားတွေထဲမှာ ကွဲလွဲတာက ရိုးရှင်းတယ်။ အဟောင်းသမားတွေက အဟောင်းကိုတသကြတယ်။ မဟောင်း-မသစ်တွေကလည်း အုပ်စိုးသူဘက်ကလိုက်ပါကြတယ်။ အဲတာမျိုးက ခေတ်တိုင်းမှာ ရှိတတ်တာပါ။ သခင်အားရလို့အထိ ကလိရင် ခံချင်ပါ့မလားမမေးနဲ့။ သူတို့ဟာ အပြုံးအရယ်မပျက်၊ အရှက်ဖက်နဲ့ ထုပ်ထားပြီးသူတွေဖြစ်တယ်။

အခုတခါ အရင်အုပ်စိုးသူဖက်လည်းမဟုတ်၊ အခုအုပ်စိုးသူလည်းမဟုတ်သူဆိုတာ ပေါ်လာတယ်။ ဘာတွေလည်း။ ဘယ်အစိုးရတက်တက် နိုင်ငံရေးလေ့လာသူ၊ နိုင်ငံရေးတက်ကြွသူ၊ မြန်မာ့ရေးရာကျွမ်းကျင်သူဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ လုပ်နေသူတွေလား။ အဲလိုမဟုတ်သူတွေကလည်း ပါသေးတာ။ ဘာတွေလည်း။

၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ လူရွယ်တွေ ပါးစပ်ဖျားမှာ အရွေ့ဆိုတဲ့စကားလုံးမပါရင် ခေတ်မမီဘူး အထင်ခံရမှာစိုးလို့လားမသိ၊ အတော်ပြောခဲ့ကြတယ်။ အတော်နားကလောခဲ့တယ်။ ရူပဗေဒဝေါဟာရနဲ့ အမှတ်တခုကနေ တခြားအမှတ်တခုကို ရွေ့သွားတာကို အရွေ့လို့ခေါ်တယ်။ အဲတာက ၁၉၆ဝ ကျော်ကတည်းက သိပ္ပံဘာသာရပ်တွေကို မြန်မာမှုပြုစဉ်ကတည်းက သုံးနေတာပါ။ အရွေ့ကို ခေတ်စကားလို့ ထင်နေကြပုံရတယ်။

ဇီဝဗေဒအရလဲ သက်ရှိလောကကြီးဟာ တည်မနေပါ။ အမြဲရွေ့နေ၊ ပြောင်းနေတယ်။ ဟောင်းကျေ၊ သေသွားပြီး၊ အသစ်တွေဖြစ်လာနေတယ်။ မြန်မာ့နိုင်ငံရေးကလဲ အဟောင်းနေရာမှာ အသစ်တွေဝင်လာနေတာ မရပ်မနားဖြစ်ပါတယ်။ မြန်မာပြည်ကအပြောင်းအလဲဟာ အရင်ငါးနှစ်မှာ ရုပ်ပြောင်းလဲခြင်းသာဖြစ်ပြီး၊ ဓါတ်ပြောင်းတာမဟုတ်ပါ။ အခုတော့ မျိုးစေ့ပါပြောင်းရမယ်။

တမာမျိုးကနေ အခါးသစ်၊ ငရုပ်မျိုးကနေ အစပ်သစ်သာဖြစ်လာနိုင်တယ်။ မျိုးရိုးဗီဇဆိုတာ ပြောင်းမရပါ။ ချိုတာလို တမာကိုထပ်မစိုက်ပါနဲ့။ မြန်မာပြည်သူတွေ ခါးသီးတဲ့ဘဝတွေက လွတ်မြောက်ကြပါစေ။ မလိုတမာတွေကို ပြောတာပါ။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး