To my brother ငါ့ညီပြောင်းဝင်း

U Thit Lwin စင်္ကာပူခေတ္တရောက် သူငယ်ချင်းမောင်ဝင်းသို့
အောင်ပင်လယ် ရေချိုခမ်းပြီ၊ မြနန္ဒာ နေညိုသမ်းပြီ။ ဟုတ်တယ်လေ နေညိုသမ်းမှတော့ မကြာခင်နေဝင်မယ်ဆိုတာ မင်းလဲသိ ငါလဲသိ။ ရေခမ်းမှတော့ ပတ်ကြားအက်ကတွေ့မှာဘဲ၊ နေညိုသမ်းမှတော့ နေဝင်တာကတွေ့မှာဘဲ။ ဘာဆန်းလဲ ဒီအသက်ဒီအရွယ်ရောက်မှတော့ ကောင်းလှပါပြီဆိုတဲ့သူလဲ အအိုကောင်း ဘဲဖြစ်မယ်။ အရွယ်အိုကြပြီလေ၊ နုပျိုတဲ့ အကောင်းတော့မဖြစ်နိုင်တော့ဘူး၊ ဗေဒင်မေးရင်အဆိုးတော့မယ်၊ ရောဂါစစ်ရင်အပြစ်တွေ့မယ်၊ စင်းလုံးချောတော့ မရနိုင်တော့ဘူးလေ၊ မင်းပိုသိပါတယ်။ ပြီးတော့ မင်းကလက်တွေ့သမား၊ DO IT NOW သမား၊ အဆိုးဆုံးကိုပြင်ဆင်ပြီး အကောင်းဆုံးကိုဖြစ်အောင်လုပ်တဲ့သူ။ အကောင်းဆုံးလဲဖြစ်ခဲ့သူ။ ခုလဲအကောင်းဆုံးဘဲဖြစ်မဲ့သူပါ။ နေဝင်ချိန်ရဲ့ တခြား တဖက်အကြောင်း တရားအကြောင်းကတော့ အဘိဓမ္မာဆရာကြီးများ ဦးကြည်ဝင်း၊ ဦးသန်းအေးတို့ပြောလိမ့်မယ်။ ငါကတော့ နေမဝင်ခင်ဒီမှာဘက်က အကြောင်းပြောချင်တယ်။ မင်းတို့ငါတို့ဖြတ်သန်းခဲ့ကြတဲ့ ဘဝခရီး လိပ်ပြာသန့် ခဲ့ကြတယ်။ မှတ်ကျောက်တင်ခံရဲကြတယ်။ ဒို့ကျောင်းသားတုန်းက ဖတ်ခဲ့ပြောခဲ့ကြတဲ့ ဗန်းမော်တင်အောင်ရဲ့စကား လူတယောက် ရဲ့တန်ဖိုးဟာ သူဖြတ်သန်းရတဲ့သမိုင်းက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ကို သူဘယ်လောက် ထမ်းဆောင်နိုင်သလဲ ဆိုတာနဲ့ တိုင်းတာရမယ်ဆိုတဲ့ တန်ဖိုးနဲ့တွက်ရင်မင်းရဲ့ အောင်မြင်မှု Indicator ဟာ ဘာလဲဆိုတာ ဒို့သူငယ်ချင်းတွေအကုန်သိကြတယ်။ ဘဝမှာအမြဲတမ်း ပေးရသူ၊ ပေးနိုင်တဲ့သူဖြစ်ခဲ့ပြီး တောင်းရတဲ့သူမဖြစ်ခဲ့ဘူးတဲ့မင်း ခုမင်းမတောင်းဘဲနဲ့မင်းရဲ့လိုအင်ဆန္ဒတွေပြည့်လာမှာပါ။ အေ့း့ နောက်ဆုံးနိဂုံးကိုလည်း ဗန်းမော်ကြီးစကားနဲ့ပဲ အဆုံးသတ်လိုက်မယ်။ ကျွန်တော်ကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ မန်းတောင်ရိပ်ခိုပြီး တုံးကျော်မသီချင်း ပျော်ပျော်ပါးပါးဆိုကြရအောင် လူစုထားမယ်။ (မင်းရဲ့ သစ်လွင်)

အဲတာက ကျွန်တော့်ညီတဝမ်းကွဲ၊ ပုလဲဆေးရုံမှာ အတူလုပ်ခဲ့သူ။ ဆေးကုဘို့ရာ စင်္ကာပူသွားရတာလို့ သူ့သူငယ်ချင်းကနေ ရေးတာပါ။ အခုပဲဖတ်ရတယ်။

ငါ့ညီ မောင်ဝင်း စင်္ကာပူဆင်း
မင်းရော ငါပါ၊ အကြိမ်များစွာ ခွဲစိတ်လာခဲ့ကြတာ၊ ဂျီ-ဂျေ နည်းဟာ ဘာခက်တာမှတ်လို့၊
တို့ညီအကို သီချင်းတဆိုဆိုနဲ့ ပုလဲလိုနေရာမှာ ဖိတ်စင်တာမရှိ၊ တို့သိကြတာ လူနာ့ရောဂါ၊
မင်းဆိုတာ မြနန္ဒာနေညိုသမ်း၊ အောင်ပင်လယ်ရေချိုခမ်း၊ လွမ်းစရာလို့ မအောင့်မေ့၊
တနေ့မှာ ခွဲလူနာ ဘယ်လောက်လာလာ၊ မင်းနဲ့ငါ ဗမာဆေးနဲ့ကွမ်းယာပါ မမောကြဘူးလေကွာ၊
ခုနေမှာ ကွမ်းယာမလို ဆေးပေါ့လိပ်တိုမလို၊ မင်း သီချင်းဆို၊ မင့်အကို စာဆို၊
တို့ကို ကြိုနေသူတွေနဲ့ ပြန်ဆုံဘို့သာလို၊ နေညိုတာ နေဝင်တာမဟုတ်လို့ ငါပြောလို။

(ဂျီ-ဂျေ = အစာအိမ်နဲ့ အူသိမ် ဖြတ်ဆက် ခွဲစိတ်ကုသနည်း)

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၆
ဓါတ်ပုံ = ၁၉၈၈ မတိုင်မီက ပုလဲမြို့နယ် ဝက်ကျတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန် ဒေါက်တာမောင်ဝင်းနဲ့ မြို့နယ်ဆရာဝန် ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး