Sri Lanka သီရိလင်္ကာ

သတင်း = ဒေါ်အောင်ဆန်းစုကြည်နှင့် သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌတို့တွေ့ဆုံ

သီရိလင်္ကာကို အရင်က Ceylon သီဟိုဠ်လို့ခေါ်ခဲ့ကြပါတယ်။ ဇာတ်တော်တွေ၊ သာသနာ့သမိုင်း၊ နိုင်ငံ့သမိုင်းတွေထဲမှာ အထင်ကရပါနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မောင့်ဘက်တန်တို့ စာချုပ်တဲ့ ကန္ဒီစာချုပ်ကလည်း သမိုင်းတွင်ပါတယ်။ Kandy ကန္ဒီမြို့မှာ ဗုဒ္ဓစွယ်တော်စေတီတော်ရှိတယ်။ လွတ်လပ်ရေးရကာစကတည်းက ကိုလံဘိုစီမံကိန်းကို သိကြတယ်။

သီရိလင်္ကာက ဗုဒ္ဓစာပေအနှစ်ဖြစ်တဲ့ ပိဋကတ်သုံးပုံ မွန်ဘုရင်စိုးစံရာ သထုံမြို့ဆီရောက်လာခဲ့ရာကနေ မြန်မာပြည်မှာ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကာလာနိုင်တာဖြစ်ပါတယ်။ ဘီစီ (၂၉) မှာ စတုတ္တသင်္ဂါယနာတင်ပြီး ပြုစုထားတာဖြစ်တယ်။ ရာမယနလင်္ကာရှည်ထဲမှာလည်းရည်ညွန်းချက်တွေပါတယ်။ ပါဠိလိုရေးထားတဲ့ မဟာဝံသထဲမှာလည်းပါတယ်။ ဘင်္ဂလားကနေထွက်ပြေးခဲ့ရတဲ့ Vijaya ဝိဇယမင်းသား ရောက်လာချိန်ကစတင်တယ်လို့ ယုံကြည်ကြတယ်။ မြန်မာ ခေတ်ဟောင်းရာဇဝင်နဲ့လည်း ဆက်စပ်နေတယ်။

အဲဒီကျွန်းနိုင်ငံမှာ အဓိက (ဆင်ဟာလိစ်) လူမျိုးတွေနဲ့ မြောက်ပိုင်းက အိန္ဒိယနဲ့ကပ်နေတဲ့နေရာမှာ တမီးလ် လူမျိုးတွေ နေကြတယ်။ SAARC ခေါ် တောင်အာရှနိုင်များအသင်းဝင်နိုင်ငံဖြစ်တယ်။ LTTE ခေါ် တမီးလ်ကျား လက်နက်ကိုင် အဖွဲ့ကို ၂ဝဝ၉ မှာ အပြတ်နှိမ်နင်းလိုက်တယ်။

မြန်မာ့ဒီမိုကရေစီရေး ပြည်ပကနေကြိုးပမ်းခဲ့ရစဉ်ကာလအတွင်းမှာ သီရိလင်္ကာကို ကျွန်တော်သုံးခေါက်ရောက်ပါတယ်။ သဘောကျတယ်။ ယဉ်ကျေးမှုချင်းဆက်စပ်လို့ရော လူတွေနဲ့ဆက်ဆံရတာနဲ့ စားသောက်နေထိုင်ရတာတွေကလည်း နီးစပ်ပါတယ်။ အဲဒီကနေ ဒေလီကိုပြန်တိုင်း ကိုလံဘိုဈေးကြီးက ပင်လယ်ငါးခြောက်တွေ နိုင်သလောက်ဝယ်ခဲ့ပါတယ်။ သူတို့ဆီကနဲ့ (မောလ်ဒိဖ်) နိုင်ငံကထွက်တာတွေဖြစ်တယ်။

မြန်မာဘုန်းတော်ကြီးတွေ ပညာသင်နေတဲ့ကျောင်းကိုလည်းရောက်တယ်။ Bakhtiyar Khilji ကနေဖျက်ဆီးပြစ်တာ ခံလိုက်ရတဲ့ အိန္ဒိယမှာထင်ရှားခဲ့တဲ့ Nalanda နာလန္ဒာတက္ကသိုလ်မှာ သီရိလင်္ကာသံဃာတော်တွေ စာသွားသင်ကြတယ်။ ဘီစီ ၂၄၅ မှာ ဘိက္ခု Sangamitta ကနေ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိညောင်ပင်မျိုး ပင့်ဆောင်လာခဲ့တယ်။ ကမ္ဘာပေါ်မှာ လူစိုက်ပျိုးသမျှ သစ်ပင်တွေထဲမှာ သမိုင်းဝင်တဲ့ သက်တမ်းအရှည်ဆုံး ဖြစ်တယ်။ ကနေ့အထိရှိတယ်။ ကျွန်တော် နှစ်ခေါက်ရောက်ပါတယ်။ ကနေ့ ဗုဒ္ဓဂယာက ဗောဓိညောင်ပင်က သီရိလင်္ကာကနေ တခါပြန်ယူစိုက်ထားရတာဖြစ်တယ်။

၁၉၉ဝ မှာ အမတ်အဖြစ်အရွေးခံရပြီး မြန်မာပြည်ကလွှတ်တော်ကို တက်ခွင့်မရပေမယ့် သီရိလင်္ကာပါလီမန်ကိုတော့ ရောက်ခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၅-၂ဝ၁၆
Photo: Temple of the Tooth, Kandy, Sri Lanka သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့က ဗုဒ္ဓစွယ်တော်စေတီတော်

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး