Buddha Day ကဆုန်လပြည့် ဗုဒ္ဓနေ့
ဒီနှစ် မေလ (၂၁) ရက်မှာကျရောက်တဲ့ ကဆုန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ နေ့ထူးနေ့မြတ်ဖြစ်လို့ (ဆု၊ ဖွား၊ ပွင့်၊ စံ) လို့ မှတ်သားထားကြတယ်။
ဆု = ဂေါတမဗုဒ္ဓအလောင်းဟာ သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာဗုဒ္ဓခြေတော်ရင်းမှာ ဆုပန်ခဲ့တယ်။
ဖွား = ဘုရားလောင်းဟာ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့၊ လုမ္ဗိနီအင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့တယ်။
ပွင့် = ဘုရားလောင်းဟာ မဟာသက္ကရာဇ် ၁ဝ၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့မှာ သဗ္ဗညုဗုဒ္ဓအဖြစ်ရောက်တော်မူခဲ့တယ်။
စံ = ဂေါတမဗုဒ္ဓဟာ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့မှာ ကုသိနာရုံဥယျာဉ်တော်မှာ ပရိနိဗ္ဗာန်စံတော် မူခဲ့တယ်။
ကဆုန်လကို ပါဠိလို Vesākha ဝိသာခါလို့ခေါ်တယ်။ (ဆန်းစခရစ်) သင်္သကရိုက် (သက္ကတ) လို Vaiśākha ခေါ်တယ်။ ကဆုန်လဘွဲ့ကို ဖိုးသူတော်ဦးမင်းက စပ်ဆိုထားပါတယ်။ စကားဝါငုံသင်းလို့ ကြယ်မင်းတဲ့ ဝိသာခါ၊ တိမ်ဗွေမှာ ရောင်ခြည်ရွှမ်း၊ ထွန်းတဲ့ချိန်ခါ၊ စုံကန္တာဟေမာမြိုင်ထဲ၊ ရွှေကျေးပျံသင်လို့၊ စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊ မြူးကြစမြဲ။
ကဆုန်လပြည့်နေ့ကို အင်္ဂလိပ်လို Buddha Purnima နဲ့ Buddha Day လို့ခေါ်တယ်။ ၁၉၅ဝ က သီရိလင်္ကာမှာကျင်းပတဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကနေ ဗုဒ္ဓနေ့အဖြစ်သတ်မှတ်ခဲ့တယ်။ မြန်မာနိုင်ငံ၊ အိန္ဒိယ၊ တရုပ်၊ နီပေါ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ လာအိုနဲ့ စင်္ကာပူနိုင်ငံတွေမှာ ၂၁-၅-၂ဝ၁၆ နေ့မှာ ဗုဒ္ဓနေ့အဖြစ် ကျင်းပမှာဖြစ်ပြီး ထိုင်းမှာတော့ ၂ဝ-၅-၂ဝ၁၆ နေ့မှာကျင်းပမယ်။
၁၉၅၄ ခုနှစ် ရန်ကုန်မှာကျင်းပတဲ့ကွန်ဖရင့်၊ ၁၉၅၆ နီပေါမှာကျင်းပတဲ့ကွန်ဖရင့်၊ ၁၉၆၁ ဖနွမ်းပင်မှာ ကျင်းပတဲ့ကွန်ဖရင့်၊ ၁၉၇၆ ထိုင်းမှာကျင်းပတဲ့ကွန်ဖရင့်တွေကနေ ဗုဒ္ဓနေ့သတ်မှတ်မှုကို ခိုင်မာစေခဲ့တယ်။ ကုလသမဂ္ဂကနေ ၁၃-၁၂-၁၉၉၉ နေ့အစည်းအဝေးဆုံးဖြတ်ချက်အမှတ် ၁၇၄ နဲ့ Vesak Universal Holiday လို့သတ်မှတ်ပေးခဲ့တယ်။ Wesak လို့လည်း ရေးတာတွေ့ရတယ်။
လယ်တီဆရာတော်ကြီးရေးသားခဲ့တဲ့ လင်္ကာတချို့ကို အခုထိအလွတ်ရပါသေးတယ်။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ။ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။
ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၆

Comments
Post a Comment