How much to reveal ဘယ်အထိဖေါ်မလည်း

ကျွန်တော့်ပို့စ်တခု One-Sided Arguments မဟာအမှားကြီးကိုတင်တော့ ကွန်မင့်အများဆုံးရေးလာကြတယ်။ ကျေးဇူးတင်ပါတယ်။ ပြန်ပြီးလိုက်ခ်လုပ်ရတာတောင် မနိုင်သေးပါ။ ရှင်းလင်းချက်လေးတော့ ရေးဘို့လိုတယ်ထင်လို့ ခပ်တိုတိုရေးပါရစေ။

စင်္ကာပူဖိုရမ် ၂ဝ၁၆ တခုလုံးကို မကောင်းပြောတာ မဟုတ်ပါ။ (ပင်နယ်လစ်) တွေပြောသမျှကို ကန့်ကွက်တာလည်း မဟုတ်ပါ။ မီဒီယာတို့ထုံးစံအတိုင်း စကားပြောတာတွေထဲက အမြီးခေါင်းဖြတ်တင်တတ်တာလည်း သိပါတယ်။ ဥပမာ (ဦး) ကိုကိုကြီးပြောတဲ့ စကားတခုကို ဟာသနှောတာလို့သာမြင်ပါတယ်။ ကျွန်တော်က စကားပြောရာမှာ Sense of humor ရှိတာကို သဘောကျပါတယ်။

သူများနိုင်ငံမှာ ကိုယ့်တိုင်းပြည်အကြောင်းသွားပြောတာတွေ၊ မီဒီယာမှာ အင်္ဂလိပ်လိုဖြေတာတွေ၊ အင်္ဂလိပ်လို ဆောင်းပါးတွေကို ယေဘုယျခြုံကြည့်ပြီး သဘောမတွေ့တာကို (စိတ်တိုတိုနဲ့လို့ ဝန်ခံပါတယ်) ပို့စ်တင်လိုက်တာပါ။ ကျွန်တော်လည်း အဲဒီအလုပ်တွေအားလုံးကုန် နှစ်ပေါင်းမနည်းမနောလုပ်ခဲ့သူဖြစ်လို့ ကောက်ချက်ချတာက ခပ်ပေါ့ပေါ့တော့ မဟုတ်ပါ။ စစ်အစိုးရတွေလက်ထက်မှာ (အစ်ရှူး) တိုင်းကို အချက်နဲ့အလက်နဲ့ ထောက်ပြခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးဂုဏ်ကိုတော့ မထိပါးစေရပါ။

အခုအစိုးရသစ်အကြောင်းပြောကြသူတွေ ဒေါ်စုကို ဖူးဖူးမှုတ်ဘို့မလိုပါ။ ပျက်နေ လွဲနေ မှားနေတာတွေက အနမတဂ္ဂ များလှတာကိုတော့ မသိချင်ယောင်မဆောင်သင့်ကြပါ။ နာတာရှည် ကျိုးပဲ့ရွဲ့နေတဲ့ လူနာတယောက် အထူးကု ဆေးရုံကြီးရောက်တာနဲ့ ဗြုံးစားကြီးမကောင်းလို့ ဆရာဝန်တွေကိုအပြစ်အမြင်သင့်သလိုပေါ့။

ပညာရှင်၊ ပညာတတ်တွေ မြန်မာပြည်နိုင်ငံရေးကိုသုံးသပ်တာ အတော်များများနဲ့ ကျွန်တော်က သဘောမတူခဲ့ပါ။ သူတို့က အများအားဖြင့် သီအိုရီတွေ၊ လေ့လာဆန်းစစ်မှုတွေကိုးကားပြီး ကိုယ်ပိုင်ကောက်ချက်ဆွဲကြတယ်။ စနစ်ကျပါတယ်။ ဒါပေမယ့် ကျွန်တော်က နိုင်ငံရေးလို ပိုကြည့်တယ်။ အချက်အလက်လည်း မလွတ်စေရပါ။ မှန်းဆပြောရတာချင်းအတူတူ ခံရသူတွေဖက်က နေချင်တယ်။ ဖြစ်မလာလောက်တာကိုလည်း အများပြည်သူ အားပျက်မှာဆို ကိုယ်ကစမပြောပဲ၊ မေးလာမှသာ ပြောချင်တယ်။

တိုင်းတပါးသားတွေရှေ့ ကိုယ်ပေါင်ကိုလှန်ထောင်းကြတာမှာ ပေါင်ရင်းအထိ မရောက်သင့်ကြပါခင်ဗျား။ (ကန်တော့ပါ။)

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး