Foreign Policy နိုင်ငံခြားရေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဗမာပြည်ကိုလာမှာအတွက် VOA ကမေးလို့ ဖြေရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတယောက်ရဲ့ ခရီးတိုင်းဟာ သူ့နိုင်ငံခြားရေးမဟာဗျူဟာအရသာသွားတယ်။ နည်းဗျူဟာအရလည်း ပါမယ်။ မြန်မာပြည်လိုနိုင်ငံလေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေလာတာ အကြိမ်စိပ်တယ်။ အဲတာဟာ အိုဘားမားရဲ့ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဆိုင်ရာပေါ်လစီကို ဆက်လုပ်နေတာဖြစ်တယ်။

တိုက်ဆိုင်မှုတွေရှိတယ်။ မြန်မာသမတနဲ့ ရုရှားသမတတွေ့ဆုံတာ၊ ရုရှား-မြန်မာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုသတင်းနဲ့။ အမေရိကန်ဒဏ်ခတ်အရေးယူမှု သက်တမ်းတိုးလိုက်တာတွေနောက်မှာ ဆက်ဖြစ်လာတဲ့ခရီးစဉ်ဖြစ်တယ်။

အခုမြင်အခုကောက်ချက်ချတတ်သူတွေအတွက် ဒီခရီးစဉ်သတင်းကနေ ပညာရစေပါမယ်။ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်တော့ တခါတည်း မြန်မာအစိုးရသစ်က ရုရှားလူဖြစ်သွားသလိုလို၊ အမေရိကန်သံအမတ်ကြီးက နာမည်တခု ပြောလိုက်တာနဲ့ အမေရိကန်နဲ့ အခြေအနေမဟန်တော့သလိုလို ပြောချလိုက်ကြသူတွေ ဂျွန်ကယ်ရီ လာတော့ တမျိုးပြန်ပြောကောင်းပြောကြအုန်းမယ်။

အစိုးရသစ်လက်ထက်မှာ အခြေခံနိုင်ငံခြားရေးပေါ်လစီက ဘန်ဒေါင်းမူပါပဲ။ ဦးနု၊ ဗခက နေဝင်း၊ ဗကမခ စောမောင်၊ ဗခမက သန်းရွှေနဲ့ ဦးသိန်းစိန်တို့ကလည်း ဘက်မလိုက်မူပဲစွဲကိုင်ခဲ့ကြတယ်။ အခုကော ဘာကွာမလည်း။ စစ်အစိုးရလက်ထက်မှာ ဘာကွာခဲ့သလည်းကိုသိမှသာ အခုကွာမှာကိုသိပါမယ်။

စစ်အစိုးရလက်ထက်မှာ တရုပ်တနိုင်ငံတည်းကိုသာအားကိုးခဲ့လို့ နောက်ဆုံးမှာ စုံးစုံးမြုပ်ကာနီးမှ ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလွှတ်ပေး၊ ကလေးစစ်သားတွေပြန်ပို့၊ ရွေးကောက်ပွဲလုပ်၊ ယူနီဖေါင်းချက်ချင်းချွတ်ပြီး သမတသစ်တက်၊ ဒေါ်လာ (၈) သိန်းအကုန်ခံပြီး အမေရိကန်အစိုးရကို လော်ဘီလုပ်၊ စတာတွေနဲ့ ချိန်ခွန်လျှာညှိဘို့ ကြိုးစားလာတယ်။

တရုပ်ကိုအားကိုးခဲ့တာက ဦးနေဝင်းကတည်းကစတာပါ။ အဲလို တရုပ်ခြေဖဝါးအောက်ရောက်တာကို မြန်မာစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်က နားလည်လို့သာ အဲလိုအပြောင်းအလဲကို စခဲ့တာပါ။ NLD နဲ့ တပ်မတော် ဆက်ဆံရေးက ထင်တာထက်ကောင်းတာမှာ ဒါကအချက်တချက်ဖြစ်တယ်။ ဒါလေးနဲ့ မရသေးတာလည်း လက်ရှိ တပ်မတော်ခေါင်းဆောင်တွေက နားလည်ကြတယ်လို့ယူဆပါတယ်။

အမေရိကန်ဖက်ကတွက်ရင် တိုင်းရင်းသားအရေးနဲ့ နာမည်အခေါ်ပြဿနာကိုပါ လူသိရှင်ကြားပြောပါလိမ့်မယ်။ စားပွဲဝိုင်းမှာတော့ တရုပ်အပြင် မြောက်ကိုရီးယားလည်းပါအုန်းမယ်။

စောင်းနေတာတွေကိုတည့်၊ မှားနေတာတွေကိုပြင်ရတာ အတော်တော့မလွယ်ပါ။ နိုင်ငံခြားဆက်ဆံရေးမှာ အမှားကြီး မှားခဲ့တာကို ပြန်ပြင်ရတာက အိမ်ထောင်မှုဘုရားတည်တာထက် ခက်တယ်။ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့ ဦးသီဟန် အရပ်သားကို နိုင်ငံခြားရေးပေးခဲ့တယ်။ ဒိနောက်မှာ နိုင်ငံခြားရေးဝန်ကြီးတိုင်းဟာ နိုင်ငံတကာလှည့်ပြီး ညာပြော၊ ဖါထေးတဲ့အလုပ်သာလုပ်ကြရတယ်။ NLD အစိုးရကတော့ ရုရှား၊ တရုပ်၊ အမေရိကန် သုံးနိုင်ငံကို မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါးအရကိုသာကြည့်ပြီး ဆက်ဆံရေးထူထောင်နေတာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး