Tuesday, May 31, 2016

Cytomegalovirus (CMV) ဗိုင်းရပ်စ်

ဆရာ ရိုသေလေးစားစွာစာရေးအပ်ပါသည်။ ကျမရဲ့တူကလေး အသက်က (၈) လ ခဏခဏဖျားနေလို့ မန္တလးကုတင် ၅၅ဝ ဆေးရုံမှာတက်လိုက်တော့ ဆီး သွေး သလိပ် အကုန်စစ်လိုက်တာ အောက်ကပုံအတိုင်း အဖြေထွက်လာပါတယ်ဆရာ။ CMV Weakly Reactive ဆိုတော့လည်း သိပ်စိုးရိမ်စရာမလိုဘူး လို့ပြောပါတယ်ရှင့်။ ဆရာဝန်က ကုတဲ့ဆေးမပေါ်သေးဘူးလို့လဲပြောတယ်။ မိခင်ဝမ်းတွင်းကတည်းက ပါလာတဲ့ရောဂါလို့ပြောပါတယ်။  ရောဂါပြင်းလာရင် မျက်လုံးတွေစွေသွား ခေါင်းတွေကျုံ့သွားတယ်လို့လည်းပြောတော့ အရမ်းစိုးရိမ်မိပါတယ်ဆရာ။ ကုလို့ရတဲ့ရောဂါလားဆရာ။ ဘာတွေ ဆောင်ရမယ် ရှောင်ရမယ် လမ်းညွှန်ပေးပါဦးဆရာ။

Herpesvirus group အုပ်စုဝင်ဗိုင်းရပ်စ်ပိုဖြစ်တယ်။ herpes simplex virus ရေယုံ၊ varicella-zoster virus (chickenpox) ရေကျောက်နဲ့ Epstein-Barr virus (infectious mononucleosis) ဗိုင်းရပ်စ်တွေနဲ့ အုပ်စုတူတယ်။ ပိုးရှိနေသူရဲ့ ဆီး၊ သွေး၊ တံတွေး၊ သလိပ်၊ နို့ရည်ထဲမှာပါနေနိုင်တယ်။ အတူနေသူတွေကို ကူးစက်နိုင်တယ်။ လိင်လမ်းကနေလည်းကူးတယ်။ သွေးကနေကူးတာအလွန်ရှားတယ်။ ကူးစက်မြန်ရောဂါတော့ မဟုတ်ပါ။ အဲလိုကလေးကိုပြုစုရသူ လက်ကိုခဏခဏဆေးရမယ်။ ရိုးရိုးဆပ်ပြာနဲ့ရေသုံးရင်ရတယ်။

အသက် ၄ဝ အရွယ်တွေ ၅ဝ-၈၅% ဒီပိုးရှိကြတယ်။ ကလေးတွေ မွေးကာစမှာကူးစက်ခံရတတ်တယ်။ နာတာရှည်အဖျားနဲ့ အသည်းနည်းနည်းရောင်တာဖြစ်မယ်။ ဒီဗိုင်းရပ်စ်ကူးစက်ခံရရင် တသက်လုံးသူ့ကိုယ်ထဲမှာရှိနေမယ်။ ဆောရီး။ ခုခံအားနည်းချိန်မှာ ရောဂါပြန်ပြန်ထတယ်။ ဥပမာ ကင်ဆာဆေး၊ ခုခံအားကျဆေး။

ကိုယ်ဝန်ဆောင်နေတုန်းမိခင်ကိုကူးရင် အထဲကကလေးဆီရောက်လာနိုင်တယ်။ ကလေးမှာ ကိုယ်အလေးချိန်နည်းမယ်။ အသည်းကြီးနေမယ်။ ဘေလုံးကြီးနေမယ်။ အသားဝါမယ်။ မွေးစကလေးဆိုရင် ဆံပင်ပါးနေမယ်။ မျက်စိမူမမှန်ဖြစ်မယ်။ စိတ်မူမမှန်ဖြစ်မယ်။ ခေါင်းသေးမယ်။ တက်မယ်။

တချို့ ကလေးနည်းနည်းကြီးလာမှဖြစ်မယ်။ ကိုယ်ပူမယ်။ ဝမ်းပျက်မယ်။ နူမိုးနီးယားဖြစ်မယ်။ အစာလမ်းအနာဖြစ်မယ်။ အသည်းရောင်မယ်။ ဦးနှောက်ရောင်မယ်။ အမူအယာပြောင်းမယ်။ တက်မယ်။ သတိလစ်မယ်။ မျက်စိထိခိုက်မယ်။ ဆိုးဆိုးဝါးဝါးနဲ့ သေဆုံးတဲ့အထိဖြစ်နိုင်တယ်။ ဆောရီး။

ကလေးကြီးလာချိန်မှာ နောက်ဆက်တွဲဖြစ်တာတွေ သတိထားရမယ်။ ဖြစ်နိုင်တာတွေက မတူကြပါ။ CMV mononucleosis မိုနိုနယူကလီယိုးဆစ်၊ Intestinal complications အူ၊ Liver complications အသည်း၊ Nervous system complications အာရုံကြောစနစ်၊ Lung complications အဆုပ်။

ဗိုင်းရပ်စ်ကိုသေစေတဲ့ဆေးမရှိပါ။ ဆောရီး။ ကုသနည်းလည်းသတ်သတ်မှတ်မှတ်မရှိပါ။ နုမိုးနီးယားဝင်လာရင်တော့ ပိုးသေဆေးစတာလိုမယ်။ တချို့ကို ဗိုင်းရပ်စ်ဆေးပေးတယ်။ အဲလိုဆေးက ဗိုင်းရပ်စ်တွေ မပွါးများအောင်သာ လုပ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်း...