Transgender လိင်ပြောင်းခွဲစိတ်မှုနဲ့ ကိုယ်ဝန်

မင်္ဂလာပါဆရာ။ ဒီနေ့ သတင်းတပုဒ်ဖတ်မိလို့ အမျိုးသားလိင်အင်္ဂါကနေ အမျိုးသမီးလိင်အင်္ဂါကို ပြောင်းလဲ ခွဲစိတ်ထားသူတွေက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနိုင်ကြလားလို့ သိချင်မိလို့ပါ။

လူ၊ နွား၊ ခွေး၊ ဆိတ်၊ သိုး၊ ကြောင်၊ ဝေလငါးစတဲ့ နို့တိုက်သတ္တဝါတွေတိုင်း အထီးတွေမှာ ကိုယ်ဝန်မဆောင်ပါ။ ကနေ့ခေတ်မှာ တီထွင်မှုလုပ်တာက နယ်ပယ်အကုန်မှာ အစုံလုပ်နေတယ်။ မွေးရာပါကနေ လိင်ပြောင်းပေးပြီး အတူနေကြတာကတော့ မဆန်းလှပါ။ ကိုယ်ဝန်ပါရစေအောင်အထိ စိတ်ကူးတွေရှိတာလည်း အမှန်ပါ။

Cisgender ဆိုတာ ကိုယ့်မွေးရာပါလိင် (ကျားဖြစ်မှု၊ မဖြစ်မှု) အတိုင်းသာ ကျေနပ်လက်ခံသူကိုခေါ်တယ်။ Transgender က အဲတာနဲ့ပြောင်းပြန်။ ၂ မျိုးရှိတယ်။ Trans woman လိင်ပြောင်းအမျိုးသမီးဆိုတာ မွေးတုန်းကယောက်ျားဖြစ်သူကို ခွဲစိတ်ပြုပြင်လို့ မိန်းမဖြစ်လာတာကိုခေါ်တယ်။ သူမွေးစဉ်ကခန္ဓာဗေဒမှာ မိန်းတွေလို မျိုးပွါးလမ်းမှာပါရမယ့် အင်္ဂါအစိတ်တွေပါမလာခဲ့ပါ။ Trans men ဆိုတာ မွေးတုန်းက မိန်ကလေး၊ နောက်မှ ခွဲစိတ်ပြုပြင်ပြီး ယောက်ျား ဖြစ်လာသူကိုခေါ်တယ်။ သူ့ကိုလည်း ကိုယ်ဝန်ရအောင် စဉ်းစားနိုင်တယ်။ အဲတာမျိုးက သားအိမ်နဲ့ မျိုးဥအိမ်တွေ ရှိမှသာမယ်။ ဟော်မုန်းပေးရတာတော့ မခက်ပါ။ လုပ်ပြန်ရင်လည်း လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အနှုတ်သဘော သက်ရောက်မှုတွေက များမယ်။

ကနေ့အထိတော့ Uterus transplant သားအိမ်အစားထိုးမှု အောင်မြင်တာရယ်လို့ မရှိသေးပါ။ သီအိုရီအရတော့ရှိတယ်။ ဒါပေမယ့်အခုထိတော့ အန္တရာယ်များလွန်းလို့ လက်တည့်မစမ်းသေးပါ။ IVF ပြင်ပသန္ဓေတည်နည်းကိုတီထွင်ခဲ့သူ Robert Winston ဒေါက်တာ ရောဘတ် ဝင်စတွန်ကတော့ Embryo implantation သန္ဓေကို ယောက်ျားဝမ်းဗိုက်ထဲ ထည့်ပေးနည်းနဲ့ ဖြစ်နိုင်စရာရှိတယ်လို့ဆိုပါတယ်။ အချင်းကို အူတွေမှာ ကပ်ပေးရလိမ့်မယ်။ မွေးရင်လည်းခွဲမွေးရမယ်။ လူကြီးရော ကလေးမှာပါ အသက်ဆုံးနိုင်တဲ့အထိ အန္တရာယ်များတယ်။

၁၉၉၉ တုံးက Matt Rice ခေါ် Trans men လိင်ပြောင်းထားသူ Patrick Califia နဲအတူနေပြီး Blake ခေါ်တဲ့ ကလေးကို မွေးခဲ့တယ်။ အဲလို မိန်းမကနေယောက်ျားဖြစ်အောင်ပြောင်းထားသူ Thomas Beatie မှာ မိန်းမယူထားပေမယ့် သူ့မိန်းမ Nancy က ကလေးမွေးပေးနိုင်သူမဟုတ်လို့ သူကပဲကိုယ်ဝန်ဆောင်ခဲ့တယ်။ ကလေး ၃ ယောက်မွေးထားတယ်။ Cryogenic donated sperm အေးခဲထားတဲ့သုက်ပိုးကို ဆေးထိုးအပ်နဲ့ ထည့်သွင်းပေးနည်းသုံးတယ်။ ၂၈-၁၂-၂ဝ၁၁ နေ့ကလည်း ယောက်ျားအဖြစ်ပြောင်းထားသူ အစ္စရေးလူမျိုးတယောက်ကနေ ကလေးတယောက်မွေးခဲ့တယ်။

ယောက်ျားကနေ မိန်းမအဖြစ်ပြောင်းပေးဘို့ဆိုတာ ဗဂျိုင်းနားအတုတခုထည့်ပေးရမယ်။ သားအိမ်အစားထိုးဘို့က နေရာရှိရမို့ တင်ပါးဆုံအဝင်ကိုချဲ့ပေးရမယ်။ ခွဲစိတ်တာတွေကျက်အောင် တနှစ်စောင့်ရမယ်။ အဲတော့မှ သားအိမ် အစားထိုးရမယ်။ ယူအက်စ်အေမှာအဲတာခွဲဘို့ (၉) နာရီကြာတယ်။ သူ့မှာ အေးခဲနည်းနဲ့ သိုလှောင်သိမ်းဆည်းထားတဲ့ သုက်ပိုးရှိနေခဲ့ရင် အလှူခံလို့ရတဲ့မ မျိုးဥနဲ့မျိုးစပ်ပြီး ဓါတ်ခွဲခန်းထဲမှာ သန္ဓေဖြစ်အောင်လုပ်နိုင်တယ်။ အဲတာဆို သူ့မျိုးဗီဇရမယ်။ ပြီးရင် သားအိမ်ထဲထည့်ပေးရမယ်။ ကိုယ်ဝန်မြဲအောင် ဟော်မုန်းဆေးတွေ စီကာစဉ်ကာပေးရမယ်။ သားအိမ်အစားထိုးထားသူကို သူ့ကိုယ်ပိုင်မဟုတ်တာထည့်ထားတာမို့ ကိုယ်ခန္ဓာကနေ တွန်းထုတ်တာ ခံနိုင်အောင် ခုခံအားကျဆေးတွေလည်းပေးရမယ်။ အဲတာကြောင့် အစားထိုးထားတဲ့သားအိမ်ကို နောက်မှာ ပြန်ထုတ်ရတယ်။

နောက်ဆုံးသတင်းတခုကတော့ ၇-၃-၂ဝ၁၆ နေ့ကလာတယ်။ Chastity Bowick ခေါ်တဲ့ အသက် (၃ဝ) အရွယ်  မိန်းမ အဖြစ်ပြောင်းထားသူကနေ ကိုယ်ဝန်ဆောင်နိုင်ဘို့မျှော်မှန်းထားပါတဲ့။ အကြီးစားခွဲစိတ်မှုတွေတော့ တသီကြီး လုပ်ရမှာလည်း သိပါတယ်လို့ဆိုပါတယ်။ သူက အသက် ၁၉ နှစ်ကတည်းက ယောက်ျားအဖြစ်ကနေ မိန်းမအဖြစ် ပြောင်းထားသူဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး