Monks’ relative ဘုန်းကြီးမျိုး

ဘုန်းကြီးမျိုးလို့ အခုမှပဲ လူသိအောင်ပြောနိုင်ပါတယ်။ အရင်ကဆိုရင် အမျိုးအရင်းတွေ၊ ဝမ်းကွဲတွေမပြောနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုပါ အမျိုးတော်တယ်၊ သိတယ်၊ ခင်မင်တယ်လို့ ပြောမဖြစ်ခဲ့ပါ။ သူတို့လုံခြုံမှုအတွက် ကိုယ်ဖက်က လျို့ဝှက်ထားရတယ်။

ကနေ့ ကမ္ဘာအေး သာသနာ့ကုန်းမြေမှာ ဒေါ်အောင်ဆန်းစုကြည်ကနေ နိုင်ငံတော်သံဃာနာယကအဖွဲ့ရဲ့ သြဝါဒကို ခံယူတဲ့သတင်းကို ဖျတ်ကနည်းတော့တွေ့တယ်၊ သတိထားမကြည့်ဖြစ်ပါ။ အခုလေးတင် အမျိုးထဲကတယောက်နေ ဓါတ်ပုံကြည့်ပါအုန်းဆိုလို့ သြဝါဒပေးတဲ့ဆရာတော်က ကျွန်တော့်ဦးလေးအရင်း (အဖေ့ညီအရင်း) ဖြစ်နေတာကို တွေ့ပါတယ်။

သံဃာနာယကအဖွဲ့ဆိုတာနဲ့ ပြောစရာရှိသူတွေက ပြောမှာလည်းသိပါတယ်။ အပြောခံရတာနဲ့ ငါနဲ့အမျိုးမတော်ဖူးလို့ ဘယ်တော့မှ မပြောပါ။ ဗိုလ်ချုပ်ကျော်ဆန်းနဲ့ နှစ်ဝမ်းကွဲတော်တာကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရေးခဲ့ပါတယ်။ ကျွန်တော့အမေဟာ ဦးကောင်းလိမ်ထုတ်မင်းဆက်ပြုတ်လို့ သမုတ်ခံရတဲ့ ကင်းဝန်မင်းကြီးဦးကောင်းရဲ့မြေးလို့ပြောဖြစ်တာ ၃-၄ နှစ်လောက်ကြာပါပြီ။ အမျိုးဆိုတာ ဆိုးမွေ၊ ကောင်းမွေအကုန်ခံကြရတာပါ။

ကျွန်တော် ဆေးကျောင်းစတက်တော့ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ဆရာတော် ဦးသြဘာသရဲ့ ဆင်မင်းကျောင်းမှာ တနှစ်နေခဲ့ပါတယ်။ အဲတာတော့ အခုမှထုတ်ပြောဖြစ်တာပါ။ ကျွန်တော့်ဦးလေးဘုန်းကြီးက ဒေါ်စုကို သြဝါဒချီးမြှင့်နေတာ တွေ့ရတော့ ကံတရားရဲ့ဆန်းပြားမှုကို ပိုပြီးအံ့သြယုံကြည်မိပါတော့တယ်။

မြန်မာပြည်သားတွေ ကံကောင်းကြပါစေ။ မြန်မာပြည်ကြီး ကံကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၆

Comments