Ecee-2 အရေးပေါ်တားဆေး သတိပေး

ဆရာရှင့် ကျွန်မက အသက် ၂၈ နှစ်ပါ။ ကလေးယူဖို့အစီအစဉ်လည်း မရှိသေးပါဘူး။ အတူနေဖြစ်တဲ့အတွက် EZee 2 တားဆေး ၂ လုံးကတ် အမျိုးသားကဝယ်ပေးပါတယ်။ ညနေခြောက်ခွဲလောက်ပဲ ချက်ချင်းဆေး (၁) လုံး သောက်လိုက်ပါတယ်။ နောက်တစ်လုံးကိုတော့ အိမ်ပြန်ရောက်ပြီး မနက်ရှစ်လောက်မှ သောက်လိုက်ပါတယ်။ ကျွန်မ ရာသီမလာတာ (၁) လ ကျော်ပြီး အဖြူအရမ်းဆင်းနေလို့ စိတ်ထဲမှာ ပထမလကတော့ သွေးအားနည်းလို့၊ အလုပ်ပင်ပန်းလို့ မလာဘူးပဲထင်ပြီး ဆေးခန်းမပြမိပါဘူး။ ဒီလတော်တော်လေး အောင့်လာလို့ အယ်ထရာဆောင်း ရိုက်ကြည့်လိုက်တော့မှ ကျွန်မ ကိုယ်ဝန် (၂) လရှိနေပြီလို့ပြောပါတယ်။ ကျွန်မလည်း အလုပ်လုပ်နေရတော့ အမျိုးသားကလည်း တနေရာစီဖြစ်နေတော့ ကလေးမလိုချင်သေးပါဘူး။ နောက်ပြီး အသက် (၁၉) နှစ်သာရှိသေးတဲ့ ကျွန်မတူလေးက ဆေးသုံးပါတယ်။ သူက ခဲပြားပေါ်တင်ရှူနေတာပါ။ ကျွန်မတို့တွေလည်း မျိုးစုံတားပါသေးတယ်။ မရတဲ့အဆုံး အိမ်မှာပဲ အနည်းငယ်သာသုံးဖို့ ခွင့်ပြုပေးထားရပါတယ်။ တဖက်ခန်းမှာနေတော့ တခါတခါ ကျွန်မ အခန်းဘက်က ညှော်နံ့တွေရပါတယ်။ အဲ့ဒါတွေကြောင့်များ ကျွန်မသောက်တဲ့ဆေးအာနိသင် မရှိတော့တာလားလို့တောင်  သံသယဖြစ်မိပါသေးတယ်။ တားဆေးသောက်ပေမဲ့ အခုလို ဖြစ်လာရတော့ ကျွန်မ တော်တော်လေးလည်း အံ့သြမိလို့ပါ။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင်၊ လေးစားစွာဖြင့်။

Ecee-2 အရေးပေါ်ကိုယ်ဝန်တားဆေးသောက်ပြီး ကိုယ်ဝန်ရလို့မေးလာသူတွေ ခု ၁-၂ ရက်မှာ ၂-၃ ယောက်ရှိပြီ။ ဆေးအတုလား စဉ်းစားရတယ်။ အတူနေပြီး ၇၂ နာရီအတွင်း ပဌမတလုံးသောက်၊ နောက် ၁၂ နာရီမှာ ဒုတိယတလုံး သောက်၊ ဒါမှမဟုတ် ၂ လုံးတပြိုင်တည်းသောက်ရင် ကိုယ်ဝန်မရစေပါ။ အနံ့တခုခုကြောင့်တော့ ဆေးအာနိသင် မပျက်ပါ။

အိမ်ထောင်ကျသူတွေ ပုံမှန် တားဆေး-တားနည်း တခုခုသုံးသင့်ပါတယ်။ နည်းအားလုံး ဘလော့မှာရေးထားပါတယ်။

Different Methods of Contraception ပဋိသန္ဓေတားနည်းများ
(၁) Combined Oral Contraceptive (COC) pill ဆေးနှစ်မျိုးတွဲ စားဆေးများ
(၂) Progestogen-only pill (POP) ဟော်မုန်း တမျိုးထဲပါတားဆေး
(၃) Depo-Provera (ဒီပို) ထိုးဆေး
(၄) Male condom ကျား (ကွန်ဒွမ်) များ၊
(၅) Female condoms အမျိုးသမီးသုံး (ကွန်ဒွမ်)
(၆) Emergency contraception အရေးပေါ် တားဆေး၊
(၇) Contraceptive patch အရေပြား ကပ်ထားရတဲ့ ဆေးကပ်ခွါ၊
(၈) Diaphragms and caps သားအိမ်အဝ အဖုံးများ၊
(၉) Centchroman ဟော်မုန်းမပါတဲ့ စားဆေး၊
(၁ဝ) Contraceptive implant အရေပြားအောက် ထည့်ထားရတဲ့ ဆေးချောင်း၊
(၁၁) Intrauterine Contraceptive Device (IUCD or IUD) သားအိမ်ထဲထည့် ပစ္စည်း၊
(၁၂) Spermicides သုက်ပိုး သတ်ဆေး၊
(၁၃) Vaginal rings သန္ဓေတား သားရေကွင်း
(၁၄) Male and female sterilization ကျား-မ သားကြောဖြတ်ခြင်း၊
(၁၅) Intrauterine system (IUS)သားအိမ်ထဲထည့် တာရှည်ခံဆေး၊
(၁၆) Natural family planning သဘာဝနည်းများ၊
• Calendar method ပြက္ခဒိန်နည်း၊
• Withdrawal method ပြင်ပစွန့်ထုတ်နည်း၊
• Breastfeeding ကလေးနို့တိုက်ခြင်းနည်း၊
(၁၇) Contraceptives Analysis တားဆေး-တားနည်းများ ဆန်းစစ်ချက်များ

အရေးပေါ်ကိုယ်ဝန်တားဆေး ခဏခဏမသောက်သင့်ကြောင်းလည်း ရေးထားပါတယ်။ ဟော်မုန်းတွေပြောင်းမယ်။ ရာသီ ရက်-လပြောင်းမယ်။ ရေရှည်မှာဘာဖြစ်မလည်း တိတိကျကျပြောမရပါ။ ဘလော့ခ်လင့် ပို့လိုက်ပါတယ်။

Dr. Tint Swe's Writings http://doctortintswe.blogspot.com/ မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာစေရမည်

ဒေါက်တာတင့်ဆွေ
၁ဝ-၅-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး