Timor-Leste အရှေ့တီမော
Cuban doctors go to South Africa ကျူးဘားဆရာဝန်တွေ တောင်အာဖရိကကို ကရိုနာဗိုင်းရပ်ရောဂါအတွက် စေလွတ်
၂၆-၄-၂၀၂၀ နေ့က သတင်းဖြစ်ပါတယ်။ ကျူးဘားနိုင်ငံဟာ ကွန်မြူနစ်စနစ်နဲ့ အမေရိကန်ရန်ပြုမှုတွေနဲ့ ထင်ရှားပါတယ်။ ကျွန်တော် အရှေ့တီမော ခေါ် တီမောလက်စ် နိုင်ငံမှာ တလကြာ ပြည်ပနိုင်ငံရေးတာဝန်နဲ့ သွားနေထိုင်ခဲ့ပါတယ်။ အဲဒီတော့မှ ကျူးဘားနိုင်ငံရဲ့ ကျန်းမာရေးကို သတိထားမိလာတယ်။ တီမောကဆေးကျောင်းသားတွေ ကျူးဘားသွား သင်ယူကြတယ်။ ကျူးဘားဆရာဝန်တွေကလည်း အရှေ့တီမောဆေးရုံတွေမှာလာလုပ်ကြတာ တွေ့ခဲ့တယ်။ ကျွန်တော်ရောက်တဲ့နေ့က တီမောဆေးကျောင်းသာတယောက် ကျူဘားမှာဆုံးသွားလို့ ပြန်သယ်လာတာနဲ့ လေဆိပ်မှာ ကြုံရသေးတယ်။
ကျွန်တော် တီမောလက်စ်ကို နှစ်ခေါက်ရောက်ပါတယ်။ ပဌမကြိမ်က တပတ်နဲ့ နောက်တကြိမ်က တလကြာတယ်။ အဲဒီကိုသွားချင်ရင် သူ့ကိုအရင်ကအုပ်စိုးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း ဒင်ပါဆာလေဆိပ်ကနေ လေယာဉ်နဲ့သာ သွားရတယ်။ မြေပုံမှာ နီးတယ်လို့ ထင်ရပေမဲ့ ဂျားဗားကနေ (၃) နာရီခွဲ ကောင်းကောင်း လေယာဉ် စီးရတယ်။ အဝင်ဗီဇာကြေး ဒေါ်လာ (၃ဝ) ပေးရလို့ အင်ဒိုနီးရှား ဗီဇာကြေးထက် (၃) ဆများတယ်။ လူတွေက ဖေါ်ရွေကြပါတယ်။ တီမောမှာတော့ လမ်းမှာလူစိမ်းတွေ့ရင် ကလေး-လူကြီး၊ ယောက်ျား-မိန်းမ နှုတ်ဆက်ဖေါ်ရကြတယ်။ အသားအရေ ညိုသူကများတယ်။ မျိုးဗီဇနဲ့ ပင်လယ်ရေ-ပင်လယ်လေကြောင့်လည်း ပါမယ်။
ပြောတဲ့ဘာသာစကားက ပေါ်တူဂီနှင့် တက်တူး ခေါ်ဒေသခံစကားဖြစ်ပေမဲ့ အင်္ဂလိပ်စကားလည်း အသုံးချနိုင်တယ်။ စားသောက်ဆိုင် စားပွဲထိုးမိန်းကလေးကို အင်္ဂလိပ်လိုမှာလို့ရတယ်။ တက်စီသမားတွေနဲ့လည်း အဲလိုပဲ။ အမျိုးသမီးတွေ အလုပ်လုပ်နေကြတာက ထိုင်းနိုင်ငံလောက်နီးပါး ဖြစ်နိုင်တယ်။ အိမ်တွင်းပုန်းလေ့ရှိတဲ့ အိန္ဒိယထက် အများကြီးသာတယ်။
ပိုက်ဆံကတော့ အမေရိကန်ဒေါ်လာကိုသုံးသည်။ ခပ်ဝါဝါအရောင်ရှိတဲ့ တီမောကွိုင် ဒေါ်လာသုံးရလို့ အမ်းရတောရ လွယ်စေတယ်။ ဘဏ်စနစ် အတော်လိုသေးတယ်။ ဘဏ်နှစ်ခုသာရှိတယ်။ ဝန်ဆောင်ခသက်သာတဲ့ဘဏ်က လူတန်းစီရပြီး၊ အေအင်ဇက် ဘဏ်ကလူများတယ်။ အစစဈေးကြီးတယ်။ စားသောက်ဆိုင်မှာ အသားငါးထမင်းကျော်၊ ခေါက်ဆွဲကျော်တပွဲ လေးဒေါ်လာခွဲ အနည်းဆုံးပေးရတယ်။ တိုက်ဂါးဘီယာတဗူး တစ်ဒေါ်လာခွဲ၊ ယောက်ျားလေး ဆံပင်ဖြတ်ရင် ၅ ဒေါ်လာ။ စတိုးဆိုင်ခေါ် မီနီမားကက်ရှိလို့ ဈေးဝယ်ရလွယ်ကူတယ်။
တီမောရဲတွေကိုတော့ သြစတေးလျကနေလာပြီး၊ သင်တန်းပေးပါတယ်။ သြစတေးလျရဲအရာရှိတွေတည်းကြတဲ့ ဟော်တယ်မှာပဲ ကျွန်တော်ကတည်းရပါတယ်။ ကျန်းမာရေးဖက်မှာ ကျူးဘားဆရာဝန်တွေ အများကြီးလာကြတာ တွေ့ပါတယ်။ ဟာဗားနားဆေးကျောင်းသွားပြီးစာသင်ကြတယ်။ ကွန်မြူနစ်စနစ်ကြောင့် မဟုတ်ပါ။ ပေါ်တူကီစကား ပြောကြလို့ ထင်ပါတယ်။
သူတို့နိုင်ငံ ဆင်းရဲပါတယ်။ သမတက ကျွန်တော်တို့ အစိုးရကို ကူညီချင်ပေမယ့် ငွေမရှိပါ။ ကျွန်တော်ရုံးဖွင့်ရင်လည်း ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ငွေမကူပါ။ အဲတာနဲ့ ကိုယ်တတ်တဲ့ဆေးပညာနဲ့ အလုပ်လုပ်ရင်း ရုံးစရိတ်ရအောင် လုပ်မယ်ဆိုပြီး တီမောကျန်းမာရေးဝန်ကြီးနဲ့ တွေ့ခွင့်တောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တလနဲ့သာ အပြီး ပြန်လာခဲ့ရပါတယ်။
ကျွန်တော်တို့သွားစဉ်က တီမောသမတ ရားမို့စ် ဟော်တာ ကိုယ်တိုင် နေ့လည်စာကျွေးပါတယ်။ ပင်လယ်ကမ်းနားနဲ့ မနီးမဝေး မြန်မာစားသောက်ဆိုင်မှာပါ။ စားလို့သောက်လို့ကောင်းပါတယ်။ ခရီးစဉ်သတင်းနဲ့ဓါတ်ပုံတွေကို အတတ်နိုင်ဆုံး မထုတ်ပြန်ပါ။ ခင်မင်နေတဲ့ အာရ်အက်ဖ်အေ သတင်းထောက်တယောက်သာ သတင်းတချို့သွားတယ်။ နိုင်ငံရေးအရ အဲဒီအချိန်မှာ တီမော က အာစီယန်ထဲဝင်ဘို့ကြိုးစားနေတယ်။ ရားမို့စ် ဟော်တာကနေ ဒီမိုကရေစီရေးကို ပြောင်ပြောင်တင်းတင်းထောက်ခံတာရယ်၊ ကျွန်တော်တို့ အဝေးရောက်ညွန့်ပေါင်းအစိုးရကို ရုံးခန်းဖွင့်ခွင့်ပေးမယ်လို့ ပြောတာရယ်ကြောင့် ကျွန်တော်တို့က အားနာနေရတယ်။ ကျွန်တော်ဒုတိယအကြိမ် တယောက်တည်း သွားနေရတော့ ဝန်ကြီးချုပ် ဆနာနား နဲ့ပါတွေ့ပါတယ်။ သူ့ကို ကျွန်တော်တို့က အဲလိုစောင့်ထိန်းကြောင်း ပြောခဲ့ပါတယ်။ မြန်မာစစ်အစိုးရကလည်း တီမောက အာစီယန်ထဲဝင်ချင်တာကို ကန့်ကွက်ထားတယ်။ နောက်ပိုင်းမှာ ရားမို့စ် ဟော်တာ က အမေရိကန်ကနေ မြန်မာပြည်ကို ဆန်ရှင်လုပ်ထားတာကို သဘောမတူကြောင်းပြောလာတယ်။ ကျွန်တော်က သူ့အပြောကို သဘောမတူပါ။ ကျွန်တော့်ဟော်တယ်စရိတ်ကို သမတရုံးကကျခံပေးလို့ ကျေးဇူးတင်ပါတယ်။
အခုတော့ တီမောမှာ ခေါင်းဆောင်းအပြောင်းအလဲတွေရှိနေပြီ။ တိုင်းပြည်ကတော့ ဘယ်လောက်ထိတိုးတက်လာသလဲ သိပ်မသိပါ။ ကျွန်တော်သွားစဉ်က ဟော်တယ်ကနေ လေဆိပ်အသွားမြင်ရတာတွေဟာ မြန်မာပြည် ဆင်ခြေဖုံးရပ်ထဲ ဖြတ်သွားရတာနဲ့ မခြားပါ။ တီမောနိုင်ငံ တိုးတက်ပါစေ။
ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၆

၂၉-၄-၂၀၂၀
Comments
Post a Comment