History နှစ်တထောင်ကို စာလုံးတထောင်ဖြင့်ရေးခြင်း

ဆရာခင်ဗျာ သမိုင်းကို မကွယ်မဝှက်ပဲ ဗိုလ်ချုပ်မတိုင်ခင်ခေတ်ကနေ ယခုခေတ်ထိ ဘက်မလိုက်ပဲရေးထားတဲ့ စာအုပ် ဖတ်ချင်တယ်။ စာရေးစရာရဲ့ စိတ်ခံစားမှုတွေလည်း အရမ်းမပါစေချင်ဘူးဆရာ။ ကျွန်တော်က ၁၉၉၉ မှမွေးတာပါ။ စာအုပ်တွေနဲ့လည်း လက်လှမ်းမမှီခဲ့ဘူး။ လိုင်းပေါ်ကနေ အဓိကဖတ်နေရတယ်။ မှိုင်းတွေတိုက်ကြပါများလာတော့ နိုင်ငံရေးက ရှုပ်ထွေးတယ် ဥာဏ်မမီဘူးဆိုပြီးပဲလွှဲချပစ်မိတယ်။ ဝေဝါးနေဆဲပါ။ ဘယ်လိုစာအုပ်မျိုးလေးက ပိုသင့်မလဲဆိုတာ လမ်းညွှန်ပေးပါဦးခင်ဗျာ။

ဖတ်ချင် သိချင်တာ အလွန်ကောင်းတယ်။ အားပေးတယ်။ ကျွန်တော်က သမိုင်းကို ၉ တန်း အထိသာ သင်ရတယ်။ ဖတ်တာတော့ ကနေ့အထိ ဖတ်တယ်။ အမျိုးစုံတယ်။ အင်္ဂလိပ်လိုရေးတာတွေပါ ဖတ်တယ်။

အချက်အလက်မှန်သာရေးတာတဲ့ မြန်မာနိုင်ငံသမိုင်းစာအုပ်ရယ်လို့ ရှိပါ့မလား စဉ်းစားရမယ်။ ဘုရင်ခေတ်က ရာဇဝင်နဲ့ နောက်ပိုင်းသမိုင်း မထူးလှပါ။ ပုဂံရာဇဝင်ကို တုတ်ထမ်းပြောရသလို ခေတ်သမိုင်းတော့ ကျည်ကာအင်္ကျီ လိုနိုင်တယ်။

ရှာရဖွေရမှာပဲ။ ဖတ်တာတွေထဲက ပယ်ရနှုတ်ရမှာပဲ။ ခုနှစ်အလိုက် ဘယ်တုန်းက ဘာဆိုတာတွေ ရှာရလွယ်တယ်။ အဲတာကနေ စရမယ်။ နှစ်တွေ သိပ်မများလှသေးပါ။ ခေတ်တွေလည်း မများပါ။

အင်္ဂလိပ်ကိုလိုနီနဲ့ ဂျပန်ခေတ်တွေကိုတော့ ကျူးကျော်အုပ်စိုးသူတွေရဲ့ ဆိုးသွမ်းမှုတွေကို ပယ်ပယ်နယ်နယ် ကွက်ကွက် ကွင်းကွင်း ရေးထာတာတွေ အလွန်များတယ်။ အဲတာတွေလည်း သိဖို့တော့လိုတယ်။ ဒါ့ပြင် ဆင်ခြင်ရပါမယ်။ ကိုယ့်ဘုရင်တွေကကော ကောင်းခဲ့ကြသလား။ ဗြိတိသျှရဲ့ စည်းစနစ်တွေမှာ အထုယူစရာ မပါဘူးလား။ ဘာတွေလဲ။ ခုခေတ်စည်းစနစ်တွေက ကိုလိုနီထက် ပိုကောင်းပါသလား။

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစာတွေ အတော်ကိုများတယ်။ ကောင်းပါတယ်။ ဒါ့ပြင် ဆင်ခြင်ရပါမယ်။ ကြိုးပမ်းသူတွေက ဘယ်သူတွေလဲ။ မင်္ဂလာဝင်ယူသူတွေက ဘယ်သူတွေလဲ။ ယူနီဖေါင်းဝတ်တွေသာမက အရပ်ဝတ်တွေထဲမှာပါ တိုင်းပြည်မျက်နှာထောက်ထားခဲ့သူ အစစ်အမှန်တွေ ရွေးနိုင်အောင် စဉ်းစားရမယ်။ ခက်တော့ ခက်တယ်။ ကျည်ကာအင်္ကျီလိုပြီဆိုတာ အဲတာ။

ဖဆပလခေတ်။ ၁၄ နှစ်။ အစိုးရနဲ့ သူပုန်ခေါ် လက်နက်ကိုင်အဖွဲ့တွေ။ ဘက်မလိုက် အားမနာပါနဲ့။

၁၉၆၂ အာဏာသိမ်းခြင်းနဲ့ ၂၆ နှစ်။ အပျက်တွေနဲ့ အဆိုးတွေ။ အားမနာပါနဲ့။

၁၉၈၈ အာဏာသိမ်းခြင်းနဲ့ ၂၃ နှစ်။ အပျက်တွေနဲ့ အဆိုးတွေ။ အားမနာပါနဲ့။

ကိုယ့်အသက်မွေးမှု တခုတည်းအတွက်သာရေးထားတဲ့သမိုင်းဆိုတာ မုသားရာဇဝင်ဖြစ်တယ်။

ချုပ်ကြည့်ပါ။ မြန်မာနိုင်ငံတော်ကြီးဟာ ပိုကောင်းမွန် ပိုပြီးတိုးတက်လာသလား။ အစိုးရတွေကိုသာမက လူတွေကိုလည်း မြင်ကြည့်ပါ။ ပိုပြီးပညာတွေတတ်လာကြသလား။ ပိုပြီးယဉ်ကျေးလာကြသလား။ ပိုတော်လာကြသလား။

ပိုမကောင်းတာ ဘာကြောင့်လဲ။ သမိုင်းလက်ညှိုးတွေ ရေတွက်ထိုးကြည့်ပါလေ။ လက်ညှိုးပိုင်ရှင် အတည့်မြင်ရမယ်။ ထုံမွှမ်းတာတွေထဲကနေ ထွက်ထွက် ကြည့်မြင်ပါလေ။ ဘယ်သူတွေက ဘာကို ချစ်ခဲ့ကြပါသလဲ။

သမိုင်းဆိုတာ အပြတ် အတောက်မရှိ၊ ခဏနားနေခြင်းမရှိ။ ဆက်ဖြစ်နေတာ။ ဆက်ဆိုတာ အချိန်သာမက မင်းတွေရော လူတွေပါ။ အဆက်တွေချည်းသာ။ ပုဂံသားနဲ့ နေပြည်တော်သား ခြားနာခြင်းမရှိ။ နရသီဟပတေ့တွေ စာအုပ်ထဲမှာသာမက ရှိတယ်။ သာလွန်မင်း ရှားတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ