Profile နှစ်ပတ်လည်စာ

ကျွန်တော်က နေ့တိုင်း နှစ်ပတ်လည်စာတွေ တင်တယ်။ ည ၁၂ နာရီကျော်တာနဲ့ ပေါ်လာတာကို ပြန်ရှာပြီး တင်သင့်တာ ရွေးပြင် တင်ပါတယ်။ မနေ့ညကတော့ တမြန်နှစ်က မြန်မာပြည်ကို ၂၈ နှစ်အတွင်း ပဌမဆုံးအကြိမ်ပြန်တဲ့စာ တင်ခဲ့တယ်။

တချို့က အခုပဲ လေယာဉ်စီးနေသလို ထင်ကြတယ်။ ကျွန်တော်လည်း အမှတ်မဲ့ဖတ်တာတွေကို သေချာမသိ ရှိတတ်တယ်။ အခုပြန်လာကြတာလားလို့ သူ့ကိုမေးနေကြတယ်ဆိုပြီး သမီးကပြောတာနဲ့ အပေါ်ဆုံးမှာ (တမြန်နှစ်က) လို့ ထပ်ဖြည့်လိုက်ပါတယ်။ ဆောရီး။

ကွန်မင့်တွေ အများကြီးရတယ်။ ကျေးဇူး။

လူတိုင်းလိုလိုက သူတပါးသိစေချင်တာကိုသာ ရေးလေ့ရှိကြတယ်။ ကြွားဝါတာတွေပါမယ်။ ချဲ့ကားတာတွေပါနိုင်တယ်။ မမှန်တာလည်း ပါကောင်းပါမယ်။

အခုထိ ကိုယ့်အကြောင်းကို စာအုပ်ထုတ်ဖို့ ဆုံးဖြတ်ချက် ချလို့ မရသေးပါ။ တကယ်တော့ ကိုယ်လည်း အများသူငါလို အတက်တွေ၊ အကျတွေ၊ ဝမ်းမြောက်စရာတွေ၊ စိတ်မကောင်းစရာတွေ အပြည့်ရှိသူသာဖြစ်တယ်။

ခုခေတ်မှာ ပရိုဖိုင်းလ် အသုံးခေတ်စားတယ်။ ပရိုဖိုင်းတွေမှာ အစစ်လည်းပါတယ်။ အတုလည်းများတယ်။ ဆယ်ဖ်ဖီးလ် စာလုံးလည်း ခေတ်စကား။ လှလောက်မှာသာ ရွေးရိုက်လေ့ ရှိကြတယ်။ ကျွန်တော်လည်း ပါတယ်။

ရာသီဥတုသာယာနေတဲ့အချိန်မှာ ငှက်ကလေးတကောင် သစ်ကိုင်းလေးပေါ်နားနေတဲ့ပုံကို မြင်သူတိုင်းက ကြည်နူးကြတယ်။ အဲဒီငှက်လေး အသိုက်ဖျက်ခံရတာတော့ မသိလိုက်ကြ။ အစာရှာမရခဲ့တာကိုလည်း မသိလိုက်ကြပါ။ လောက်စာလုံးစာ မိတုန်းကလည်း လူသူမသိရှာ။ ငှက်ကလေးဟာ သူဖြစ်ပျက်တာတွေတိုင်းမှာ ဆယ်လ်ဖီးမရိုက်ပါ။ လောကကြီးမှာ အဲလိုငှက်လေးတွေ အများကြီး။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး