ဆို့ နှင့် စို့

(ကန်တော့)

တစ်စို့စို့နဲ့ကို တစ်ဆို့ဆို့နဲ့လို့ ပြင်လိုက်တယ်အောက်မှာ မေးတယ်။ တစို့စို့မဟုတ်ဘူးလားဆရာတဲ့။

တစို့စို့အသုံးလည်းရှိတယ်။ ကလေးနို့ ခဏခဏစို့တာမှာလည်း သုံးတယ်။ ဆီးမလုံတာမှာလည်း တစိုစို၊ တစို့စို့လို့ သုံးတယ်။

တစ်ဆို့ဆို့ဆိုတာက လည်ပင်းမှာ ပိတ်ဆို့နေတာ၊ အူပိတ်နေတာ၊ သားအိမ်ကျလို့ မွေးလမ်းမှာ တစ်ဆို့ဆိုဖြစ်နေတာတာ၊ ရေမြောင်း ရေဆက်မသွားနိုင်တာ၊ ဆင်းစရာက အောက်မကျနိုင်တာမှာ သုံးတယ်။ မေးခွန်းမှာ လည်ချောင်းထဲမှာဖြစ်လို့ ဆို့ကသာ မှန်တယ်။

စို့ နဲ့ ဆို့ မှားရေးတဲ့မေးခွန်းတွေလာတယ်။ နမူနာသာထည့်ပါတယ်။ မှားရေးတာတွေက အများကြီး။

1. ကျွန်တော် လည်ချောင်းထဲမှာ စို့စို့နေသလို တစ်တစ်နေသလို ဖြစ်နေတယ်ဆရာ။ ဆို့တို့တို့လို့ ရေးရတယ်။
2. ကျမသမီးလေးက မိခင်နို့ ညဘက်အိပ်ချိန် ၂ ကြိမ် ဆို့ပါတယ်ရှင့်။ စို့ပါတယ်ရှင့်လို့ရေးရတယ်။
3. ကျမသမီးလေးက အသက်လေးလပါ။ နေ့ဘက်နို့ဘူးတိုက်၊ ညဘက်ကျမှမိခင်နို့တိုက်နေပါတယ်ရှင့်။ တလလောက်ရှိပြီ နို့ဆို့ဖို့ငြင်းဆန်နေပါတယ်။ ၂၄ နာရီအတွင်း နို့ဘူးနှင့် မိခင်နို့ ညဘက်အိပ်ချိန် ၂ ကြိမ် ဆို့ပါတယ်ရှင့်။ နို့စို့လို့ ရေးရတယ်။
4. ဆရာရှင့် သမီးအသက် ၂၆ပါ။ နို့ဆို့ကလေး ၁၁လပါ သမီးရောကလေးရော ရင်ကြပ်နေလို့ပါ။ နို့စို့ကလေးလို့ ရေးရတယ်။
5. ဆရာရှင့် ကျမ အသက်က ၂၀ရှိပါပြီ လည်ပင်းထဲက တစ်စို့တစ်စို့ဖြစ်သလိုခံစားနေရတာ
6. ဆရာရှင့် သားအိမ်ကျချင်သလို ဖြစ်နေပါတယ်။ မိန်းမကိုယ်မှာ တစ်စို့စို့ ဖြစ်နေလို့ပါ။ တစ်ဆို့ဆို့လို့ ရေးရတယ်။
7. နှလုံးအ၀ကျယ်တယ်ဆိုတာ အစို့ရှင်မလုံတာနဲ့တူပါလား။ ကျမကအ၀နည်းနည်းကျယ်ပါတယ်။ အဆို့ရှင်လို့ ရေးရတယ်။
8. မင်္ဂလာပါဆရာခင်ဗျာ ကျနော်အသက် ၃၇ နှစ်ပါဆရာ နှလုံးခွဲထားရပါတယ်နှလုံးအစို့ ၂ ခုလဲထားရပါတယ် မွေးရာပါရောဂါပါဆရာ။ အဆို့ရှင်လို့ ရေးရတယ်။
9. သားသားက မိခင်နို့ဘဲ အရမ်းဆို့ပါတယ်။ အရမ်းစို့ပါတယ်လို့ရေးရတယ်။
10. သားအိမ်ကျချင်သလို ဖြစ်နေပါတယ်။ မိန်းမကိုယ်မှာ တစ်စို့စို့ဖြစ်နေလို့ပါ။

စို့
စို့စို့ပို့ပို့
မျှစ်စို့
လက်သမားသုံးစို့
သွားကြစို့
နို့စို့
နို့စို့

ဆို့
ဆို့ပိတ်
တစ်ဆို့
ပိတ်ဆို့
ဗူးဆို့
အဆို့ရှင်
ဖေါ့ဆို့
ရွှေရင်ဆို့

ကလေးနို့စို့နေချိန်မှာ နားကိုဆို့မထားပါနှင့်။ မြန်မာစာ မှန်အောင်ရေးကြစို့။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး