သူများတွေအကြောင်း မကောင်းပြောခြင်း

သို့မဟုတ် စာရေးသူကြီးများ အုပ်ချုပ်ခဲ့သောတိုင်းပြည်

ဆရာ ကျွန်တော်သိချင်တဲ့ အကြောင်းရင်းက ဘယ်သူတဦးတယောက်ကိုမှ ပုတ်ခတ်လိုစိတ် မရှိပါဆရာ။ ဦးသန်းရွှေနဲ့ သူ့ ပါတနာတွေ သူ့ ဆွေစဉ်မျိုးဆက်တွေရဲ့ မရိုးသားမူတွေပါ ဆရာ။

သိတဲ့သူတွေက ရေးကြပါတယ်။

ဟုတ်ကဲ့ပါဆရာ။ အချို့ လူတွေရေးပုံက ဒေါတွေ မာန်တွေနဲ့ ရေးကြတာပါဆရာ အခက်အခဲမရှိလျင် ဖြေကြားပေးပါ ဆရာ။ ကျွန်တော်သိဖို့ အရေးကြီးလိုအပ်လို့ပါ။ ကျွန်တော့်မေးရတဲ့ အကြောင်းရင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါ၊ ဘယ်သူတဦးတယောက်ကိုမှ လည်း လက်ညိုးမထိုးပါဘူးဆရာ။ အခက်အခဲမရှိလျင် ဆရာအားလပ်ချိန်မှာ ဖြေကြားပေးပါဆရာ။

ကျွန်တော် နိုင်ငံရေးစာတွေ အများကြီးရေးထားတယ်။ နိုင်ငံရေးထဲ ဝင်လုပ်တာလည်း ၁၉၉၀ ကတည်းက။ အမြင်တွေ မတူကြ။ အလုပ်တွေလည်း မတူကြပါ။ အကျိုးစီးပွါး ခြားနားကြတယ်။ စကားသံနဲ့ ရေးဟန်တွေကလည်း မတူကြပါ။

မေးခွန်းကို ပြန်ဖတ်ပါတယ်။ ရေးရမှာ နည်းနည်းခက်လာတယ်။ မေးတာကို မသိလို့တော့ မဟုတ်ပါ။ ဘယ်အရာမဆို နားထောင်သူ၊ စာဖတ်သူကို သိပြီးမှ ပြောတာ ရေးတာက သင့်မှန်တယ်။ အချက်အလက် ကောက်ချက်တွေ မှန်တိုင်း နားထောင်သူတွေ ဖတ်သူတွေအကျိုးကို ထင်သလောက် မပေးနိုင်ရှိတတ်တယ်။

ရိုးသားမှုတို့ စေတနာတို့ဆိုတာ တိုင်းရတာ မဟုတ်။ အလုပ်ရဲ့ အကျိုးရလဒ်ကိုသာ ကြည့်ရမယ်။

အာဏာရှင်တိုင်းဟာ မကောင်းကြပါ။ ယုတ်မာသူတွေ များတယ်။ တိုင်းပြည်တခုမှာ တာဝန်အရှိဆုံးလူတွေ သူတို့ မိသားစုနဲ့ ဆွေမျိုးအသိုင်းအဝိုင်းမှာ ဘယ်လိုနေနေ၊ သူ့ကြောင့် တိုင်းပြည်နဲ့ တိုင်းသူပြည်သားတွေ ဘယ်လို ဆိုးစေ ကောင်းစေသလဲကိုသာ ကြည့်ရမယ်။

မျက်မှောက်ခေတ်မှာ တိုင်းပြည်ကို သက်တမ်းအရှည်ဆုံး အုပ်ချုပ်ခဲ့သူ ၃ ဦးရှိတယ်။ ဦးနု၊ ဦးနေဝင်းနဲ့ ဦးသန်းရွှေ။ သူတို့က စာအုပ်တွေထုတ်ခဲ့ကြတယ်။ ဦးနုက စာရေးကောင်းတယ်။ သူကိုယ်တိုင်ရေးတယ်။ ဦးနေဝင်းက အညမည စာအုပ်နဲ့ ၁၉၇၃ ဖွဲ့စည်းပုံရေးတယ် သူများရေးခိုင်တယ်။ ဦးသန်းရွှေက မြက်ခင်းသစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံရေးတယ် သူများရေးခိုင်တယ်။

ဦးနုက ပြည်တော်သာစီမံကိန်း လုပ်တယ်။ ဦးနေဝင်းက ဆိုရှယ်လစ်လောကနိဗ္ဗာန်တည်ဆောက်တယ်။ LDC နိုင်ငံ ဖြစ်သွားတယ်။ ဦးသန်းရွှေက နောက်ဆုံးမှာ ဒီပဲယင်းနဲ့ နာဂစ်ဘွဲ့ ယူပြီးအနားယူတယ်။

ဦးသန်းရွှေနဲ့ ဦးနေဝင်းကို ဝါကျတကြောင်းတည်းနဲ့ ယှဉ်ပြောရရင် ဦးနေဝင်းက သူ့မိသားတစု ကောင်းစာရေး လုပ်ခဲ့တယ်၊ ဗခမက သန်းရွှေက ငါလည်းစားမယ်၊ မင်းတို့လည်းစားကြလုပ်ခဲ့တယ်လို့ သုံးသပ်ချက်က အမှန်နဲ့ အတော် နီးစပ်တယ်။ နှစ်ယောက်လုံးက တိုင်းပြည်ကောင်းအောင် မလုပ်ခဲ့ကြတာမှာ တူကြတယ်။ လူထု မစားစေနဲ့မှာ တူကြတယ်။

အချုပ်ကတော့ အမေရိကားအကြောင်း သိလာလေလေ အံ့သြချီးမွမ်းအားကျစရာတွေ သိလာလေ။ မြန်မာပြည်အကြောင်း သိလာလေလေ ရင်နာစရာကောင်းတာတွေ သိလာလေ။ ဒီကောက်ချက်ကို လိုက်မီသူ အရေအတွက် မများမှန်း သိတယ်။ ကျွန်တော်က မဲရချင်သူ မဟုတ်တော့ပါ။ လိုက်ခ် ရချင်လို့ရေးတာလည်း မဟုတ်ပါ။ ဘလော့ရမှာလည်း ဝန်မလေးပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး