အားမနာသော သုံးသပ်ချက်

ကွန်မင့်တခုလာလို့ ရေးပါတယ်။ ခေတ်စကား ဘန်းစကားဟာ Social Media မပေါ်ခင်တုန်းကတော့ လူတွေရဲ့ ပါးစပ်ဖျား လေထုထဲမှာပဲ အနေများခဲ့တာပါ။ ယခု ခေတ်စကား ဘန်းစကားတွေ ကို Social Media မှာ တွင်တွင်ကျယ်ကျယ်သုံးစွဲ လာကြတယ်။ Social Media ခေတ်ဆိုတော့ စာလုံးအမှား ဘန်းစကားနဲ့ တွဲသုံးထားတဲ့ စာလုံးပေါင်းအမှားတွေကို မျက်လုံးက မြင်ဖန်များတော့ မျက်လုံးယဉ် လာတယ်။ အမှန် ထင်လာတယ်။ အဲ့လို သတ်ပုံအမှား နဲ့ ထွင်ရေးတာ စတိုင်တခု ဖြစ်လာတယ်။ အချစ်ဝတ္တုတွေမှာ သုံးစွဲလာကြတယ်။ ဝတ္တု၊ စာပေတွေမှာ သတ်ပုံအမှားတွေနဲ့တော့ မသုံးစွဲကြပါဘူး၊ ပုံနှိပ်ထုတ်ဝေတဲ့အထဲမှာတော့ မရှိပါဘူး ရုပ်မြင်သံကြားမှာလဲ မသုံးစွဲကြဘူး၊ Online မီဒီယာ အသေးစားလေးတွေတော့ သုံးစွဲလာကြပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ကျွန်တော်က မေးခွန်းပေါင်း ထောင်သောင်းဖတ်ရတယ်။ ပို့စ်တင်ထားတာတွေလည်း အချိန်ရသလောက် ဖတ်ပါတယ်။

၁။ ဘန်းစကားနဲ့ ခေတ်စကားမှာ ယဉ်ကျေးတာတွေကို စာထဲထည့်ရေးတာ ပြောရန်သိပ်မရှိပါ။
၂။ သတ်ပုံကတော့ ပေါ်လစီသတ်ပုံကို ဘယ်သူက ဘယ်နေရာမှာရေးရေး သဘောမတူပါ။
၃။ ထွင်ရေးတာလို့ ထင်စရာ ၂၅% ထက်နည်းတယ်။ တကယ်အမှန်ကို မသိသူတွေက မနည်းလှပါ။
၎။ အကြောင်းပြချက်တွေ အမျိုးမျိုးရတယ်။ အလွယ်ရေးလို့၊ အတန်းပညာနည်းလို့ စသဖြင့်ပြောတာတွေ ၈၀% လောက်က မှားတယ်။ ရေးတဲ့သူတွေတချို့ရဲ့ အလုပ်အကိုင်ပါ သိတယ်။ ကျောင်းသုံးစာအုပ်တွေမှာ အမှားပါတာက အတန်းပညာနည်းလို့ မဟုတ်။
၅။ ပ နဲ့ ဖ မှာ ရရစ်မတည့်တာ။ အောက်မြစ်မလိုပဲ ထည့်ရေးတာ။ ရ ကို က၊ ကြည့်ကို ကျိ၊ တယ်ကို တရ်၊ ဘယ်လိုကို ဘလို၊ ဖတ်မရဘူးကို ဖတ်ရဝူး၊ တွေကို တေ၊ အဲတာတွေက ထွင်ရေးတာနဲ့ မရေးတတ်တာ နှစ်မျိုးရောနေတယ်။
၆။ မှာ ကို မာလို့ရေးတာကတော့ သဒ္ဒါမတတ်တာ။ နောက်ကို အနောက်လို့ရေးတာက မသိတာ။ ထွင်တာမဟုတ်။
၇။ ရုပ်မြင်သံကြား၊ ဗီဒီယို၊ ရုပ်ရှင်နောက်ခံ၊ သီချင်းနောက်ခံစာတွေမှာ မှန်တာ အတော်ကို နည်းတယ်။
၈။ အွန်လိုင်းဒေါင်းလုဒ်တွေ ၈၀% ကမူရင်းစာတွေကို တမင်တကာပြင်ထားတယ်။ မလုပ်ကောင်း မလုပ်အပ်တာ။
၉။ ပြန်ထုတ်စာအုပ်တွေ ၈၀% က မူရင်းစာတွေကို တမင်တကာပြင်ထားတယ်။ မလုပ်ကောင်း မလုပ်အပ်တာ။ တချို့ဆိုရင် ကလောင်အမည်ကိုပါ သတ်ပုံပြင်ထားသေး။ စော်ကားတာ။
၁၀။ အချုပ်ကတော့
(က) မြန်မာစာအဆင့် နိမ့်သည်ထက် နိမ့်ကျလာတယ်။
(ခ) မြန်မာစကား ဝေဝါးပျက်ယွင်းလာတယ်။
(ဂ) လက်ရှိအတိုင်းရေးသားမှ ရာထူးမြဲမယ်ထင်သူကလည်း များတယ်။
(ဃ) အလားအလာကောင်း မမြင်ရသေးပါ။

ဆောရီး။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး