စိန်တလုံးမရှိတဲ့ တိုင်းပြည်

ကွန်မင့်တခုက မြန်မာကနေတင်သွင်းလို့ရရင်ကောင်းမယ်တဲ့။ မြန်မာပြည်ကနေ တင်ပို့တာ မရ မရှိ။ တချို့ ထုတ်ကုန်တွေက မြန်မာပြည်ထွက်တွေ။ တရုပ်တံဆိပ် ထိုင်းတံဆိပ် ကပ်ထားတယ်။ တနေ့က ရေးလိုက်သေးတယ်။ တရုပ်ငရုတ်က ညောင်ကန်မှာစိုက်ခဲ့တာ ဖြစ်နေမလားမသိလို့။

မြန်မာ့အစားအစာတွေ ထုတ်ကုန်တွေ ယူအက်စ်ကို ပို့တာ နည်းတယ်။ ကုန်ခြောက်နဲ့ ဗမာဆေးသာများတယ်။ ကိုယ်တိုင်လုပ်နိုင်ကြစေချင်တယ်။ နည်းစနစ်ကောင်းရမယ်။ မရ မရှိ။

မြန်မာပြည်ကလာတာတွေကို ဝယ်ချင်ရင် အာရှဆိုင်တွေ သွားကြရတယ်။ ဒီမြို့မှာတော့ ထိုင်းကုန်စုံဆိုင်ရှားတယ်။ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ချင်း နဲ့ မွန်ဆိုင်တွေကို သွားကြရတယ်။ ဗမာဆိုင်မရှိ။ တောင်အမေရိက ဆိုင်တွေမှာ ကျွန်တော်တို့ စားတတ်တာမျိုးတွေ ရတယ်။

ပြည်တွင်းမှာ အပြောင်းအလဲတွေဖြစ်လာတော့ ထိုင်းနဲ့ မလေးရှားကို အလုပ်သွားလုပ်ကြသူတွေအတွက် ကိုယ်နိုင်ငံထဲမှာ အလုပ်ရကြစေချင်ခဲ့တယ်။ အလုပ်ရုံတွေ စက်ရုံတွေ ဘာလို့မထောင်နိုင်ရမှာလည်း လူပြိန်းလို တွေးခဲ့တယ်။ ကလေးလို တွေးတာ။ စဉ်းစားစရာတွေက များမယ်။ စီးပွါးရေးနဲ့ ကုန်သွယ်ရေးလုပ်သူတွေကတော့ သိကြတယ်။ သူတို့လည်း လုပ်ချင်ကြမှာပဲ။ ခုထိ ဖြစ်မလာသေးတာ နေရာတိုင်းမှာ လိုအပ်နေသေးလို့။

ကျွန်တော်က ဖြစ်စေချင်တာပဲ သိတယ်။ စိတ်တလုံးသာ ရှိ၊ စိန်တလုံး မရှိ။ စိန်(တစ်)လုံးတော့ မစားချင်မိ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ