လေပြင်းတိုက်၍ သံလိုက်ဆွဲအားများ၏

ရပ်နိုင်ပေ့ ရပ်နိုင်ပေ့။ လျှောက်နိုင်ပေ့ လျှောက်နိုင်ပေ့။ မိဘတိုင်းက သင်ပေးကြတယ်။ ကလေးတိုင်းက ရပ်နိုင် သွားနိုင် ပြေးနိုင် ခုန်ပေါက်နိုင်လာကြတယ်။ မိဘကျေးဇူး လူတိုင်းမှာရှိတယ်။

တကယ်တော့ ကလေးတိုင်းမှာ ကိုယ်ပိုင်အစွမ်းအစရှိကြတယ်။ ကိုယ်တိုင် အားထုတ်ကြတယ်။ လူ့လောကကြီးထဲမှာ တည့်တည့်သွားကြတယ်။ နောက်ပြန်လည်း သွားကြတယ်။ ခုန်ပျံကျော်လွှားနိုင်စွမ်း ရှိကြတယ်။

လောကကြီးက တဖြည်းဖြည်းကျယ်ဝန်းလာပြီး ရှုပ်ထွေး လေးနက်လာတယ်။ ရွေးစရာလမ်းတွေ တွေ့တွေ့လာတယ်။ နောက်ပြန်ကြည့်တော့ ရွေးခဲ့တဲ့လမ်း မှားမှန်းသိတာမျိုးတွေ ကြုံကြုံလာကြတယ်။ လူတိုင်းမှာ။

အသက်အိုမင်းတဲ့တိုင် တည့်တည့်မလျှောက်နိုင်ခဲ့သူတွေက အလွန့်အလွန်များတယ်။ လေပြေကြောင့် ယိမ်း၊ လေပြင်းကြောင့် ယိုင်ကြတယ်။ သံလိုက်ဆွဲအားနောက်မှာ ကပ်ပါကြတယ်။ ကိုယ်တိုင်လည်း လေဖြစ်လိုက် သံလိုက်ဖြစ်လိုက်။

အတည့်မပြေးတတ်သူ မရှိ။ အတည့်မတွေးတတ်သူတွေက အလွန်တရာများပါဘိ။ ကျွန်တော်လည်း ကြိုးစားနေရဆဲသာ ဖြစ်ပါ၏။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး