Royal Basmati Rice ကရိုနာ ရာကျော်လာပြီတဲ့

ရာကျော်ဆိုတိုင်းမှာ ဆန်အမည်ကို သတိရတယ်။ မဆလ ခေတ်က ဆင်းရဲသားစားတဲ့ ဆန်။

ဒီမှာတော့ ကရိုနာရာသီမှာ လာကန်တော့ကြတာ ဘာ့စ်မာသီ။ ဝယ်ထားတာလည်း ဘာ့စ်မာသီ။ ထိုင်းဆန်နဲ့ ဆတူ ရောချက်တယ်။ ဘာ့စ်မာသီဆိုတာ ဒေလီမှာနေကတည်းက ရင်းနှီးပြီးသား။ အိန္ဒိယနဲ့ အမေရီကား ဘာ့စ်မာသီ ပေးတင့်အမည် လုနေကြတာလည်း သိတယ်။ ဘာ့စမာသီဆန်က ဧည့်မထနဲ့ ဆင်တယ်။

ဧည့်မထနဲ့ ငကျွဲဆန် ကောင်းတယ်။ မွှေးတယ်။ စေးတယ်။ အညာသာအများစုက ရွှေဘိုခွန်နီကို ပိုကြိုက်ကြတယ်။ ဆန်ကောင်းရယ် ဘာရယ် ရွေးမရေတော့တဲ့ခေတ်မှာ ရာကျော်တို့ ငစိန်တို့ပေါ်လာတယ်။ အဲတာတောင် ခွဲတမ်းနဲ့ ရောင်းတယ်။ ညံ့လိုက်တဲ့ဆန်။ အုပ်ချုပ်နေသူတွေအတိုင်းပဲ။ ပြည်ပပို့တဲ့ ဆန်သင်္ဘောတွေပြန်လာတယ်။ စံချိန်မမီလို့တဲ့။ စံချိန်မမီတာကလည်း အုပ်ချုပ်နေသူတွေအတိုင်းပဲ။ ဘာဆန်ဖြစ်ဖြစ် ဝယ်မရအောင် ရှားတော့ အဲဒီညံ့တဲ့ စံချိန်မမီတဲ့ အစိုးရ ပြုတ်ကျရော။

ကျွန်တော်က ဟုတ်မလားလို့ နိုင်ငံရေးထဲဝင်ပါတာ ထွက်ပြေးရပြီး သူများနိုင်ငံတွေမှာ ဧည့်မထိုင် ဧည့်မထ လုပ်ရပါတော့တယ်။

ပြည်တွင်းမှာတော့ ပြုတ်ကျတဲ့ ရာကျော်နဲ့ ငစိန်တို့မျိုးဆက်က ပေးတင့်အမည်ပြောင်းပြီး နိုင်ငံရေးလုပ်နေကြလေရဲ့။

အရပ်သားတွေ ဆန်ကောင်းစားရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး