တိုက်အိမ်တည် အုတ်စီတတ်ရမည်
တိုင်းတပါး ရောက်နေသည့်တိုင် ကျန်းမာရေးကအစ ပညာရေးကော အစစအရာရာ အားနည်းတဲ့ မြန်မာနိုင်ငံအပေါ် စေတနာထားတာ လေးစားပါတယ်ဆရာ။ ဆရာ့ရဲ့ မြန်မာစာအပေါ် တန်ဖိုးထားစိတ်က မြန်မာစာပါမောက္ခထက်ကို စိတ်အားထက်သန်တာကို တွေ့ရပါတယ်။ ကျွန်တော်လဲ မြန်မာစာ ကျောင်းသားပါဆရာ။ ခေတ်အလိုက် ပေါ်ပေါက်လာတဲ့ ဘန်းစကားတွေ၊ မတူညီတဲ့ ဒေသအလိုက် ပေါ်ပေါက်လာတဲ့ ဒေသိယစကားတွေကို စာတမ်းပြုစု သုတေသနတွေ လုပ်ဖို့ လိုအပ်နေပါပြီဆရာ။ တက္ကသိုလ်မှာတုန်းကတော့ ခေတ်အလိုက် ပေါ်ပေါက်လာသော စကားများဆိုပြီး သင်ကြားခဲ့ပါတယ်။ တောဘဲ = ကျေးရွာသား၊ ငနီ= အုတ်ခဲ အစရှိသဖြင့်ပေါ့ ဆရာ။ ယနေ့ ယခု အချိန် မှာတော့ စကားလုံးတွေဟာ ပေါက်ကွဲနေပါတယ်။ အရမ်းပျံ့နှံ့ ပေါ်ပေါက်လာတဲ့သဘောပါ ဆရာ။ ခေတ်စကားတွေဟာ သီချင်းတွေ ရုပ်ရှင်တွေ၊ Social Media တွေ ပေါ်မှာ တနေ့တမျိုး မရိုးရအောင် ပေါ်ပေါက်နေပါတယ် ဆရာ။ မြန်မာစာ စာလုံးပေါင်းသတ်ပုံ ဂရိုစိုက်တဲ့ ဆရာရဲ့ စေတနာကို လေးစားမိပါတယ်ခင်ဗျာ။
ဘန်းစကားတွေ ခေတ်တိုင်း ပေါ်တယ်။ တချို့ ပျောက်ကွယ်ကုန်တယ်။ လှသမိန်ရေးတဲ့ ဘန်းစကားစာအုပ်တော့ လက်ထဲမှာရှိတယ်။ ဖေ့စ်ဘွတ်ကဘန်းစကား အတော်များများ နေ့မြင်ညပျောက်။ နောက်ထပ်ပေါ်ပေါ်လာတယ်။
ခေတ်စကားဖြစ်စေ ဘန်းစကားဖြစ်စေ သူ့နေရာ သူ့ပရိသတ်နဲ့ သူ့အချိန်ကာလနဲ့ ညီရင် အဆင်ပြေပြီး ဖတ်တဲ့သူတွေက သဘောကျကြတယ်။ သင့်တာတွေ အများကြီးရှိတယ်။
တချို့ထွင်တာတွေက အတော်လွဲမှားတယ်။ မုံ့ဟင်းခါးကိုခေါ်တာတချို့ ရှားသွားပြီ။ မွန်းငါး၊ မွန်းဂါး၊ မွတ်ငါး။ မေးခွန်းမှာပါတဲ့ အရမ်းကလည်း ခေတ်စကား။ အဲတာကို အရန်းလို့ရေးရင် သွားပြီ။ လန်းတယ်ကို လမ်းတယ်လုပ်ရင် မှားပြီ။ သတ်ပုံမသိတော့ ထွင်တာတွေက လွဲကုန်တယ်။ ဘရိတ်ဒန့်သီချင်းဆိုတာ ဒိုရေမီဖါ သိမှာသာ စည်းဝါးမှန်မယ်။
စာကို စာလိုရေးနည်းကနေ စကားပြောရေးနည်းက မျက်စိအောက်မှာတင် ဖြစ်လာတာ။ တစစနဲ့ တွင်ကျယ်လာတယ်။ အဲတာမှာ သတ်ပုံတွေ ပျက်ကုန်တယ်။ အလွဲအမှားတွေရေးပြီး ရေးတော့အမှန် ဖတ်တော့အသံထုံးကို တလွဲသုံးနေကြတာ မှားတယ်။
တတွေကို မလိုအပ်ပဲ စသတ်တာ အဆိုးဆုံး။ ဖေါ်မြူလာတွေထွင်တာ တချို့တဝက်သာမှန်တယ်။ ပုံသေနည်းဆိုတာ အမြဲမှန်တာကိုသာ ခေါ်တယ်။
မြန်မာစာမှာတာဝန်ရှိသူတဦးက ခေတ်စကားတွေပေါ်တာ အကြောင်းမဟုတ်။ အသုံးများလို့ ကျန်နေတာတွေကို အဘိဓါန်ထဲ ထည့်လိုက်ရုံပဲလို့ပြောတာကို သဘော မတူပါ။ ဥပမာ လုပ်ရ ကို လုပ်က ပြောတာမျိုး။ သဒ္ဒါပါ ပျက်မယ်။ သဒ္ဒါပျက်ရင် စာပျက်ပြီ။ သတ်ပုံက အုတ်ခဲ။ သဒ္ဒါက ဘိလပ်မြေ။ တိုက်အိမ်တည်ချင် အုတ်စီတတ်ရမယ်။ အုတ်နီခဲလည်း ကောင်းမှ။ ဘိလပ်မြေ စပ်တတ်မှ။
ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments
Post a Comment