ရဲဘော် ငပိရည်နဲ့ အတို့စားမလား

ကွန်မင့်တခုရတယ်။ တို့တပ်မတော်လို့ ရေးထာတာကို ဒို့တပ်မဒေါ်လို့ မဖတ်ဘဲ တို့တပ်မတော်လို့ ဖတ်ပါသတဲ့။

တို့ဗမာအစည်းအရုံးဆောင်ပုဒ်တွေရှိတယ်။
ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ။ အဲတာတွေကို ဒို့သံထွက် ဖတ်ရတယ်။ ဒို့ဗမာသီချင်းကို တို့သံနဲ့ မဆိုခဲ့ပါ။

ဝဋ်ကြမ္မာ ဘဝပို့စရာ တချို့ သတ္တဝါတည်းဟူသော တို့ဗမာ သခင်ဗဟိုဝယ်၊ တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့ အလိုမငယ် (သခင်ကိုယ်တော်မှိုင်း)

တို့
ကုတို့ဆိပ်
ခါးကိုတို့သည်
စာရင်း တို့ (ရေးမှတ်) ထားသည်
ဆီတို့ဖူး
တို့ကနန်း ဆိတ်ကနန်း
တို့စရာနှင့် ငါးပိရည်
တို့တတ် ပင့်တတ်သူ
တို့တို့ဆိတ်ဆိတ်
တို့ထိသည်
တို့ဖတ်ပုဝါ
တို့ဖတ်
တို့ဗမာအစည်းအရုံး
တို့ကျောင်းသား
နာမည် တို့မှတ်ထားသည်
သူတို့လာကြပြီ
ဆေးတို့ပတ်
ဆေးလိပ် မီးတို့ပါ
မေ့ဆေးနှင့်တို့သည်
ရေမွှေးတို့ထားသည်

ခေါင်းလောင်းသံ တညံညံပေးတဲ့ ရွာကျောင်းကို ပြေးမြင်မိရင်
သတိရနေတယ် သူငယ်ချင်းရေ တို့များငယ်ငယ်တုန်းက ရွာအ၀င်လမ်းဆီကနေ
လက်ချင်းယှက်ကာ ပြေးကာလွှားကာ ကျောင်းတက်လာကြတာတွေ
မေ့နိုင်မှာလား မင်းတို့ငါတို့ ငယ်ငယ်တုန်းကလေ

တွံ့တေးသိန်းတန်သီချင်းမှာ ဒို့များငယ်ငယ်တုန်းက၊ မင်းဒို့ငါဒို့လို့ ဆိုပါတယ်။

ရှင်တို့၊ ငါတို့၊ သူတို့၊ မင်းတို့၊ ကလေးတို့၊ သားတို့သမီးတို့လို့ရေးပြီး အသံထွက်တော့ ဒို့သံထွက်ရတယ်။ ကျုပ်တို့ကို တို့သံ ထွက်ရတယ်။

ရဲဘော်တို့လို့ ရေးတာကို ရဲဘော်ဒို့လို့ ဖတ်ရတယ်။ ရဲဘော်တို့ဆိုရင် ရဲဘော်ကို ဆေးလိပ်မီး တို့ခိုင်းတာ။ ဒါမှမဟုတ် ငပိရည်နဲ့ အတို့ စားခိုင်းတာ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး