Patient Zero လူနာအမှတ် သုည

ဆရာခင်ဗျား patient zero ဆိုတဲ့အဓိပ္ပါယ်ကိုသိချင်လို့ပါ အခု virus မှာနိုင်ငံတိုင်းမှာ patient zero ကို သိအောင် လုပ်ရမယ်လို့ သိထားလို့ပါဆရာ သူငယ်ချင်းတယောက်ကပြောနေလို့ပါ နိုင်ငံအားလုံးနဲ့မဆိုင်ဘူး ပထမဆုံးလူ လို့ ပြောနေလို့ပါ။

COVID-19 ရောဂါပဌမဆုံးလူနာဟာ ၁၇-၁၁-၂၀၁၉ နေ့ကစခဲ့တယ်လို့ ၁၃-၃-၂၀၂၀ နေ့သတင်းမှာ ဖေါ်ပြထားတာ။ အဲဒီလူနာကို အမှတ်စဉ် သုညလို့ South China Morning Post က ရေးတယ်။ လူနာဟာ အသက် ၅၅ နှစ်အရွယ် ဟူဘိုင်း ပြည်နယ်ကဖြစ်တယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်က ဘာလဲမသိခဲ့သေးချိန်ကဖြစ်ပါတယ်။

၂၀၁၉ ဒီဇင်္ဘာလကုန်ကာနီးမှသာ ကရိုနာဗိုင်းရပ်စ်အသစ်လို့ သိလာတယ်။ သိလာပေမဲ့ တရုပ်အာဏာပိုင်တွေက သတင်းကိုတတ်နိုင်သမျှထိန်းထားခဲ့တယ်လို့ The Wall Street Journal ကရေးတယ်။ သတင်းစာတွေက အဲဒီလူနာဟာ တကယ်ပဲ လူနာအမှတ်သုညလို့ အခိုင်အမာ မပြောနိုင်ကြသေးပါ။ ဒိထက်စောတဲ့လူနာလည်း အခုထိ မတွေ့သေးပါ။

တရုပ်အာဏာပိုင်တွေက WHO ကို သတင်းပို့တာ ၃၁-၁၂-၂၀၁၉ နေ့ကဖြစ်တယ်။ အဲတာနဲ့ COVID-19 အမည်မှာ ၁၉ ပါတာ။ ကျွန်တော်သတင်းကို စတင်တာက ၄-၁-၂၀၂၀ နေ့ ဝူဟန်နူမိုးနီးယားလို့ ခေါင်းစဉ်တပ်ခဲ့တယ်။ COVID-19 လို့ ၁၁-၂-၂၀၂၀ နေ့ကမှသာ WHO က အမည်တပ်ပါတယ်။

သုတေသနအဖွဲ့တွေ့ရှိတာက ပဌမဆုံးလူနာဟာ ရောဂါလက္ခဏာတွေကို ၈-၁၂-၂၀၁၉ နေ့က စတင်ခံစားရပါသတဲ့။ အဲတာက လူနာအမှတ် (၁) ဖြစ်တယ်။ The Lancet ဂျာနယ်မှာ အဲဒီလူနာအမှတ် (၁) ဟာ ၁-၁၂-၂၀၁၉ နေ့က ဗိုင်းရပ်စ်ပိုးနဲ့ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်သစ်ဖြစ်လို့ Novel Coronavirus လို့ခေါ်တယ်။ အဲဒီရက်တွေအထိ  COVID-19 အမည်မရသေးပါ။

Coronaviruses ကရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အုပ်စုတခုဖြစ်တယ် အမျိုးအစားကွဲတွေများတယ်။ ပိုးအားလုံးဟာ အသက်ရှူလမ်းအထက်ပိုင်းမှာ အသင့်အတင့်ဆိုးတဲ့ရောဂါမျိုးရစေနိုင်တယ်။ ကမ္ဘာမှာဆိုးဆိုးဝါးဝါးဖြစ်စေလာတဲ့ အမျိုးအစား (၃) ခုရှိနေပြီ။

၁။ SARS coronavirus (SARS-CoV) အမျိုးအစားက ၂၀၀၂ ခု နိုဝင်္ဘာလမှာဖြစ်ခဲ့တယ်။ severe acute respiratory syndrome (SARS) ရောဂါရစေတယ်။ ၂၀၀၄ မှာ ပျောက်ကွယ်သွားပြီ။

၂။ MERS coronavirus (MERS-CoV) ပိုးအမျိုးအစားကနေ Middle East respiratory syndrome (MERS) ရောဂါ ရစေတယ်။ ၂၀၁၂ ခု စက်တင်္ဘာလမှာ။

၃။ အခုဖြစ်နေတာက SARS-CoV-2 ပိုး။ coronavirus disease 2019 (COVID-19) ရောဂါရစေတယ်။ ၂၀၁၉ ဒီဇင်္ဘာက စတယ်။ World Health Organization ကနေ ၁၁-၃-၂၀၂၀ နေ့မှာ global pandemic ကမ္ဘာ့ကပ်ရောဂါတခုလို့ ကြေငြာတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး