Fetal Measurements ဗိုက်ထဲကကလေး အရွယ်အစား

ဆရာရှင် ကျမ နေပြည်တော်မှာနေပါတယ် အသက်၂၈ ဒုတိယ ကိုယ်ဝန်ဆောင်ထားပါတယ် သိချင်တာလေးတခု မေးချင်လို့ပါ အာထွာဆောင်းရိုက်ရင် သိရတဲ့ due date က ကလေးအရွယ်စားကိုကြည့်ပြီး ဆုံးဖြတ်တာလားရှင့် ရာသီလာတဲ့ရက်နဲ့ တွက်တဲ့ due date နဲ့ အာထွားဆောင်း due date က ၃ပါတ်လောက်တောင်ကွာနေလို့ပါရှင့် အာထွာဆောင်းရိုက်တော့ ကိုယ်ဝန်က ၂၄ ပါတ်ပဲ ရှိသေးတယ်ပြောတယ်ရှင့် ရာသီ နောက်ဆုံးလာတဲ့ ပဌမဆုံးရက်နဲ့ တွက်ရင် ၂၈ပါတ်ပြည့်တော့မယ်ရှင့် ကလေးလှုပ်တာကလည်း နံရိုးနားထိ လှုပ်နေပါပြီ due date အမှန်ကို ဘယ်လို သိနိုင်လဲရှင့်

ကိုယ်ဝန်အသက်ကို (၁) LMP နောက်ဆုံးရာသီလာတဲ့နေ့နဲ့တွက်နည်း (၂) အာလ်ထွာဆောင်းနည်းတွေနဲ့တွက်တယ်။ အာလ်ထွာဆောင်းက တခါရိုက်ရင် တမျိုးလိုလိုထွက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့-နောက် ၁-၂ ပါတ်ကွာနိုင်တယ်။ စိုးရိမ်စရာမရှိပါ။

LMP တွက်ရင် နောက်ဆုံးရာသီလာစဉ်က ပထမဆုံးသွေးဆင်းတဲ့ရက်ကိုယူရတယ်။ EDD ခန့်မှန်းမွေးမဲ့ရက် သိချင်ရင် နောက်ဆုံးရာသီလာခဲ့တဲ့လထဲက ပဌမဆုံးသွေးဆင်းခဲ့တဲ့ LMP ရက်ထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်ရတယ်။ အာထွာဆောင်းရိုက်ရင်လဲ တခါရိုက်ရင်တခါ သန္ဓေရဲ့ အနု-အရင့်ကို မှန်းပေးမယ်။ ဘယ်နှစ်ပါတ် နဲ့ ဘယ်နှစ်ရက် ရှိပြီလို့ ရေးကြတာများတယ်။ အာထွာဆောင်းရိုက်တဲ့နေ့စွဲထဲကနေ သန္ဓေဘယ်လောက် ရင့်နေပြီ ဆိုတာကို နုတ်လိုက်ရင် ကိုယ်ဝန် စရှိခဲ့တဲ့နေ့ LMP ကို သိနိုင်တယ်။ အဲဒီထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းရင် ခန့်မှန်းမွေးမဲ့ရက် EDD သိလာတယ်။

အာထွာဆောင်း ရီပို့တ်ကို ရက်သတ္တပါတ်နဲ့ ရက်ကိုပဲ ရေးတယ်။ ကိုယ်ဝန်ဆောင်မှတ်တမ်းမှာ ရက်သတ္တပါတ်ကိုသာ ယူတယ်။ လကိုမယူဘူး။ နုတ်တဲ့အခါ သင်္ချာတော့ သုံးရတယ်။ ရက်-လ-ခုနှစ် ကိုက်အောင် ရက်သတ္တပါတ် နဲ့ ရက် ကို လဖွဲ့ယူရတယ်။ တခြားနေရာမှာ ဘာသုံးသုံး မွေးလူနာကို သင်္ချာတွက်ရင် တလမှာ ၄ ပါတ်၊ တလမှာ ရက် ၃ဝ ထား တွက်ကြရတယ်။ ပြက္ခဒိန်ကို မကြည့်ပါနဲ့။ ဘယ်နည်းနဲ့တွက်တွက် ကွက်တိမွေးလာတာ နည်းတယ်။

ကလေးကိုတိုင်းထွာပြီး ကွန်ပြူတာပါ အညွှန်းကိန်းတွေအရ ပျမ်းမျှတွက်ချက်ပေးတယ်။
(၁) Crown-rump length (CRL) ခေါင်းထိပ်ကနေ အောက်ခြေအထိ ဘယ်လောက် ရှည်သလဲဆိုတာ ၇-၁၃ ပါတ်မှာ အတိအကျ သိရပြီ။ နောက်တခါ ထပ်ရိုက်ပေမဲ့ ဒီကိန်ဂဏန်းက မပြောင်းရဘူး။

(၂) Biparietal diameter (BPD) ခေါင်းဘေးနှစ်ဘက် အကွာအဝေး၊ ကိုယ်ဝန် ၁၃ ပါတ်မှာ 2.4 cm ရှိနေရာကနေ မွေးခါနီးရင် 9.5 cm ရှိလာမယ်။ ကလေးခေါင်းအရွယ်အစား မတူတတ်တာများလို့ မွေးမဲ့ရက်တွက်ဘို့ရာ ဒီဂဏန်းကို သိပ်အားမကိုးထိုက်ဘူး။

(၃) Femur length (FL) ပေါင်အရှည် ကလေးတွေက အရပ်ရှည်မှာ မတူတတ်တာများလို့ မွေးမဲ့ရက်တွက်ဘို့ရာ ဒီဂဏန်းကို သိပ်အားမကိုးထိုက်ဘူး။ ၁၁ ပါတ်မှာ ၁ မီလီမီတာ၊ ၁၄ ပါတ်မှာ 1.5 cm ရှိရာကနေ မွေးကာနီးရင် 7.8 cm ရှိလာမယ်။

(၄) Abdominal circumference (AC) ကိုယ်ဝန်ရင့်ချိန်မှာ အရေးကြီးတဲ့ တိုင်းထွာချက်ဖြစ်တယ်။ ၁၁ ပါတ်မှာ ၅၊ မွေးခါနီးရင် ၃၅ဝ မီလီမီတာ ရှိတယ်။ အရေးကြီးဆုံး ကိန်းဂဏန်းဖြစ်တယ်။ ကလေး အသက်ထက် အရွယ်အစားနဲ့ ကိုယ်အလေးချိန်ကို ပိုသိသာတယ်။ မွေးမဲ့ရက်တွက်တာမှာတော့ သိပ်အားမကိုးရဘူး။

ယမုန်နာဆေးခန်းလေးမှာ မွေးပြီးသူ ၂ဝ၄ ယောက်ထဲမှာ EDD အတိအကျမွေးသူ ၅ ယောက်ပဲ ရှိတယ်။
• ၁ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၁ ရက်နောက်ကျမွေး ၈ ယောက် ( ကျား = ၃၊ မ = ၅)
• ၂ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၂ ရက်နောက်ကျမွေး ၁ ယောက် (ကျား = ၁)
• ၃ ရက်စောမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၃ ရက်နောက်ကျမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၄ ရက် စောမွေး ၁ ယောက် (မ = ၁)
• ၄ ရက် နောက်ကျမွေး ၄ ယောက် (ကျား = ၃၊ မ = ၁)
• ရက်အတိအကျ မွေးသူ ၅ ယောက် (ကျား = ၂၊ မ = ၃)

(၁) ဗိုက်စနာရင် (၂) အရည်ဆင်းရင် (၃) သွေးဆင်းရင် မွေးပေးမယ့်ဆေးခန်း-ဆေးရုံသွားပါ။ ကြားထဲမှာ စိတ်ကို အပြုသဘောဆောင်ပါလေ။

မေးခွန်း သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး