Susten ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး

ဆရာ ကျွန်မအသက်က ၃၇ နှစ်ပါ။ အခု ဒုတိယကိုယ်ဝန်က နှစ်လထဲမှာပါ။ ပထမကလေးက နှစ်နှစ်ပြည့်ပြီးပါပြီ။ ပထမ ကလေးမတိုင်ခင်က တယောက်ပျက်ကျဘူးပါတယ်။ ၁၁ ပါတ်နဲ့ပါ။ ကလေးက ဆက်မထွားတော့တာလို့ ပြောပါတယ်။ အခု အိုဂျီကိုပြကြည့်တော့ Susten 200 ကို မနက်တကြိမ်၊ ညတကြိမ် နှစ်ပါတ်သောက်ခိုင်းပါတယ်။ သောက်တာ တပါတ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်မ တအားမူး၊ ရင်တွေပြည့်ဖြစ်နေလို့ အဲဒီဆေးရဲ့ဆိုးကျိုးကြောင့်လားလို့ပါဆရာ။ အဲဒါနဲ့ အခုမသောက်တော့ဘဲနေနေတယ်။ ရှင်းပြပေးပါဦးဆရာ။ အဲဒီဆေးက Vagina ထဲလဲထည့်လို့ရတယ်လို့ ရေးထားလို့ မသောက်ဘဲထည့်ရင်ရော အဆင်ပြေလားဆရာ။

မေးခွန်းထဲက (တစ်) လေးလုံးကို တတွေပြင်လိုက်ပါတယ်။ ဆောရီး။ အရင်ကလည်း မေးကြပါတယ်။

၁။ ဆရာရှင့် သမီးကိုယ်ဝန် ၆ ပတ်ကျော်ရှိပါပြီ။ အဲ့ဒါ OG နဲ့ပြပြီး ultrasound လဲရိုက်ကြည့်ပြီးပါပြီ။ OG ကသမီးကို Susten 100 နဲ့ folic acid သောက်ခိုင်းပါတယ်။ ကိုယ်ဝန် ၃ လအထိသောက်ခိုင်းပါတယ်။ susten100 progesterone softgel အကြောင်းသိချင်လို့ပါဆရာ။ ရိုသေစွာဖြင့်။

၂။ ဆရာ Susten100 ကကိုယ်ဝန်ပျက်တတ်တဲ့သူတွေ ကိုယ်ဝန်ရှိတာနဲ့ သောက်လို့ရလားဆရာ။ ဘေးထွက်ဆိုးကျိုး ရှိလားဆရာ။ ဆရာဝန်မပြသေးခင်မညွှန်ကြားပဲသောက်မိရင်ရောအန္တရာယ်ရှိလားဆရာ။ အခုစာနဲ့ဆက်စပ်တာရော အရင်ဆရာရေးတဲ့စာမှာ ဖတ်ဖူးလို့ရော ဆက်စပ်ပြီး မေးမိတာပါဆရာ။ ပိုပြီးသိရအောင်လို့ပါ။

၃။ သမီးက ကိုယ်ဝန် ၇ လရှိပါပြီ။ ကိုယ်ဝန် စရှိတုန်းကတော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဆရာဝန်က Susten 100 ကို မနက်တစ်လုံး ညတစ်လုံး သောက်ခိုင်းပါတယ်။ အခု ကိုယ်ဝန် ၇ လရှိပြီဆိုတော့ အလုပ်နားလိုက်ပါပြီ။ Susten ကို ဆက်သောက်ခိုင်းပါတယ်။ အဲဒါ Susten သောက်ရင် ဆိုးကျိုးတွေဖြစ်နိုင်ပါလားရှင့်။

Susten ဆိုတာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးဖြစ်တယ်။ သန္ဓေသားကို သားအိမ်အတွင်းနံရံမှာ လာပြီး တွယ်ကပ်စေဘို့ရာမှာ အကူအညီပေးပါတယ်။ တနည်းအားဖြင့် ကိုယ်ဝန်မြဲစေဘို့ သုံးရတာပါ။ သန္ဓေသားကပ်ပြီးတဲ့ နောက်မှာလဲ အချင်းကနေ (ပရိုဂျက်စတီရုန်း) ကို လုံလောက်အောင် ထုတ်လာနိုင်တဲ့အချိန်ထိ ဆက်လုပ်ပေးနေပါမယ်။ ကလေးမွေးပြီးတာနဲ့ အချင်းကနေ (ပရိုဂျက်စတီရုန်) မထုတ်တော့ပါ။

Susten Gel နဲ့ Susten 100mg injection ထိုးဆေးရှိတယ်။ Susten 200 ကိုလည်း ကိုယ်ဝန်မြဲစေဘို့အတွက်သုံးတယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ဒီဟော်မုန်းက (အီစထိုဂျင်) ဟော်မုန်းနဲ့ တွဲပြီး ကူညီပါတယ်။ သားအိမ်အတွင်းနံရံကို သန္ဓေသားကပ်ဘို့ အဆင်သင့်ဖြစ်စေမယ်။ အချင်းကိုလဲ အလုပ်အတွက်ကူတယ်။ သားအိမ်ကိုလဲ လှုပ်ရှားမှု ဖြစ်မလာစေအောင် တားပေးသေးတယ်။ နို့ကိုလဲ ထွားလာစေမယ်။ နို့ရည်လဲ မမွေးမချင်း ထွက်မလာစေအောင်လုပ်တယ်။ သားအိမ်အဝမှာရှိတဲ့ အချွဲကိုအားပေးလို့ အပြင်ကနေ ရောဂါပိုး ဝင်မလာစေနိုင်ဘူး။ တင်ပါးဆုံတွင်းနံရံကိုလဲ မွေးတဲ့အခါအတွက် အဆင်သင့် လုပ်ပေးမယ်။

ဘယ်မှာသုံးမလဲ
- Fertility treatment (IVF) or GIFT ကလေးမရနိုင်သူတွေကို ဆေးအဖြစ် ဒီဟော်မုန်းပေးတယ်။
- Recurrent miscarriage ကိုယ်ဝန်ပျက်တတ်သူတွေ၊
- Amenorrhoea ရာသီမလာဘဲနေသူတွေ၊
- Abnormal uterine bleeding သွေးပုံမှန်မဟုတ်ဘဲဆင်းနေသူတွေ၊
- Palliative treatment of advanced, inoperable endometrial carcinoma သားအိမ်ကင်တာ နောက်ပိုင်းအဆင့် ရောက်နေသူတွေအတွက် သုံးပါတယ်။

ဘေးထွက်သက်ရောက်မှုများ
အန်ချင်၊ ဆီးသွားရခက်၊ နှာရည်ယို၊ ဝမ်းချုပ်-ဝမ်းလျှော၊ အစာပိုစာချင်၊ ကိုယ်အလေးချိန်တိုး၊ တချို့မှာ ကျ၊ ကိုယ်ရောင်၊ ဝက်ခြံပေါက်၊ အရေပြားအနီကွက်ထွက်၊ စိတ်မူပြောင်း၊ ရင်သားအနေရခက်၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ မောပန်း၊ ကြွက်သား-အဆစ်နာ၊ အသက်ရှူခက်။

Carbamazepine ဆေး၊ Phenytoin ဆေးနဲ့ Ciclosporin ဆေးတွေနဲ့ တွဲမပေးသင့်ပါ။ မွေးလမ်းကြောင်းထဲထည့်ရင် ဘေးထွက်သက်ရောက်မှု နည်းနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ