Sympathy and Empathy သနားစိတ် နှင့် ဆရာဝန်

အဘိဓါန်တွေမှာတော့ ဒီလိုဘာသာပြန်ကြပါတယ်။
Sympathy ဆင်ပသီ = သနားခြင်း၊ ကြင်နာခြင်း၊ ထောက်ထားညှာတာခြင်း။
Empathy အင်ပသီ = မျှဝေခံစားခြင်း။
Pathetic ပသက်တစ် = ရင်နင့်စိတ်ဖြစ်သော၊ သနားစိတ်ဖြစ်သော၊
Apathy အက်ပသီ = စိတ်မပါခြင်း၊ စိတ်မဝင်စားခြင်းကိုဆိုလိုတယ်။ စိတ်မဝင်စားလို့ စိုးရိမ်မှုလည်းမရှိ၊ ပါဝင်ပတ်သက်မှုလည်းမရှိတာကို ခေါ်တယ်။

ရေနစ်နေသူကို ရုတ်တရက်တွေ့တဲ့အခါ အက်ပသီသမားက သူနဲ့မဆိုင်သလိုနေမယ်။ ဆင်ပသီများလွန်းသူ သူကိုယ်တိုင်ရေထဲဆင်းမယ်။ အင်ပသီသမားကတော့ စဉ်းစားချင့်ချိန်ပြီးသာ ကယ်ဘို့လုပ်မယ်။ ဆင်ပသီက နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ်ထားတဲ့ စိတ်သဘောဖြစ်ပြီး၊ အင်ပသီကတော့ ဆွေမျိုးမိတ်သင်္ဂဟတွေအပေါ် ထားတာမျိုးဖြစ်တယ်။ နှစ်ခုလုံးဟာ အသိဉာဏ်ကလာတဲ့ ပရဟိတသဘောလည်း ဖြစ်တယ်။ အင်ပသီက နီးနီးကပ်ကပ် ဆက်စပ်မှုဖြစ်ပြီး ဆင်ပသီက စောင့်ရှောက်မှုပေးခြင်းသဘော ဆောင်တယ်။

ဆေးပညာရှုဒေါင့်ကနေ ဆင်ပသီ နဲ့ အင်ပသီ အကြောင်းရေးပါမယ်။ လူနာတဦးရဲ့ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင်လုပ်ပေးချင်တာကို ဆင်ပသီ လို့ခေါ်မယ်။ လူနာတဦးဖြစ်ပျက်ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို အင်ပသီ ခေါ်မယ်။ အင်ပသီ ဆိုတာ သူများမျက်စိနဲ့ကြည့်၊ သူများနားနဲ့ ကြားပြီး သူများနှလုံးသားနဲ့ ခံစားတာလို့ ဆိုပါတယ်။

ခင်ဗျားမှာဒီရောဂါဖြစ်ရတာ စိတ်မကောင်းပါဘူးဗျာလို့ပြောတာနဲ့ ကိုယ်အမူအယာပြတာတွေက အင်ပသီဖြစ်တယ်။ ခင်ဗျားမှာဒီရောဂါဖြစ်နေရတာကို အကောင်းဆုံးလုပ်ပေးပါမယ်လို့ မပြောရင်တောင်မှ တကယ်လုပ်ပေးတာမျိုးက ဆင်ပသီ ဖြစ်တယ်။

နှစ်မျိုးကတူပေမဲ့ ခြားနာပါတယ်။ ဆင်ပသီစိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ အင်ပသီစိတ်က ထပ်တူထပ်မျှခံစားတဲ့သဘောဆောင်ပါတယ်။ အင်ပသီစိတ်ဟာ နှစ်ဦးသားအကြား တိုင်ပင်မထားကြပေမဲ့ ဆုံးဖြတ် လုပ်ဆောင်တာမှာ သွားတူနေတာမျိုးပါ။ လူနည်းစုလေးတခုမှာရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ ဆင်ပသီက အင်ပသီလို တဖက်သား အနားမှာရှိနေမှဖြစ်တတ်တာ မဟုတ်ပါ။

လူနာကို ကုသပေးရာမှာ မတူတဲ့အကျိုးတွေရစေပါတယ်။ ဆရာဝန်က အင်ပသီစိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး ဝေဒနာရဲ့အမျိုးအစားနဲ့ အရည်အသွေး ဘာရောဂါလဲ၊ ဘယ်လောက်ဆိုးသလဲ ဆိုတာအပေါ် အာရုံထားပါမယ်။ ဆင်ပသီစိတ်နဲ့ကြည့်တဲ့ဆရာဝန်ကတော့ လူနာခံစားမှုရဲ့ အရည်အသွေး ဘယ်လိုနဲ့ ဘယ်လောက်အထိ ခံစားနေရသလဲ ဆိုတာကို မျှဝေခံစားတာမျိုး။

ဒါ့ကြောင့် အင်ပသီစိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ ဆင်ပသီစိတ်များတာဟာ ဆရာဝန်က ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ ကြားနေသဘော ပျက်ယွင်းတဲ့အတွက် ပြောင်းပြန်အကျိုးဖြစ်စေနိုင်တယ်။ တိတိကျကျ ပြောရရင် အင်ပသီ စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ ဆင်ပသီ စိတ် များတာက ဂငယ်မျဉ်းလို အစပိုင်းများတာက အကောင်းသဘော အတက်ဆီဦးတည်ပြီး၊ ဆက်များလာတာနဲ့ အောက်ပြန်ဆင်းသွားတာမျိုး။

ဟောပြောပွဲတခုမှာ ပြောသွားတဲ့ဘာသာရပ်ကို ဟောပြောသူဘယ်လောက် ဂရုတစိုက်လေ့လာသလဲဆိုတာ နားလည်နိုင်တယ်လို့ တယောက်က မှတ်ချက်ချမယ်။ နောက်တယောက်က ငါတော့ ဟောပြောသူဟာ ဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင်မရှိတဲ့အပေါ်မှာ သနားတောင်သနားသေးလို့ပြောတယ်။

အခြေအနေတခုမှာ အင်ပသီ ဖြစ်ပေမဲ့ ဆင်ပသီ မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က အင်ပသီစိတ်နဲ့သာလုပ်ပါမယ်။ မိမိလူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်မှာ ဖြစ်တဲ့စိတ်မျိုးက အင်ပသီဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ အင်ပသီရော၊ ဆင်ပသီပါ နှစ်ခုလုံးဖြစ်ပါတယ်။

အင်ပသီဆိုတာ တခြားသူတယောက်ရဲ့စိတ်ခံစားမှုကိုမျှဝေခံစားနိုင်စွမ်းဖြစ်တယ်။ ဆင်ပသီကိုကျော်လွန်သွားတယ်။ သူကိုယ်တိုင်ခံစားရသလိုသဘော သက်ရောက်တယ်။ ပိုနက်နဲတယ်။ ဆရာဝန်ကနေ ပိန်ချင်တဲ့လူနာကို အေးဗျာ ကိုယ်အလေးချိန်ချရတာ လွယ်တာတော့မဟုတ်ဘူးဗျ။ ကျွန်တော်ကိုယ်တိုင်လည်း ကြုံးဖူးတယ်။ အဲတာက အင်ပသီ။ အေးဗျာ ကိုယ်အလေးချိန်ချရတာက တောင်တက်ရသလိုပဲ ခက်တော့ခက်တယ်ဗျ။ အဲတာက ဆင်ပသီ။

ဆင်ပသီဆိုတာ ရိုးရိုးသားသားပြောတာနဲ့ နှလုံးသားနဲ့ခံစားတာဖြစ်နိုင်တယ်။ နာရေးတခုမှာ ဆင်ပသီဖြစ်ကြသူတွေ အများကြီးရှိနိုင်ပေမယ့် နာရေးကိုအလားတူကြုံထားသူမျိုးဆီကနေသာ အင်ပသီရစေနိုင်တယ်။ ဒေဝါလီခံလိုက်ရသူမှာ ဆင်ပသီဖြစ်ကြသူတွေသာရှိမယ်။

အင်ပသီစိတ်နဲ့ ဆင်ပသီစိတ် နှစ်မျိုးလုံးဟာ Compassion ကရုဏာစိတ်ရဲ့ အခြေခံတွေဖြစ်ကြပြီး၊ Love မေတ္တာမှာ နှစ်မျိုးလုံးက အကြုံးဝင်ကြပါတယ်။ သူများဒုက္ခကို နားလည်းခြင်း + လက်ခံခြင်း ရောထားတယ်။ အသိဉာက်နဲ့ သုတတွေကနေ အရင်းခံတာဖြစ်ဖြစ်၊ ပိုတိုးပွါးစေတာဖြစ်ဖြစ် ဖြစ်နိုင်တယ်။

ဒီနှစ်မျိုးလုံးဟာ Humanity လူဆန်တာတွေဖြစ်ကြတယ်။ အဲလိုမဖြစ်တဲ့သူများလည်းရှိတယ်။ Narcissistic အတ္တစွဲကြီးသူနဲ့ Sociopathic လူမှုရေးမသိနားမလည်သူလို့ သတ်မှတ်တယ်။ အဆိုးဆုံးလူမျိုးက Psychopathic စိတ်မူမမှန်သူဖြစ်တယ်။ အမြဲမဖြစ်သူတွေကိုသာ ဒီသတ်မှတ်ချက်မျိုးချသင့်တယ်။ ဗဟုသုတနည်းလို့ သနားစိတ် ထားရကောင်းမှန်းမသိလို့ မဖြစ်ကြသူတွေလည်းရှိတယ်။ မကြုံဖူးလို့လည်းမဖြစ်သူရှိတယ်။

အင်ပသီအလွန်ဖြစ်ပြန်ရင်လည်း အနုတ်သဘောဖြစ်သွားတတ်တယ်။ ဆက်ဆံရေးလွန်ကျူးတာမျိုး ဖြစ်လာစေနိုင်တယ်။ အင်ပသီဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ အင်ပသီစိတ်ကိုတော့ သင်ယူလေ့ကျင့်လို့ တိုးပွါးလာနိုင်ပါတယ်။ ဆင်ပသီစိတ်ဆိုတာကို သင်ပေးလို့မရပါ။

ထပ်ပြောပါရစေ။ အင်ပသီစိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ၊ ဆင်ပသီစိတ်များရင် ဆရာဝန် ဆုံးဖြတ်ချက်ချရာမှာ ကြားနေသဘော ပျက်ယွင်းတဲ့အတွက် ပြောင်းပြန်အကျိုးဖြစ်စေနိုင်တယ်။ ဒီစာလေးရေးထားတာ ၂ဝဝ၉ ကတည်းကပါ။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး