Chickenpox ရေကျောက်

၈-၃-၂ဝ၁၈ = ကျွန်မ အသက်က၂၈နှစ်ပါ။ ကျွန်မမှာ ၁နှစ်၁၀လအရွယ်သမီးလေးရှိပါတယ်။ အခုကျွန်မ ရေကျောက်တွေပေါက်နေလို့ပါဆရာ။ အခုဆို ၄ရက်ရှိပါပြီ။ ကလေးက မိခင်နို့မဆို့ရလို့ ငိုနေပါတယ်ဆရာ။ ရေကျောက်ရောဂါဖြစ်နေရင် မိခင်နို့တိုက်လို့ရမရပြောပြပေးပါ။ နို့မုန့်တွေ နွားနို့တွေလဲမသောက်လို့ပါ။ မိခင်နို့ဘေးမှာပါ အနာတွေထွက်နေလို့ပါ မိခင်နို့ညစ်ပြီးတော့ကောတိုက်လို့ရမရ ပြောပြပေးပါ။ စာမှာလိုအပ်ချက်ရှိရင် တောင်းပန်ပါတယ်ဆရာ။ ကလေးကအခု ၂:၀၀ နာရီအထိမအိပ်ဘဲငို့နေလို့ပါဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါဆရာ။

၂၂-၄-၂ဝ၁၇ = ဆရာရှင် မင်္ဂလာပါ သမီးလေးအသက် ၁၃ နှစ်ပါ။ အခုမှရေကျောက်တွေပေါက်နေလို့ပါ။ ရေကျောက်ဖြစ်ရင် ဆေးခန်းမပြရဘူးဆိုလို့ မပြရသေးပါ။ အယားသက်သာအောင် ဆေးသွားဝယ်သော်လည်း မရောင်းပေးပါ။ သူဖာသာ ပျောက်တတ်တယ်လို့ ပြောကြပါတယ်။ ဖြစ်ပြီးရင်ပြန်ဖြစ်တက်ပါသလားဆရာ။ မည်သို့ ကုသရပါမည်လဲရှင်။

၉-၄-၂ဝ၁၇ ဆရာ ကျွန်တော်သား ကျောက်ပေါက်နေလို့ပါဆရာ။ အသက် ၂ နှစ် ပါဆရာ ဘာတွေရှောင်ရမလဲဆရာ။ ကျေးဇူးပြု၍ မေးတာအမှားပါရင် ခွင့်လွှတ်ပါဆရာ။ ခေါင်းထဲမှာရော ပေါက်နေတာပါ လူကြီးတွေကတော့ ရေကျောက်လို့ ပြောပါတယ်ဆရာ။ ကလေးက ခုတော့ အရမ်းဆော့တယ်။ ထိုင်းမှိုင်းမနေဘူး ဆရာ။

၇-၃-၂ဝ၁၇ မင်္ဂလာပါဆရာ ရန်ကုန်မှာ ကလေးတွေ ရေကျောက်တွေပေါက်နေကြပါတယ်ဆရာ။ အရင်တင်ခဲ့တဲ့ Post ရှိရင် ကျေးဇူးပြု၍ ထပ်တင်ပေးပါလားဆရာ။

၁၇-၁-၂ဝ၁၇ ဆရာ ကျွန်မသမီးက ၂ နှစ် ၈ လပါ။ ရေကျောက်ပေါက်တာ ၅ ရက် လောက်ရှိပါပြီ။ ကလေးအထူးကု ဆရာဝန်ကတော့ Acylex သောက်ဆေးနဲ့ Acyclovir လိမ်းဆေးပေးပါတယ် တကိုယ်လုံးတော့ ပေါက်နေပါပြီ။ အရည်ကြည် ပေါက်တဲ့နေရာက ခြောက်ပြီးကွာလို့ ချိုင့်ခွက်တွေ ဖြစ်နေပါတယ်။ အမာရွတ် ကျန်ခဲ့နိုင်ပါသလားဆရာ။ အမာရွတ် မကျန်အောင် ချိုင့်ခွက်နေရာကို ဘာဆေးလိမ်းပေးရမလဲ သိချင်ပါတယ်။

၂၆-၅-၂ဝ၁၆ ကျွန်မသားလေး ၅ လရှိပါပြီ။ မနေ့က အနီစက်ကလေးတွေဖြစ်နေလို့ ကလေးအထူးကုနဲ့ပြတာ ရေကျောက်ပေါက်တယ်ပြောပါတာယ်ရှင့်။ ပိုးသတိဆေးနဲ့ ချောင်းနည်းနည်းဆိုးနေလို့ ချောင်းဆိုးပျောက်ဆေးပေးပါတယ်။ အခုပိုးသတ်ဆေးတိုက်တာ ၅ ကြိမ်ရှိပါပြီ။ ၆ နာရီခြားတိုက်ပါတယ်။ သားလေးက ညနေ ၄ နာရီလောက်တည်းက ဆီးမသွားတာ အခု ၈ နာရီကြာနေပါပြီ။ အဖျားမရှိ မအန်ဝမ်းမသွားပါရှင့်။ စိတ်အရမ်းပူနေလို့ပြန်လည်ဖြေကြားပေးပါရန် အနူးအညွတ် တောင်းပန်ပါတာယ်ွှရှင့်။ နို့လည်းစို့ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃-၅-၂ဝ၁၆ မင်္ဂလာပါဆရာ။ ကျွန်မတူ အသက် ၂၃ နှစ် ရေကျောက်ပေါက်နေလို့ပါရှင့်။ တော်တော်များပါတယ်။ မျက်နှာမှာပါ။ အရည်ကြည်ဖုအလုံးကြီးတွေ ထွက်ပါတယ်ဆရာ။ စိုးရိမ်ရလားမသိလို့ပါရှင့်။ ရေကျောက်မဟုတ်ပဲ တခြားရောဂါဖြစ်မှာလည်း ကြောက်လို့ပါရှင့်။ ဆေးခန်းလည်းပြထားပါတယ်ဆရာ။ ဆရာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေရှင့်။

၁၂-၃-၂ဝ၁၆ Chicken pox တွေ အခုတလော တော်တော်ဖြစ်နေတယ်ဆရာ။ ကျွန်တော်တို့နယ်ဘက်မှာ ကလေးရော လူကြီးရောပဲ။ Chicken pox ကို ရေကျောက်လို့ခေါ်တယ်လို့ သိရပါတယ်ဆရာ။ ပဲသီတာ (ပဲဒီတာ) လို့ အပြင်မှာ ခေါ်နေကြတာနဲ့ အတူတူပဲလားဆရာ။ သိချင်လို့ပါ။

ရောဂါအခေါ်အဝေါကိုအရင်မှတ်ပါ။ Chicken pox = ရေကျောက်။ Measles = ဝက်သက်။ Small pox = ကျောက်ကြီး။

ရေကျောက်ကို စတွေ့ခဲ့သူဟာ ပါရှားဆရာဝန်တဦး ဖြစ်တယ်။ ကလေးတွေမှာ အဖြစ်များပြီး တခြားဆင်တူတဲ့ ကူးစက်ရောဂါ ကျောက်ကြီး၊ ဝက်သက်တွေနဲ့ အသေအချာခွဲပြောခဲ့သူဖြစ်တယ်။ အသက် ၁၂ နှစ်အောက် ကလေးတွေမှာ အများဆုံးဖြစ်တယ်။ အလွန်ယားယုံတဲ့ အဖုလေးတွေကြောင့် အနေရခက်တယ်။ တုပ်ကွေးလိုနဲ့စတယ်။ ဆေးမကုလဲ ပျောက်မှာပါ။

Varicella-zoster ခေါ်တဲ့ (ဗိုင်းရပ်စ်) ကနေဖြစ်စေတယ်။ ကာကွယ်ဆေးရှိတယ်။ တနှစ်နဲ့ တနှစ်ခွဲကြား ကလေးတွေကို ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါ ထပ်ထိုးသင့်တယ်။ ကြီးတဲ့ကလေးတွေ ရေကျောက် မပေါက်ဘူးသေးရင်လဲ ကာကွယ်ဆေးထိုးသင့်တယ်။ တလခြား ၂ ခါထိုးပါ။

လေကနေတဆင့် ကူးစက်တယ်။ ချောင်းဆိုး-နှာချေရာကနေကူးတယ်။ အသားအရေချင်း ထိကပ်လို့လဲ ကူးနိုင်တယ်။
ပိုးဝင်ခံရပြီးနောက် ၁ဝ-၂ဝ ရက်နေမှ ရောဂါပေါ်တယ်။ အရင်ဆုံး ကိုယ်ပူမယ်။ ဗိုက်အောင့်မယ်။ လည်ချောင်းနာမယ်။ ခေါင်းကိုက်မယ်။ မအီမသာ ဖြစ်တယ်။ အသားတွေ နာမယ်။ ပျို့-အန်ချင်မယ်။ အစားပျက်မယ်။ Vesicular skin rash နီတဲ့၊ ယားတဲ့ အစက်အပျောက်လေးတွေ ဗိုက်-ကျောနဲ့ မျက်နှာမှာ စပေါ်မယ်။ နောက်တော့ တကိုယ်လုံး။ ခေါင်း၊ ပါးစပ်၊ နာရွက် နဲ့ လိင်အင်္ဂါတွေလဲ ပါမယ်။ သိသာမြင်သာတဲ့ အနီပြင်တွေဟာ ၄-၇ ရက်ကြာတယ်။ အရည်ကြည်ဖုလေးတွေက ၅ ရက်ဆို ပျောက်သွားမယ်။ အနီစက်ထွက်ပြီး ၄ ရက်အတွင်မှာ ကူးစက်တာ များတယ်။

ဖြစ်နေတဲ့ ကလေးကို -
- အစာမစားခင် လက်တွေကို အသေအခြာ ဆေးခိုင်းပါ။ မကြာမကြာဆေးတာ ပိုကောင်းတယ်။
- အနေရခက်တာတွေ သက်သာစေအောင် ရေအေးဝတ် ကပ်ပေးနိုင်တယ်။
- ရေနွေးချိုးပေးနိုင်တယ်။ တချို့က ၄ နာရီခြား ရေချိုးပေးတယ်။
- အယားသက်သာအောင် Oatmeal bath products ဆိုတာသုံးနိုင်တယ်။
- ယားတာကို မကုပ်ဘဲ ပွတ်သပ်ပေးပါ။
- Calamine lotion သုံးတာကောင်းတယ်။ မျက်စိထဲမဝင်စေနဲ့။
- Zinc oxide ပါတဲ့ဆေးလိမ်းတာလဲ သက်သာတယ်။
- Hydrocortisone cream တွေလိမ်းရင်လဲ ယားတာ သက်သာစေတယ်။
- Antihistamine (Cetrizine) အယားသက်သာဆေးလဲ သုံးနိုင်တယ်။
- Chlorine bleach (Sodium hypochlorite) ချွတ်ဆေးနဲ့ ဆေးကြောရင် ပိုးတွေသေစေတယ်။
- Acetaminophen/Paracetamol ပါရာစီတမော ပေးနိုင်တယ်။ Aspirin နဲ့ Ibuprofen တွေကို မသုံးပါနဲ့။

များသောအားဖြင့် မဆိုးပါ။ ကိုယ်ခံအားနည်းနေသူ၊ အာဟာရနည်းသူတွေဆိုရင် နောက်ဆက်တွဲ ဗက်တီးရီးယားပိုးဝင်လို့ ဆိုးတာတွေ ဆက်ဖြစ်နိုင်တယ်။ အသက်ကြီးသူဖြစ်ရင် ပိုဆိုးတယ်။ ယောက်ျားတွေမှာ ပိုဆိုးတယ်။ လူကြီး ၅ ယောက်မယ် တယောက်လောက်က Shingles ဆိုတဲ့ရောဂါ ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးနဲ့ ကုပေးရတယ်။ Shingles (ရှင်ဂဲလ်စ်) ဆိုတာ Herpes zoster ရေယုံတမျိုးကိုပြောတာဖြစ်တယ်။ ရေကျောက် ဗိုင်းရပ်စ်က ရောဂါ ပျောက်သွားပေမဲ့ အထဲကအာရုံကြော (တရှူး) တွေမှာ ကျန်နေရာကနေ ဖြစ်စေတယ်။ Shingles vaccine ကာကွယ်ဆေးကို အသက် ၅ဝ ကျော်သူတွေကို ပေးနိုင်တယ်။

ကင်ဆာ၊ HIV တွေမှာ ပိုဖြစ်တယ်။ စိတ်ဖိအားများသူတွေလဲ နောက်ဆက်တွဲရောဂါတွေ ရစေနိုင်တယ်။ နူမိုးနီးယား၊ အသည်းရောင်နဲ့ ဦးနှောက်ရောင်ဖြစ်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ တခြားသိပ်မဆိုးတဲ့ ဆက်တွဲရောဂါတွေကတော့ Impetigo, Cellulitis, Erysipelas အရေပြားအနာတွေဖြစ်တယ်။ နှလုံးရောင်၊ အသည်းရောင်နဲ့ ကျောက်ကပ်ရောင်တွေက ရှားတယ်။ ခုခံအားနည်းသူတွေမှာ သွေးယိုတာတွေ ဖြစ်လာနိုင်တယ်။ ဗိုင်းရပ်စ်ဆေးကို နှင်းခူနာ၊ နေလောင်နာ၊ ပန်းနာရှိနေသူတွေအတွက် သုံးနိုင်တယ်။

ကိုယ်ဝန်ဆောင်တုံးဖြစ်ရင် ၁ဝ% မှာ နူမိုးနီးယားဖြစ်စေမယ်။ ကိုယ်ဝန်ဆောင်နေသူတွေ ရေကျောက်ဖြစ်နေတဲ့ ကလေးနဲ့ ဝေးဝေးနေပါ။ အထူးသဖြင့် ကိုယ်ဝန် ၂ဝ-၂၈ ပါတ်။ အထဲက ကလေးအတွက် သတိထားဘို့လိုတယ်။ ကိုယ်ဝန်ဆောင်ဟာ အရင်ကကျောက်ပေါက်ဘူးထားရင် အထဲကကလေးအတွက်ပါ ရောဂါပြီးစေမယ်။ မွေးမဲ့ကလေးအတွက် တသက်လုံးတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ကလေးအသက် တနှစ်နေရင် ကာကွယ်ဆေး ထိုးပေးသင့်တယ်။ ကာကွယ်ဆေးက ၇ဝ-၈၅-၉၅% ထိရောက်တယ်။

ရေကျောက်ပေါက်တဲ့ ကလေးတိုင်းကို ပိုးသေဆေးတွေပေးဘို့မလိုပါ။ ဗက်တီးရီးယားဝင်မှ လိုတယ်။ ဗိုင်းရပ်စ်ဆေး Acyclovir Acyclovir or Valacyclovir ပေးတယ်။ Sorivudine ဆေးလဲ ရှိတယ်။နောက်ဆက်တွဲ ရောဂါတွေကနေ သက်သာစေဘို့ ဖြစ်တယ်။ အနီစက်တွေပေါ်ပြီး ၂၄ နာရီအတွင်းမှာ ပေးတာကောင်းတယ်။

အနီစက်တွေမထွက်ခင် ၂ ရက်ကစပြီး အနီပြင်တွေညိုမဲရာကနေ ပျောက်တဲ့အထိ သူများတွေကိုကူးစက်နိုင်တယ်။ တခြား ကလေးတွေအတွက် ဖြစ်တဲ့ကလေးကို အပြင်ကိုမထွက်စေတာ၊ ကျောင်းတပါတ်လောက် မသွားစေတာ ကောင်းတယ်။ Chicken pox parties ရောဂါရှိတဲ့ကလေးနဲ့ စုဝေးတာကိုခေါ်ပါတယ်။

Chickenpox Vaccines ရေကျောက်ကာကွယ်ဆေး ၂ မျိုးရှိတယ်။
၁။ Varicella (chickenpox) ရေကျောက် ကာကွယ်ဆေး
• တခါမှမထိုးဘူးသေးတဲ့ကလေး၊ ပဌမ = ၁၂-၁၅ လ၊ ဒုတိယ = ၄-၆ နှစ်။ (ပဌမအကြိမ်နောက် ၃ လနေရင်လဲ စောထိုးနိုင်တယ်။)
• ၁၃ နှစ်အထက်ကလေး၊ ပဌမ၊ ဒုတိယ = နောက် ၂၈ ရက် (တလ) အကြာ။

MMRV ကာကွယ်ဆေးထဲမှာ Measles ဝက်သက် + Mumps ပသိရောင်ရောဂါ + Rubella ရူဘဲလား (ဂျာမန်ဝက်သက်) + Varicella (Chickenpox) ရေကျောက် ကာကွယ်ဆေး ၄ မျိုးပါတယ်။

Dr. တင့်ဆွေ

Comments

  1. ဆရာ ကျမ အသက်၃၂ ပါ ကိုယ်တစ်ခုလုံး အနီ ပြင်တွေထွက်ပြီး ကိုယ်ပူတာ ၂ ၃ ရက်ရှိပါပြီ၊ ဆေးခန်းပြတော့ ရေကျောက်လို့ပြောပါတယ်။ ဘယ်လို လုပ်ရမလဲ ဆိုတာတာ ကူညီပါဦးဆရာ။အရေကြည်ဖုတော့မဟုတ်ဘူးဆရာ။

    ReplyDelete
  2. ဆရာ ကျမ အသက်၃၂ ပါ ကိုယ်တစ်ခုလုံး အနီ ပြင်တွေထွက်ပြီး ကိုယ်ပူတာ ၂ ၃ ရက်ရှိပါပြီ၊ ဆေးခန်းပြတော့ ရေကျောက်လို့ပြောပါတယ်။ ဘယ်လို လုပ်ရမလဲ ဆိုတာတာ ကူညီပါဦးဆရာ။အရေကြည်ဖုတော့မဟုတ်ဘူးဆရာ။

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး