Peace offensive ငြိမ်းချမ်းရေးထိုးစစ်

အခုတလော မြန်မာပြည်မှာ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့သတင်းတွေက ကြိုဆိုစရောတွေပါ။ လွန်ခဲ့တဲ့တနှစ်၊ ဆယ်နှစ်၊ နှစ်ငါးဆယ်လောက်ကနဲ့စာရင် ဒီသဏ္ဍမှာအတော်တိုးတက်လာတယ်လို့ မှတ်ယူကြမှာပါ။ ခက်တာက ကျွန်တော်တို့ လူမျိုးက စိတ်အားတက်စရာရှိရင် ဒိုင်းကနည်းတက်၊ ကျစရာရှိရင်လည်း ဘုံးကနည်း ကျတတ်ကြတယ်။ အများစုကလည်း အခုဖြစ်တာတခုလောက်ကိုသာကြည့်ပြီး ကောင်းလာပြီ၊ မကောင်းသေးဖူး ကောက်ချတတ်ကြတယ်။ သမိုင်းကြောင်းကိုပါ ကြည့်ပြီးမှ အဆိုးအကောင်းချင့်ချိန်သင့်ပါတယ်။

မြန်မာပြည်မှာ အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်ကြတာကို အခေါ်အဝေါ်အမျိုးမျိုးသုံးကြပါတယ်။ ပြည်တွင်းပဋိပက္ခ၊ သူပုန်ထခြင်း။ အတော်များများက ပြည်တွင်းစစ်လို့သုံးတယ်။ နိုင်ငံရးသိပ္ပံမှာ ပြည်တွင်းစစ်ဆိုတာ စုစည်းမှုရှိတဲ့အဖွဲ့တခုနဲ့ အစိုးရကြားစစ်ဖြစ်တာကိုခေါ်တယ်။ ရည်မှန်းချက်ကတော့ သူ့နယ်မြေကို လွတ်လပ်ရေးရချင်လို့ ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုထဲမှာ ဖြစ်ခဲ့တာတော့ထူးခြားတယ်။ ၁၉၄၅ နောက်ပိုင်း ကမ္ဘာမှာ ပြည်တွင်းစစ်ကြောင့် သေဆုံးရသူပေါင်း ၂၅ သန်းရှိပြီ။ ကနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကတော့ ကိုလမ်ဘီယာ၊ ဖိလစ်ပိုင်၊ အာဖကန်၊ ပါပူအာ၊ ယူဂန်ဒါ၊ ဆိုမာလီ၊ နိုက်ဂျီးရီးယား၊ ယီမင်၊ မြန်မာ (၇-၁၁-၂ဝ၁ဝ မှစ)၊ ဆီးရီးယား၊ လစ်ဗျား၊ ဗဟိုအာဖရိက၊ မာလီ နဲ့ တောင်ပိုင်းဆူဒန်မှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ပြည်တွင်းစစ်လို့ တညီတညွတ်တည်းခေါ်တာကတော့ ကွန်မြူနစ်လက်နက်ကိုင်တော်လှန်မှုကစတယ်။ သခင်စိုး (အလံနီ) အဖွဲ့ဟာ လွတ်လပ်ရေးရပြီး (၈) လအကြာ ရခိုင်ဖက်မှာတောခိုတယ်။ တချိန်တည်းမှာ မူဂျဟစ် ရခိုင် မွတ်ဆလင်တွေ ပုန်ကန်တယ်။ နောက်မှာ တိုင်းရင်းသားတွေက တဖွဲ့ပြီးတဖွဲ့လက်နက်ကိုင်လာကြတယ်။

ပြည်တွင်းစစ်တွေ ဘာကြောင့်ဖြစ်ရသလည်း။ လောဘတရားနဲ့ နစ်နာမှုတွေကြောင့်ဖြစ်တယ်။ (၁) တိုင်းရင်းသား မျိုးမတူသူတွေ၊ ကိုးကွယ်ရာဘာသာ မတူသူတွေ၊ လူမှုရေးရာကွဲပြားသူတွေအကြားမှာ စစ်ဖြစ်ကြတယ်။ (၂) စီးပွါးရေး အကျိုးအမြတ်အတွက် တိုက်ကြတယ်။ ပညာရှင်အများစု လက်ခံကြတာကတော့ စီးပွါးရေးနဲ့ တည်ဆောက်မှု အခြေခံတွေကနေ ဖြစ်စေတယ်။

၂၁ ရာစုအစောပိုင်းမှာ ပြည်တွင်းစစ်တွေဘာလို့ဖြစ်သလည်းဆိုတာကို ကမ္ဘာ့ဘဏ်ကနေလေ့လာခဲ့တယ်။ (ကိုလီယာ-ဟော့ဖလာ မော်ဒယ်) လို့ခေါ်တယ်။ ငွေကြေးရနိုင်မှု ဥပမာ ဆာရာလီယွန်းမှာ စိန်ထွက်လို့ ဖြစ်ခဲ့တယ်။ အခွင့်အလမ်း မျှော်ခိုးချက်အတွက် ၁၉၄၇-၄၈ မှာ ဗြိတိသျှပိုင် ပါလစ်စတိုင်းမှာဖြစ်ခဲ့တယ်။ စစ်ရေးအသာစီးရမှုကြောင့် ၁၉၄၆ မှာ တရုပ်ကွန်မြူနစ်တွေကနေ နွေဦးစစ်ပွဲတိုက်ခဲ့တယ်။ နစ်နာချက်တွေကြောင့်ဆိုတာမှာ စီးပွါးရေးအတွက် မဟုတ်ပဲ၊ နစ်နာနေသူတွေက သူတို့ရဲ့ သွင်ပြင်လက္ခဏာကိုရချင်လို့ လက်နက်စွဲကိုင်ကြတယ်။ အဲတာထဲမှာ စီးပွးရေးသာတူညီမျှမှု၊ နိုင်ငံရေးအခွင့်အရေး၊ တိုင်းရင်းသာစုစည်းမှု၊ ဘာသာရေး ကွဲပြားမှုတွေပါဝင်တယ်။ တခြားအကြောင်းတွေလည်းရှိပါတယ်။

ပြည်တွင်းစစ်တွေ ဘယ်လောက်ကြာတတ်သလည်း
စပိန် (၁၉၃၆-၁၉၃၉)၊ သိရိလင်္ကာ (၁၉၈၃-၂ဝဝ၉)၊ ဂွါတီမာလာ (၁၉၆ဝ-၁၉၉၆)၊ အယ်လ်ဆာဗာဒို (၁၉၇၉-၁၉၉၁)၊ နိုက်ကာရာဂွါ (၁၉၇ဝ-၁၉၉ဝ)၊ (၁၉၄၈ မှ ယနေ့အထိ) မြန်မာနိုင်ငံ။ ပြည်တွင်းစစ်တွေဟာ အများစုက ၄ နှစ်ကျော်ကျော် ကြာတယ်။ မြန်မာပြည်မှာက အကြာဆုံးလို့ စံချိန်တင်ထားတယ်။

မြန်မာပြည်ကပဋိပက္ခတွေက ရှုတ်ထွေးများပြားတယ်။ စာရင်းချကြည့်ပါမယ်။
၁။ ကူမင်တန် တရုပ်ဖြူ (၁၉၄၈-၁၉၆၂) ကျူးကျော်စစ်၊
၂။ အလံနီ ၁၉၄၈-၁၉၇၈၊
၃။ ဗကပ ၁၉၄၈-၁၉၈၈၊
၎။ ကရင် KNU ၁၉၄၉ ကတည်းက၊
၅။ ပအို့ PNO ၁၉၄၉-၁၉၉၁၊
၆။ မူဂျာဟီဒင် Mujahideen ၁၉၄၉-၁၉၅ဝ၊
၇။ ကချင် KIO ၁၉၆၁ ကတည်းက၊
၈။ ရှမ်း (SSA) ရှမ်းပြည်တပ်မတော်ကို ၁၉၆၄ မှာဖွဲ့ခဲ့တယ်။ ၁၉၇၆ မှာဖျက်ပြီး တောင်ပိုင်းတပ်နဲ့ မြောက်ပိုင်းတပ်လို့ သီးခြားဖွဲထားတယ်။ တောင်ပိုင်းတပ်ကို (SSA/RCSS) လို့လည်း ခေါ်တယ်။
၉။ ရှမ်း Shan State Volunteer Force (SSVF)၊ ၁၉၆၇-၁၉၈ဝ၊
၁ဝ။ ရှမ်း SSA ၁၉၈၈ ကတည်းက၊
၁၁။ ဝ UWSP ၁၉၈၈ ကတည်းက၊
၁၂။ ကျောင်းသားတပ်မတော် ABSDF ၁၉၈၈ ကတည်းက၊
၁၃။ ကိုးကန့် NDAA ၁၉၈၉ ကတည်းက၊
၁၄။ ရှမ်း SSNA (၁၉၉၅-၂ဝဝ၅)၊ WNA (၁၉၇၅-၁၉၈၈)၊
၁၅။ တအောင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်အဖွဲ့ (TNLA) ၁၉၉၂ ကတည်းက၊
၁၆။ ကရင် ဘုရားသခင်တပ်မတော် God's Army (၁၉၉၇-၂ဝဝ၆)၊
၁၇။ ကရင် DKBA ၂ဝ၁ဝ ကတည်းက။

စစ်အစိုးရလက်ထက်မှာ လုပ်ဆောင်ခဲ့တဲ့ အပစ်ရပ်စဲရေးများ
၁။ ကိုးကန့် National Democratic Alliance Army (NDAA)၊ အထူးဒေသ (၁)၊ ရှမ်းပြည်နယ်၊ ၂၁-၃-၁၉၈၉၊
၂။ ဝ United Wa State Army (UWSA)၊ အထူးဒေသ (၂)၊ ရှမ်းပြည်နယ်၊ ၉-၅-၁၉၈၉၊
၃။ ရှမ်း National Democratic Alliance Army (NDAA)၊ အထူးဒေသ (၄)၊ ရှမ်းပြည်နယ်၊ ၃ဝ-၆-၁၉၈၉၊
၎။ ရှမ်း Shan State Army (SSA)၊ အထူးဒေသ (၃)၊ ရှမ်းပြည်နယ်၊ ၂-၉-၁၉၈၉၊
၅။ ကချင် New Democratic Army (Kachin) (NDA-K) ၊ အထူးဒေသ (၁)၊ ကချင်ပြည်နယ်၊ ၁၅-၁၂-၁၉၈၉၊
၆။ ကချင် Kachin Defence Army (KDA)၊ အထူးဒေသ (၅)၊ ရှမ်းပြည်နယ်၊ ၁၃-၁-၁၉၉၁၊
၇။ ပအို့ Pa-O National Organization (PNO)၊ အထူးဒေသ (၆)၊ ရှမ်းပြည်နယ်၊ ၁၁-၄-၁၉၉၁၊
၈။ ပလောင် Palaung State Liberation Army (PSLA)၊ အထူးဒေသ (၇)၊ ရှမ်းပြည်နယ်၊ ၂၁-၄-၁၉၉၁၊
၉။ ကယန်း Kayan National Guard (KNG)၊ အထူးဒေသ (၁)၊ ကယားပြည်နယ်၊ ၂၇-၂-၁၉၉၂၊
၁ဝ။ ကချင် Kachin Independence Organization (KIO)၊ အထူးဒေသ (၁)၊ ကချင်ပြည်နယ်၊ ၂၄-၂-၁၉၉၄ မှ ၉-၆-၂ဝ၁၁၊
၁၁။ ကရင်နီ Karenni State Nationalities Peoples' Liberation Front (KNPLF) ၊ အထူးဒေသ (၂)၊ ကယားပြည်နယ်၊ ၉-၅-၁၉၉၄၊ 
၁၂။ ကယန်း Kayan New Land Party (KNLP)၊ အထူးဒေသ (၃)၊ ကယားပြည်နယ်၊ ၂၆-၇-၁၉၉၄၊
၁၃။ ရှမ်း Shan State Nationalities Peoples' Liberation Organization (SSNPLO)၊ ၉-၁-၁၉၉၄၊
၁၄။ မွန် New Mon State Party (NMSP)၊ မွန်ပြည်နယ်၊ ၂၉-၆-၁၉၉၅၊
၁၅။ ကရင် Democratic Karen Buddhist Army (DKBA)၊ ကရင်ပြည်နယ်၊ ၁၉၉၅၊
၁၆။ ရှမ်း Mongko Region Defence Army (MRDA)၊ မုန်းကိုး၊ ရှမ်းပြည်နယ်၊ ၁၉၉၅၊
၁၇။ ရှမ်း Shan State National Army (SSNA)၊ ရှမ်းပြည်နယ်၊ ၁၉၉၅၊
၁၈။ ကရင်နီ Karenni National Defence Army (KNDA)၊ ကရင်နီပြည်နယ်၊ ၁၉၉၆၊
၁၉။ ကရင် Karen Peace Force (KPF)၊ ကရင်ပြည်နယ်၊ ၁၉၉၇၊
၂ဝ။ ရခိုင်ကွန်မြူနစ် Communist Party of Burma (CPB)၊ ရခိုင်ပြည်နယ်၊ ၁၉၉၇၊
၂၁။ မွန် Mon Mergui Army (MMA)၊ မွန်ပြည်နယ်၊ ၁၉၉၇၊
၂၂။ ကရင် KNU Special Region Group Toungoo (KNU)၊ ပဲခူတိုင်း၊ ၁၉၉၇၊
၂၃။ ကရင်နီ Karenni National Progressive Party (KNPP)၊ ကယားပြည်နယ်၊ ၂ဝဝ၅၊ (၃ လသာခံ)၊
၂၄။ ရှမ်း Shan State Army – South (SSA-South)၊ ရှမ်းပြည်နယ်၊ ၂ဝဝ၆၊
၂၅။ ကချင် New Democratic Army-Kachin (NDAK)၊ ကချင်ပြည်နယ်၊ ၂ဝဝ၇၊
၂၆။ ကရင် Kayan National Liberation Army (KNLA)၊ ကရင်ပြည်နယ်၊ ၂ဝဝ၇၊
၂၇။ ကရင် Democratic Karen Buddhist Amy (DKBA)၊ ကရင်ပြည်နယ်၊ ၃-၁၁-၂ဝ၁၁ မှ ၁၉-၂-၂ဝ၁၂၊
၂၈။ ကရင် Kaloh Htoo Baw ကလိုထူးဘော်၊ ကရင်ပြည်နယ်၊ ၅-၁၁-၂ဝ၁၁၊
၂၉။ ချင်း Chin National Front (CNF)၊ ချင်းပြည်နယ်၊ ၈-၁-၂ဝ၁၂၊
၃ဝ။ ကရင် Karen National Union (KNU)၊ ကရင်ပြည်နယ်၊ ၇-၂-၂ဝ၁၂၊
၃၁။ ရှမ်း Restoration Council of Shan State (RCSS)၊ ရှမ်းပြည်နယ်၊ ၁၇-၁-၂ဝ၁၂၊
၃၂။ ရှမ်း Shan State Progressive Party (SSPP)၊ ရှမ်းပြည်နယ်၊ ၂၈-၁-၂ဝ၁၂၊
၃၃။ မွန် New Mon State Party (NMSP)၊ မွန်ပြည်နယ်၊ ၃၁-၁-၂ဝ၁၂၊
၃၄။ ကရင်နီ Karenni National Progressive Party (KNPP)၊ ကယားပြည်နယ်။ ၆-၃-၂ဝ၁၂၊

ဒီစာရင်းတွေကိုကြည့်ရင် လက်နက်ကိုင်အဖွဲ့စာရင်းထက် အပစ်ရပ်စာရင်းမှာ နှစ်ဆများနေတာတွေ့ပါမယ်။ ဘာလို့လည်း။ စစ်အစိုးရကနေ အပစ်ရပ်စဲရေးခေါ်တော့ မူရင်းအဖွဲ့တွေကနေ ခွဲထွက်ပြီးလိုက်ပါသွားကြလို့ဖြစ်တယ်။ တချို့ဆိုရင် ခွဲထွက်အဖွဲ့ထဲကနေ ထပ်ပြီးခွဲထွက်တာလည်းရှိတယ်။ ခွဲခြားအုပ်ချုပ်ရေးကို ဗြိတိသျှနယ်ချဲ့က ကျင့်သုံးခဲ့တာရှိတယ်။ Divide and rule (Divide and conquer) မဟာဗျူဟာဝေါဟာရက ဂရိခေတ်ကတည်းကစခဲ့တာပါ။ ဘီစီ (၃၈၂-၃၃၆) (မက်ဆီဒွန်) ဘုရင် ဒုတိယဖိလစ်ကနေစခဲ့တယ်။ ဗြိတိသျှကနေ အိန္ဒိယနဲ့ နောင်မှာ ပါကစ္စတန်ဖြစ်လာမယ့် ဒေသတွေကို အဲလိုခွဲခြားအုပ်ချုပ်သလို မြန်မာပြည်မှာလည်း ပြည်မနဲ့တောင်တန်းဒေသတွေကို ခွဲခြားအုပ်ချုပ်ခဲ့တယ်။

ငြိမ်းချမ်းရေးထိုးစစ်
မြန်မာ့သမိုင်းမှာ ငြိမ်းချမ်းရေးထိုးစစ်ဆိုတာနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာနှစ်ခုက သမိုင်းတွင်ပြီးသားရှိတယ်။ ၁၉၆၃ မှာ ဗိုလ်ချုပ်နေဝင်းကနေ ငြိမ်းချမ်းရေးထိုးစစ်စတင်ခဲ့တယ်။ ဧပြီ (၁) ရက် (ဧပရယ် ဖူးလ်) နေ့မှာ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာလိုက်တယ်။ အဲဒီအချိန်တွေမှာ အင်အားအကြီးဆုံး အဖွဲ့ကြီးတွေထဲက CPB ဗမာပြည်ကွန်မြူနစ်ပါတီထဲမှာရော KNU ကရင်အဖွဲ့မှာပါ သဘောထားကွဲခဲ့ကြတယ်။ CPB ထဲက ဗိုလ်ရဲထွတ်က (အဲဒီတုံးက ရန်ကုန်မှာရောက်သူ) က လက်ခံလိုက်တယ်။ KNU ကနေ KNUP နဲ့ စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ (KRC) ကွဲသွားတယ်။ သခင်စိုးရဲ့ အလံနီပါတီက ရန်ကုန်ကိုအရင်ဆုံးရောက်လာခဲ့တယ်။ ဆွေးနွေးပွဲသုံးကြိမ်အပြီးမှာတော့ ရုတ်တရက်ပျက်ပြားသွားပြီး၊ သြဂုတ်လ ၂ဝ မှာ သခင်စိုးအဖွဲ့ ရခိုင်ဖက်ပြန်သွားရတယ်။

အလံနီဌာနချုပ်ဟာ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊ မတ်လ(၂၄) ရက်မှာ အောက်ခြေအဆင့်သို့ သူပုန်ထရန် ညွှန်ကြားချက်များထုတ်ပြန်ခဲ့တယ်။ မတ်လ (၂၈) ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီတောခိုတယ်။ အလံနီပါတီကတော့ ၁၉၄၈ ခုနှစ်၊ မေလကျမှ လက်နက်စွဲကိုင်တိုက်ခိုက်မှုတွေစတင်ခဲ့တယ်။ အလံနီပါတီတောခိုပြီး ထကြွပုန်ကန်တဲ့အခါ သခင်စိုးက ထောင်ထဲမှာရှိနေခဲ့တယ်။

တရုပ်ပြည်ကနေလာတဲ့ CPB အဖွဲ့မှာတော့ ဗိုလ်ဇေယျဦးဆောင်ပြီး ၃ ဦးပါတယ်။ သူတို့ကို ပဲခူးရိုးမ၊ ပေါက်ခေါင်းမှာရှိတဲ့ ဗဟိုဌာနချုပ်အထိ သွားခွင့်ပေးခဲ့တယ်။ ၂-၉-၁၉၆၃ နေ့မှာ ဆွေးနွေးပွဲစတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး နိုဝင်္ဘာ ၁၄ ရက်မှာ ပျက်ပြားသွားပါတယ်။ တော်လှန်ရေးကောင်စီဖက်က သဘောထားတွေကတော့ ၁။ သတ်မှတ်ထားတဲ့ နေရာတွေမှာသာ နေရမယ်။ ၂။ ခွင့်ပြုချက်မရရင် မထွက်ရ။ ၃။ စည်းရုံးရေးလုပ်ငန်းတွေ ရပ်စဲရမယ်။ ၄။ ငွေစုဆောင်း ရှာဖွေမှု မလုပ်ရ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ (၁၉၈ဝ-၈၁)
ဦးနေဝင်းအစိုးရဟာ (NAM) ဘက်မလိုက်လှုပ်ရှားမှုအသင်းကြီးထဲကနေ ထွက်ခဲ့ဘူးတယ်။ ၁၉၇၉ ခုနှစ် ကျူးဘား၊ ဟာဗားနားမှာကျင်းပတဲ့ အစည်းအဝေးမှာ ကွန်မြူနစ်ဆိုဗီယက်နဲ့ ဗီယက်နမ်တို့ကနေ ကြိုးကိုင်ခြယ်လှယ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ လုပ်ခဲ့တာဖြစ်တယ်။ အဲလိုလည်းလုပ်ပြီးရော တရုပ်နိုင်ငံခြားရေးဝန်ကြီး (ဟွမ်ဟွာ) ရန်ကုန်ကိုလာတယ်။ ၁၉၈ဝ မှာ သူ့ကိုထိုင်းနယ်စပ်ကနေ လက်နက်ကိုင်ပုန်ကန်နေတဲ့ ဝန်ကြီးချုပ်ဟောင်းဦးနု ပြည်တော်ပြန်လာတယ်။ (ဗကပ) ကတော့ မိုင်းယောင်းကိုတိုက်တယ်။ တဆက်တည်းမှာ အဲဒီနှစ် စက်တင်္ဘာမှာ စကားပြောဖို့ကမ်းလှမ်းလိုက်တယ်။ တရုပ်နိုင်ငံ ပီကင်း (ဘေဂျင်း) အောက်တိုဘာဆွေးနွေးပွဲကို ဗကပ ခေါင်းဆောင် သခင်ဘသိန်းတင်ကဦးဆောင်တယ်။ အဲဒီအချိန်မှာ KIO နဲ့ ဦးနေဝင်းအစိုးရ ရန်ကုန်မှာစကားပြောနေပြီ။ ဦးနေဝင်း ရုတ်တရက် ပီကင်းရောက်လာတယ်။ ဒုတိယအကြိမ်ဆွေးနွေးပွဲက လာရှိုးမှာလုပ်တယ်။ (မဆလ) ဖက်ကအဆိုပြုတာက (ဗကပ) ကို ဖျက်သိမ်းပေးရမယ်။ နယ်မြေဖျက်သိမ်းပေးရမယ်။ (မဆလ) ဖက်ကကိုင်ပြောတာက ၁၉၇၄ တပါတီစနစ်အရ ရေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဆွေးနွေးပွဲတွေကို ဦးနေဝင်းက မေလ ၁၄ ရက်မှာ အဆုံးသတ်လိုက်တယ်။

လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ခေါ် ငြိမ်းချမ်းရေးထိုးစစ်
• ၁၈-၈-၂ဝ၁၁ နေ့မှာ လက်ရှိသမတကနေ အဆင့် (၃) ဆင့်ပါ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကမ်းလှမ်းခဲ့တယ်။
• Peace Working Committee ကနေ အပစ်ရပ်စဲရေးလမ်းညွှန် (၅) ချက်ထုတ်ပြန်တယ်။
• Union Level Peace Negotiation ကနေ (၈) ချက်ကိုထုတ်ပြန်ခဲ့တယ်။
• Myanmar Peace Centre (MPC) အဖွဲ့ကို ၃-၁၁-၂ဝ၁၂ နေ့မှာ ဖွဲ့လိုက်တယ်။

အပစ်ရပ်အဖွဲ့များ
၁။ UWSA/P ဝ အဖွဲ့ = ၆-၉-၂ဝ၁၁
၂။ NDAA-ESS ကိုးကန့် = ၇-၉-၂ဝ၁၁
၃။ DKBA-5 ကရင် = ၃-၁-၂ဝ၁၁၊
၎။ RCSS / SSA ရှမ်း = ၂-၁၂-၂ဝ၁၁၊
၅။ CNF ချင်း = ၆-၁-၂ဝ၁၂၊
၆။ KNU ကရင် = ၁၂-၁-၂ဝ၁၂ ၊
၇။ SSPP / SSA ရှမ်း = ၂၈-၁-၂ဝ၁၂၊
၈။ NMSP မွန် = ၁-၂-၂ဝ၁၂၊
၉။ KNU/KNLA (Peace Council) ကရင် = ၇-၂-၂ဝ၁၂၊
၁ဝ။ KNPP ကရင်နီ = ၇-၃-၂ဝ၁၂၊
၁၁။ ALP/ALA = RSLP ရခိုင် = ၅-၄-၂ဝ၁၂၊
၁၂။ NSCN-K နာဂ = ၉-၄-၂ဝ၁၂၊
၁၃။ PNLO ပအို့ = ၂၅-၈-၂ဝ၁၂၊
၁၄။ ABSDF ကျောင်းသား = ၁ဝ-၈-၂ဝ၁၃။

အပစ်ရပ်မလုပ်သေးတဲ့အဖွဲ့များ
၁။ AA ရခိုင်၊
၂။ KIA ကျချင်၊
၃။ TNLA တအောင်း၊
၎။ LDU လားဟူ၊
၅။ WNO ဝ၊
၆။ ZRO ဇိုမီး၊

မှတ်ချက်။
၁။ Zomi Reunification Organization/Army (ZRO/ZRA) ဇိုမီးပြန်လည်ပေါင်းစည်းရေးအဖွဲ့နဲ့ သူ့တပ်က အိန္ဒိယနိုင်ငံမှာ အခြေစိုက်တယ်။ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်တာမရှိပါ။
၂။ Kuki National Organization/Army ကူကီးအဖွဲ့နဲ့တပ်ဟာလည်း အိန္ဒိယနိုင်ငံမှာအခြေစိုက်တယ်။ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်တာမရှိပါ။
၃။ အိန္ဒိယနိုင်ငံအစိုးရကို လက်နက်ကိုင်တိုက်နေတဲ့ အာသန် (အဆန်)၊ မဏိပူပြနည်နယ်ကအဖွဲ့တွေက မြန်မာ့မြေပေါ်မှာ စစ်အစိုးရလက်ထက်ကတည်းက အခုထိနေထိုင်ကြပါတယ်။ စုစုပေါင်း အဖွဲ့ ၆ ဖွဲ့ကနေ ၁ဝ ဖွဲ့အထိရှိနိုင်တယ်။ United Liberation Front of Assam (ULFA) အဆမ် (အာသန်)၊ National Democratic Front of Bodoland (NDFB) အဆမ် (အာသန်)၊ National Socialist Council of Nagaland (NSCN-K) နာဂ၊ United National Liberation Front (UNLF) မဏိပူ (ကသည်း) အဖွဲ့တွေက ကြီးတဲ့အဖွဲ့တွေဖြစ်ကြတယ်။ ၁၉၉ဝ မေလမှာ မွန်ဂိုလွိုက်ရုပ်ရည်ရှိသူများစုပေါင်းအဖွဲ့ Indo-Burma Revolutionary Front (IBRF) ကိုဖွဲ့တော့ ULFA နဲ့ UNLF တို့ ပါကြတယ်။ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ဆက်စပ်မှုရှိတယ်။

အဖြေရှာခြင်း
မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာဆိုတာ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားအရေးလို့ အကြမ်းဖျဉ်း သရုပ်ခွဲကြတယ်။ အဖြေထုတ်ရာမှာလည်း (စစ်မှန်တဲ့) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလို့ ပြောကြတယ်။ အပြည့်စုံဖူးလို့ယူဆပါတယ်။ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တွေထဲမှာ ဖက်ဒရယ်စနစ်ကိုတောင်မှ လက်မခံတဲ့အဖွဲ့တွေ တကယ်ရှိပါတယ်။

ဗမာနဲ့ ဗမာဟုတ်သူတွေကြား အဆင်မပြေမှုကလက်နက်ကိုင်ပြီး အကြာကြီးတိုက်ကြတဲ့အထိ ကြီးမားတယ်။ NDF ကို ၁၉၇၆ မှာ ဗမာမပါပဲ ကရင်၊ မွန်၊ ကချင်၊ ရှမ်း၊ ပအို့၊ ကယား၊ ဝ နဲ့ လားဟူ အဖွဲ့တွေကနေ ဖွဲ့ခဲ့တယ်။ ဗကပနဲ့ NDF တို့ ၁၉၈၆ မှာသဘောတူညီချက်ရတယ်။ ဒါဟာ ဗမာဆိုရင်မယုံကြဖူးကြတယ်လို့ဖေါ်ပြလိုက်တာ ဖြစ်တယ်။ (မှတ်ချက်။ National Democratic Front နာမည်နဲ့ အဖွဲ့တွေက ကမ္ဘာမှာအများကြီးရှိတယ်။ ဗီယက်နမ်၊ ဗဟိုအာဖရိက၊ ဂိုင်ယာနာ၊  အိန္ဒိယ၊ အီရန်၊ မက်ဆီကို၊ ပီရူး၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ဆီးရီးယား၊ ယီမင်)။

ဆယ်စုနှစ်တွေကြာလာတဲ့ခါ စစ်အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ဗမာတွေနဲ့ တိုင်းရင်းသားတွေကြားမှာ နားလည်မှုတွေ တိုးတက်ကောင်းမွန်လာတယ်။ ဒါပေမဲ့ အားနည်းနေသေးတယ်။ ဒါကြောင့် ပြဿနာအရင်းခံဟာ တခုတည်းသာလို့ ပြောနိုင်လာတယ်။ လူမျိုးစုလက္ခဏာမပါတဲ့ စစ်အာဏာရှင်စနစ် (သို့) စစ်တပ်ကနေ ကြီးစိုးထားတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဟာလည်း အဲဒီစနစ်ကို အကောင်အထည်ဆက်ဖေါ်ရေးသာ ဖြစ်တယ်။

သခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းစစ်ကြီးမဖြစ်အောင်ကြိုးစားခဲ့တယ်။ ဖြစ်လာပြီးတော့လည်း ငြိမ်းချမ်းရေး ပြန်တည်ဆောက်ရန်ဖို့ တို့ဗမာအစည်းအရုံးကို ပြန်ဖွဲ့စည်းခဲ့တယ်။ ၁၉၅၁ခုနှစ်မှာ ပြည့်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ (People's Peace Front) ကိုဖွဲ့စည်းခဲ့တယ်။ မင်းလှ-ရန်ကုန် ၆ ခရိုင်ချီတက်ပွဲတွေလုပ်ခဲ့တယ်။ လူထုထောက်ခံမှုက အတော်ကြီး အားကောင်းခဲ့တယ်။ (RUSU) နဲ့ (ABFSU) ကျောင်းသားသမဂ္ဂတွေကနေ ထမင်းထုပ်တွေအလှူခံပြီး ဝေငှခဲ့ကြတယ်။

နိဂုံး
သမိုင်းဆိုတာ ဆက်တိုက်ဖြစ်နေတာပါ။ တပတ်လည်တယ် မလည်ဖူးဆိုတာ တိကျတဲ့ကောက်ချက်မဟုတ်ပေမယ့် ဆင်တူဖြစ်တာတွေကတော့ အမှန်ရှိတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို နှိုင်းယှဉ်ကြည့်ရင် -
(၁) ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရကတည်းက အခုထိမအောင်မြင်သေးဘူး။
(၂) ကြိုးပမ်းမှုတွေရှိရင် လူထုကထောက်ခံအားပေးကြတယ်။ ဒါပေမယ့် လက်ရှိကြိုးပမ်းမှုမှာ သခင်ကိုယ်တော်မှိုင်းတို့ လုပ်ခဲ့သလောက် အားတက်သရောမရှိပါ။ မယုံကြည်မှုက ပိုများနေတယ်။
(၃) အပစ်ရပ်စဲရေးအဆင့်ကိုသာ အမြင်ဆုံးဦးတည်နိုင်သေးတယ်။
(၄) ကြိုးပမ်းမှုတွေရှိတိုင်းမှာ အဖွဲ့တွေကြားခွဲခြားခံရတာ၊ ဒါမှမဟုတ် ကိုယ့်အဖွဲ့ထဲကနေ ခွဲထွက်ကြတာတွေရှိတယ်။
(၅) အစိုးရဖက်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကိုင်ပြောတယ်။ သူတို့အလိုကျ ရေးဆွဲထားတာဖြစ်လို့ပါ။
(၆) လက်ရှိကြိုးပမ်းမှုမှာ အဆင့်တခုခုထိတော့ ရလာစရာရှိတယ်။ ဒါပေမယ့် အာမခံချက်မရှိပါ။
(၇) ဆင် အဖြူဖြူနင်းနင်း အမည်းနင်းနင်း ခံနိုင်မယ်တော့မထင်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၅
၅-၄-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး