BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ

၁။ ဆရာတင်ထားတဲ့ပို့စ် bppv အရက်မသောက်ဘဲမူးတဲ့ရောဂါ အဲ့ဒါလေးတွေဖတ်ချင်တာ ဖတ်မရဘူးဖြစ်နေတယ်ရှင့် ဘယ်လိုကြည့်ရလည်းရှင့်။

၂။ ကျမ အသက်က ၃၈ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေး ၂ ယောက်ပါ။ အခု (့) နိုင်ငံမှာ နေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲ၊ ၃ နှစ်ခန့်ကတည်းက ခေါင်းငုံ့ပြီး တခုခု လုပ်တဲ့အခါမှာ ပြန်မော့ရင် ခေါင်းမူး မူးနေပါတယ်။ အိမ်သာတက် ရေသုံးပြီး ရင်တောင် အဲလို ဖြစ်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ခေါင်းငုံ့ပြီး လျှော်ရင် အဝတ် လျှော်တဲ့အခါ ခေါင်းငုံ့ပြီး အဝတ်ကို ခပ်ကြာကြာလေး ဆပ်ပြာ တိုက်တဲ့အခါ၊ ရေချိုးရင်လည်း ခြေထောက်ကို မတ်တပ်ကနေ ငုံ့ပြီး တိုက်တဲ့အခါ၊ လှေကားတွေကို သတိထားပြီး ခေါင်းငုံ့ပြီး တက်လာရင် အပေါ်ရောက်တဲ့အခါ မူးတဲ့အခါမှာ ကိုယ်ကို မထိန်းနိုင်ပဲ ယိုင်သွားတာမျိုး ဖြစ်ပါတယ်။ တခေါက်ဆို လုံးဝကို ပစ်လဲကျတဲ့အထိ ဖြစ်ဖူးပါတယ်။ အသက်ရှူမဝလို့ ရင်ကြပ်တဲ့အခါ ရှူတဲ့ Asmol inhalar လည်းရှူပါတယ်။ လည်ပင်းလည်း နည်းနည်းကြီးနေပါတယ်။ ပြီးခဲ့တဲ့နှစ်က စဖြစ်တာပါ။ အသက်ရှူမဝတာနဲ့ ခေါင်းမူးတာဟာ လည်ပင်းကြီးရောဂါကြောင့်များလား။

၃။ အမျိုးသား ဒီနေ့ ဆရာဝန်သွားပြတာ Benign Paroxysmal Positional Vertigo (BPPV) ဖြစ်တာလို့ ပြောတယ်။ ဆရာဝန်ပေးတဲ့ စာရွတ်တွေကို ပို့ပေးလိုက်ပါတယ်။ သူပြောတာ မရှင်းလို့ ကျေးဇူးပြုပြီး ရောဂါအကြောင်းနဲ့ ဘယ်လို လေ့ကျင့်ခန်း လုပ်ရမလဲဆိုတာကို ရှင်းပြပေးပါ။

Benign paroxysmal positional vertigo (BPPV) ဆိုတာ နားအတွင်းပိုင်း ရောဂါတခု ဖြစ်တယ်။ လူ (ခေါင်း) အနေထား ပြောင်းတဲ့အခါ မူးတတ်တယ်။ Vertigo ခေါင်းမူးရောဂါ လာပြသူပေါင်း ၆ သန်းထဲမှာ (BPPV) ဖြစ်သူ ၁၇-၄၂% ပါတယ်။ Motion sickness ကားမူးရောဂါက သပ်သပ်ဖြစ်တယ်။ အရက်မသောက်ဘဲ မူးတာ အလဲလို အနည်းဆုံး ၃ မျိုး ရှိတယ်။

လူကြီးတွေကိုတွက်ရင် တဝက်ရှိတယ်။ အသက်ကြီးသူတွေဆိုရင် နားအလည်ပိုင်းက အိုနာလို ဖြစ်လို့ပါ။ ငယ်သူတွေက ခေါင်းခိုက်မိလို့က များတယ်။ (မိုင်ဂရင်း) ရောဂါနဲ့ တွဲနေတတ်တယ်။ ဗိုင်းရပ်စ် ကြောင့် Vestibular neuritis ရလို့လဲ ဖြစ်တယ်။ တချို့မှာ ဘာလို့ ဖြစ်လဲ မသိပါ။

• ရောဂါလက္ခဏာအစစ်ဆိုတာ ပတ်ခြာလည်ပြီး မူးမယ်၊
• ခေါင်းကို လည်သလိုလုပ်မှ ဖြစ်တယ်။
• ခဏသာ ကြာမယ်။ ဆေးစာမယ် Paroxysmal လို့သုံးတာ အဲဒါကြောင့်ပါ။ အသက်ကို အန္တရာယ်မပေးနိုင်တာ။
• အနေအထား ပြောင်းတာနေ စတယ်။
• ပျို့တာက များတယ်၊ အန်တဲ့အထိဖြစ်တာ ရှားတယ်။
• ဖြစ်လာရင် အမြင်အကြည့် ခက်လာမယ်။
• ခေါင်းထဲမှာ ပေါ့နေမယ်၊
• ကိုယ်ကို မထိန်းနိုင်ဖြစ်မယ်၊
• မျက်စိဟာ ဖြစ်တဲ့နားဘက်ဆီ လည်မယ်။ ဆတ်ကနဲ ဆတ်ကနဲ စက္ကန့် ၃ဝ လောက်ကြာမယ်၊
• ထုံတာ၊ အားယုတ်တာလို တခြား အာရုံကြောရောဂါ လက္ခဏာတွေ မရှိပါ။

လူတိုင်းရဲ့ Inner ear အတွင်းနားထဲမှာ Otoconia ခေါ်တဲ့ Calcium crystals (ကယ်လ်စီယမ်) ပုံဆောင်ခဲလေးတွေ ရှိတယ်။ BPPV ရောဂါရှိနေသူတွေမှာ ဒါတွေက Utricle မှာ ပိတ်နေသလို ဖြစ်နေတယ်။ နောက်ပြီး Semicircular canals စက်ဝိုင်းထက်ခြမ်းပုံ ပြွန်လေးတွေထဲ ရောက်သွားတတ်တယ်။ ခေါင်းက အနေအထား ပြောင်းတဲ့အခါ၊ ကမ္ဘာ့ဆွဲအားကို လိုက်ပြင်ရရင် အဲဒီ အစိုင်အခဲလေးတွေက အရည်အပြောင်းအလဲကို ဒုက္ခပေးလို့ မူးလာစေတယ်။ တခါတလေ ပုံဆောင်ခဲ လေးတွေက သွားကပ်နေကြတယ်။

မူးတာကို ဖြစ်စေတဲ့ အနေအထား သတ်သတ်မှတ်မှတ် ရှိတယ်။ လူနာကိုယ်တိုင်သိတယ်။ မမူးခင် ၅-၁ဝ စက္ကန့် ကြာသေးတယ်။ မူးတာက ၅-၁၂ဝ စက္ကန့် ကြာတယ်။ မိုးရွာခါနီး၊ နှင်းကျခါနီး အိပ်ရေးပျက်ရင်၊ စိတ်ရှုတ်စရာရှိရင်၊ ပိုဆိုးတယ်။ ခေါင်းကို ဟိုဘက်ဒီဘက် လှည့်တာ၊ အိပ်ရာပေါ်မှာ ခေါင်းလှည့်တာ၊ ခေါင်း မော့တာ ငုံ့တာ၊ ရုတ်တရက် ခေါင်းအနေအထား ပြင်တာ၊ အရင်ကခေါင်းခိုက်မိထားဘူးတာ၊ မျက်စိကို စူးစိုက်လို့မရ ဖြစ်လာမယ်။

Dix Hallpike Test စမ်းသပ်နည်းနဲ့ ရောဂါသေခြာအောင် လုပ်ရတယ်။ ဖြစ်နေတဲ့သူကို ထိုင်နေရာကနေ ပက်လက်လှဲ၊ ခေါင်းကို ၄၅ ဒီဂရီ တဖက်ကိုစောင်း၊ ၂ဝ ဒီဂရီ နောက်ပြန်ခိုင်းတဲ့အခါ Nystagmus ခေါ်တဲ့ Jumping of the eyes မျက်လုံးတွေ ခုန်လာတာ တွေ့ရရင် ဒီရောဂါရှိတာ သေခြာတယ်။ မျက်လုံးက အထက်ကို ခုန်ပြီး လည်နေမယ်။ မျက်လုံးရဲ့ အထက်ပိုင်းဟာ အောက်စိုက်တဲ့ဘက်မယ် ရှိမယ်။ Electronystagmography စမ်းသပ်နည်းလဲ ရှိတယ်။

ကုသနည်း ၂ မျိုးမက ရှိတယ်။
၁။ Canalith repositioning procedure (CRP) or Epley maneuver နဲ့
၂။ Liberatory or Semont maneuver ဖြစ်တယ်။

ကမ္ဘာ့ဆွဲအားကို သုံးပြီး အနယ်အမှုံတွေ အောက်ကျအောင်လုပ်နည်း CRP ကို ဆရာဝန်ကနေ သင်ပေးတာ ဖြစ်တယ်။ နောက်နည်းကတော့ လူနာကိုယ်တိုင် လုပ်လို့ရတယ်။ ဘယ်ဟာ ပိုကောင်းသလဲ ပြောလို့ မရသေးပါ။ ဆေးပေး ကုနည်းကို ရုတ်ရက်ဖြစ်သူတွေနဲ့ ဆိုးဆိုးဝါးဝါးဖြစ်သူတွေကိုသာ ပေးတယ်။ Anti-histamine ဆေးနဲ့ Anti-cholinergic ဆေးတွေ ဖြစ်တဲ့ Meclozine Meclozine (Bonine, Bonamine, Antivert, Postafen, Sea Legs, Dramamine) နဲ့ Scopolamine (Levo-duboisine, Hyoscine) တွေ ဖြစ်တယ်။ ရောဂါလက္ခဏာတွေ သက်သာအောင် လုပ်တာသာ ဖြစ်တယ်။

BPPV ရောဂါဟာ တချို့မှာ သူ့ဖါသူ သက်သာလာတတ်တယ်။ ခေါင်းအုံးမြင့်မြင့် သုံးပါ။ မူးတတ်သလိုမျိုး မအိပ်ပါနဲ့။ မနက် ထရင် ခပ်ဖြေးဖြေးထပါ။ မထခင် ကုတင်စွန်းမှာ ၁ မိနစ်ထိုင် စောင့်နေပါ။ ခေါင်းငုံ့ပြီး တခုခုကောက်ဘို့ မလုပ်ပါနဲ့။ တဖက်ဖက် စောင်းတာလဲ ဂရုစိုက်ပါ။ အလှပြင်ဆိုင်၊ သွားဆေးခန်းမှာ အထူးသတိရှိပါ။ Motion sickness medications Dimenhydrinate (Dramamine, Driminate, Gravol, Gravamin, Vomex, Vertirosan) ကားမူးပျောက်ဆေးတွ သုံးနိုင်ပါတယ်။ ၂ လနဲ့ ပျောက်သွားနိုင်တယ်။

Epley Maneuver နည်းကို တတ်ကျွမ်းတဲ့ ဆရာဝန်ကနေ လုပ်ပေးတယ်။ ၈ဝ% ပျောက်တယ်။ ၂ နည်းရှိတယ်။ မပြန်ခင် ဆေးခန်းမှာ ၁ဝ မိနစ်စောင့်ရသေးတယ်။ ကားမောင်းမပြန်ပါနဲ့။ ခေါင်းကို ၄၅ ဒီဂရီစောင်းအိပ်ပါ။ နေ့ခင်းမှာလဲ ခေါင်းကို မတ်မတ်ထားပါ။ ခေါင်းလှုတ်ရမဲ့ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ပါနဲ့။ မျက်နှာသစ်တာ၊ အမွှေး ရိတ်တာ၊ ခေါင်းလျှော်တာ၊ မျက်စဉ်းခပ်တာလဲ ခေါင်းမငုံ့ရအောင် လုပ်ပါ။ ၁ ပါတ်ကြာရင် အရင်ကမူးတတ်တဲ့ အနေအထားကို သတိနဲ့ စမ်းလုပ်ရမယ်။

ဒီနည်းနဲ့ မရသေးတဲ့ ၂ဝ% တွေကို Epley exercises လုပ်ခိုင်းမယ်။ အထူးလုပ်တဲ့ Rotational chair ကုလားထိုင်၊ DizzyFIX တွေ သုံးနိုင်တယ်။

ခွဲစိတ်ကုသနည်းက ခက်ပါတယ်။ Canal plugging နည်းကတခု ဖြစ်တယ်။ ခွဲစိတ်ကုသနည်း Semi-circular canal occlusion ကို အမြဲမလုပ်ပါ၊ လုပ်ရတာ ခက်တယ်။ အာရုံကြောထိမှာ သတိကြီးရတယ်။

• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://dts-medicaleducation.blogspot.com/2011/04/bppv.html
• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ) http://dts-medicaleducation.blogspot.com/2011/01/vertigo.html
• Dizziness အမူးရောဂါ http://doctortintswe.blogspot.com/2015/05/dizziness.html

Dr. တင့်ဆွေ
၎-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး