Advice for Water festival သင်္ကြန်တွင်းကျ ယူကျုံးမရမဖြစ်ရအောင်

ဒီစာရေးတာ ၄ နှစ်ရှိပြီ။ အရင်ဆုံးတင်စဉ်က ဖတ်ခဲ့သူပေါင်း သောင်းဂဏန်းမနည်းပါ။ စာနဲ့ပူးတွဲ တင်ခဲ့တဲ့ဓါတ်ပုံမှာ မြန်မာမိန်းကလေးတွေ လက်ထဲမှာ ခွက်ကိုယ်စီကိုင်ထားကြတယ်။ ပို့စ်တင်ပြီးနောက်ရက်မှာ တယောက်ကနေ တိုက်ရိုက်စာရေးလာတယ်။ ဆရာ အဲဒီထဲကတယောက်က ကျမပါ၊ ဖျက်ပေးပါဆရာတဲ့။ သူ့ဆီက စာရတာနဲ့ တခါတည်းဖျက်လိုက်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပုံဖျက်ရင် စာပါပျက်တော့ ပို့စ်ပါအသစ် ပြန်တင်လိုက်ရတယ်။ နောက်ထပ်ဖတ်သူပေါင်းလည်း သောင်းဂဏန်းကျော်တာပဲ။ အဲဒီပုံက ခုထိ ဂူဂယ်အင်မေ့ခ်ျထဲမှာရှိသေးတယ်။

သင်္ကြန်တွင်းမှာ ပျော်စရာကိုသာရှာသူတွေ ဒုက္ခပင်လယ်ဝေရတဲ့ဇာတ်လမ်းတွေကို လူသူမသိပေမယ့် တကယ်ရှိပါတယ်။ အသားကို သူများမြင်အောင်ဝတ်တာ၊ စကားကို ပီအောင်မပြောတာ၊ မိန်းကလေးလည်း အရက်သောက်တာတွေဟာ ခေတ်မီတယ်ဆိုပြီးလုပ်သူတွေရှိသလို အဲတာ ဖိတ်ခေါ်တာပဲလို့ သိသူတွေကသိတယ်။ ကိုယ်ကမဟုတ်ပေမယ့်လည်း ရောအထင်ခံရတာလည်းရှိတယ်။

၁။ သောက်စရာမှန်သမျှ ရေကအစ ဆင်ခြင်ကြပါ။ သောက်စရာ ဘယ်ကနေလာသလဲ သိနေအောင်လုပ်ပါ။ ပုလင်း၊ ဗူး၊ ခွက်ကအစ ကိုယ့်ပါးစပ်ထဲရောက်တဲ့အတိ မျက်ခြေမပြတ်ပါစေနဲ့။ အများစုဝေးသောက်သုံးစရာထဲကဆို ပိုသတိကြီးကြပါ။

၂။ မျက်စိအောက်က ခဏလေးပျောက်သွားတဲ့ ကိုယ့်ခွက်ကို ပြန်မသောက်တော့ပါနဲ့။ ခွက်ကို တခုခုနဲ့ ဖုံးပေးထားပါ။ တနေရာမှ ချထားပြီးသားကို ပြန်မသောက်ပါနဲ့။

၃။ အဖေါ်ကနေ ကိုယ့်အတွက် ဆိုင်ကနေမှာသောက်တာဆိုလဲ ဈေးရောင်းတဲ့သူတိုင်းကို မယုံပါနဲ့။ ဈေးရောင်းသူနဲ့ ကိုယ့်အဖေါ် ဆက်ဆံရေးကိုလဲ အကဲခတ်တတ်ပါ။ မျက်စပြစ်ပြတာ၊ လက်ကုပ်တာ စတာမျိုးလဲ အဓိပ္ပါယ် ဖွင့်တတ်ပါစေ။

၎။ သောက်စရာထဲမှာ ဆေးရည်၊ အစက်ချဆေး၊ ဆေးမှုံတွေဟာ အနံ့၊ အရောင်၊ အရသာ မသိနိုင်တာများတယ်။ ကိုယ့်ရှေ့မှာ ဖေါက်ပေးတာကိုသာသောက်ပါ။ ဒါလဲ ကြိုတင်ပြီး ဆေးထိုးအပ်နဲ့ မူးယစ်ဆေး၊ လိင်စိတ်ကြွဆေး ထည့်ထားတာမျိုးလည်း ရှိနိုင်တယ်။ ရောသောက်ရတာမှာ ရောတာတိုင်းကို သတိထားရမယ်။

၅။ တခုခုသောက်ပြီး မူးဝေလာသလို၊ အိပ်ချင်လာသလို၊ စိတ်မူပြောင်းလာသလို တခုခုထူးတာနဲ့ ဆေးအကူအညီ တောင်းဘို့ ချက်ချင်းလုပ်ပါ။ မသိသူတွေကနေ ကူမယ်ပြောတိုင်းလဲ မယုံပါနဲ့။ ရဲကိုအကူအညီယူပါ။ ကြက်ခြေနီ အကူအညီယူပါ။

၆။ ကိုယ့်ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ဖေ့စ်ဘွတ် အိုင်ဒီ သူများကို မပေးပါနဲ့။ ကိုယ်တယောက်ထဲရှိနေတုံးမှာ အနားကပ်လာသူတိုင်းကို မယုံပါနဲ့။

၇။ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အပြုမူတမျိုးမျိုး အချိန်မရွေး လာလုပ်နိုင်တယ်ဆိုတာကို ခေါင်းထဲမှာထားပါ။ လက်ကို ကိုင်တွယ်တာကအစဖြစ်တယ်။ ခေါင်းညိတ်တာကို မလွယ်ပါစေနဲ့။

၈။ ရင်းနှီးတဲ့သူငယ်ချင်း၊ သမီးရည်းစား၊ ယူဘို့စိတ်ကူးထားသူ ဘယ်သူ့ကိုမဆို စည်းကမ်းသုံးတန်နဲ့ တားထားပါ။ စည်းကျော်လာတာနဲ့ တွန်းလှန်ဘို့ သတ္တိရှိပါ။

၉။ ကိုယ်ဘယ်ကိုသွားမလဲဆိုတာ အနည်းဆုံး တယောက်ယောက်ကို အသိပေးထားခဲ့ပါ။ နေရာပြောင်းတိုင်းလဲ အကြောင်းကြားပါ။ မိန်းကလေးဖေါ်ပါရင် သူဘယ်မှာ၊ ကိုယ်ဘယ်မှာဆို အဆက်အသွယ်အမြဲမပြတ်ရှိနေပါ။

၁ဝ။ လက်ကိုကိုင်တာ၊ ပါးကိုနမ်းရှုံတာလေးနဲ့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ အစပျိုးမှုကလေးကနေ ဘဝဆိုးအထိ ဆက်နိုင်ဘို့ လမ်းဖွင့်ပေးတာနဲ့ တူပါမယ်။

၁၁။ အိမ်ပြန်ပို့ပေးမယ်ဆိုသူ၊ ဟိုနားသွားရအောင်ခေါ်သူ၊ စားရသောက်ရအောင် ဖိတ်သူတွေဟာ အကြံနဲ့ဆိုတာ အမြဲသံသယရှိထားပါ။

၁၂။ နေရတာ စိတ်လုံခြုံမှု နည်းတယ်ထင်တဲ့နေရာမှာ ဆက်မနေပါနဲ့။ စိတ်ချရတဲ့နည်းနဲ့ စိတ်ချရတဲ့နေရာကို ပြောင်းပါ။

၁၃။ ကိုယ့်ကိုခြိမ်းခြောက်မှုရှိထာကို ငြိမ်မနေပါနဲ့။ တခြားလူတွေကို သိစေအောင် ဆူညံမှုတခုလုပ်ပါ။ နံရံကို ခြေနဲ့ကန်တာ၊ တခုခုအသံဆူအောင်လွှတ်ချတာ၊ အော်ဟစ်တာ စသည်။ အဲလိုအခြေအနေမျိုးများ သိပ်သဘောကောင်းသူ၊ သည်းခံတတ်သူလို့ ကိုယ့်ကိုအထင်မခံချင်ပါနဲ့ လူကြမ်း၊ စိတ်ကြမ်းသူလို တမင်တကာပြုမူပါ။ ကိုယ့်ကိုအထင်သေးသွားပါစေ။ အနားကလူတိုင်းဟာ ကိုယ့်အိမ်ထောင်ဘက် ဖြစ်လာမှာ မဟုတ်ပါ။

၁၄။ အပြောကောင်းသူ၊ မြူဆွယ်သူတွေ လူကဲခတ်တတ်ပါစေ။ အပြောတမျိုး အလုပ်တမျိုးလာနိုင်တာလဲ သတိထားပါ။ ရွယ်တူတွေကဆွဲဆောင်တိုင်း၊ မဟုတ်မထင်ပါနဲ့။ လိင်မှုကိစ္စသာမကပါ၊ ရာဇဝတ်မှုကျူးလွန်ဘို့ အဖေါ်စပ်ရာမှာလဲ မပါမိစေနဲ့။ ခိုးမှု၊ တိုက်မှုသာ မဟုတ်ပါ။ ဆေးပြားရောင်းတာ၊ လက်ဆင့်ကမ်းပေးတာမှာလဲ ကြံရာပါမဖြစ်ပါစေနဲ့။

၁၅။ ကိုယ်ဝတ်ဆင်တဲ့အဝတ်အစား၊ ကိုယ်နဲ့တွဲသွားသူ၊ ကိုယ်ကျင်လည်ရာနေရာတွေဟာ ရန်သူကိုဖိတ်ခေါ်နေတာမျိုး ဖြစ်နိုင်တယ်။

၁၆။ သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဆိုတာခံလိုက်ရပြီးရင် ဘယ်နေရာမှာ ဘာဖြစ်ခဲ့တယ်လို့ ပြန်မပြောနိုင်တဲ့ မေ့ဆေးအစွမ်းရှိတယ်။ ညစ်ညမ်းဆေးဝါးတွေဟာ နည်းနည်းထည့်တာသောက်မိတာနဲ့ လိင်ပိုင်းမှာ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ဘဝရောက်သွားတယ်။ ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီတွေကလဲ အတူတူဘဲ။

၁၇။ ပြုကျင့်မဲ့သူအများစုက သင့်အရိပ်အကဲကို အရင်ကတည်းက ခတ်ထားပြီးဖြစ်နိုင်တယ်။ သင်္ကြန်မတိုင်ခင်ကထဲက နောက်ယောင်ခံနေတာလဲရှိနိုင်တယ်။

၁၈။ သူများ အကျဉ်းအကြပ်နဲ့ ဒုက္ခရောက်နေရင်လဲ ကိုယ်တိုင်ဖြစ်ဖြစ် အကြောင်းကြားပေးတာ၊ အကူအညီ ခေါ်ပေးတာမျိုးနဲ့ ကူညီပါ။

၁၉။ မသင်္ကာတာနဲ့ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ကို ကိုယ့်ဖုန်းမှာ အလွယ်နှိပ်နိုင်အောင် အဆင်သင့်လုပ်ထားပါ။ ရောက်နေတဲ့အရပ်က ရဲစခန်းစတာမျိုးကို သိထားပါ။

၂ဝ။ ကိုယ်မြင်တာ သိတာကို ရဲကနေမေးရင် ထုတ်ဖေါ်ပြောဘို့ ဝန်မလေးပါနဲ့။ ဥပဒေအကာအကွယ်ရှိတာကိုလဲ အသုံးချပါ။

- Guidance for girls and women သင်္ကြန်တွင်းကြ ယူကျုံးမရ မဖြစ်ရအောင် http://doctortintswe.blogspot.com/2014/10/advice-for-water-festival.html
- Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/date-rape-drugs.html
- Dirty drugs ညစ်ညမ်းဆေးတွေ http://doctortintswe.blogspot.com/2014/10/dirty-coffee.html
- Lady coffee လေဒီကော်ဖီ http://doctortintswe.blogspot.com/2014/11/dirty-drugs.html
- Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ http://doctortintswe.blogspot.com/2014/10/predatory-drugs.html
- Warning to girls and women အမျိုးသမီး-မိန်းကလေးတွေ သတိပေးပါရစေ http://doctortintswe.blogspot.com/2014/10/warning-to-girls-and-women.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)