မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, January 23, 2017

တောင်ငူဘုရင် နတ်သျှင်နောင်

ZawnaingMe Zawnaing Jan 23, The right side စာပေပညာရှင်များ post ထဲမှာ နတ်ရှင်နောင် စာလုံးပေါင်း ထားပါတယ်။ ဆရာယခုတင်တဲ့ post ထဲမှာကျပြန်တော့ နတ်သျှင်နောင် ဆိုပြီးရေးသားထားရာမှာ ၂ ခုလုံးကအမှန်တွေလား။ တခုက မှားနေတာလားဆရာ။

တနှစ်တိတိကရေးထားတာလေး ပြန်တင်ပါရစေ။ နတ်ရှင်နောင်လို့ ရေးကြပေမယ့် မြန်မာ့စွယ်စုံကျမ်းမှာ နတ်သျှင်နောင်လို့ ရေးတယ်။ သမိုင်းကြောင်းသာမက ရေးထားခဲ့တဲ့ ရတုစာသားတွေကို လက်လှမ်းမီရာရှာတော့ အမျိုးမျိုး ကွဲပြားနေတာ တွေ့ရတယ်။ သတ်ပုံ၊ သမိုင်းအချက်အလက်တွေ အတတ်နိုင်ဆုံးအမှန်ကို အကျဉ်းခြုံးရေးပါရစေ။

မင်းရဲသီဟသူဟာ ၁၅၈၄ ခုမှာ တောင်ငူဟံသာဝတီမှာ နန်းသစ်တည်ပြီး၊ မဟာဓမ္မရာဇာဘွဲ့နဲ့ နန်းစံတယ်။ သားတော်ကြီး နတ်သျှင်နောင်ကို အိမ်ရှေ့အရာထားတယ်။ ၁၁-၃-၁၆ဝ၃ နေ့မှာ ဘုရင့်နောင်ရဲ့သမီးတော်နဲ့ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောရဲ့နှမတော် ရာဇဓာတုကလျာနဲ့ လက်ထပ်ပေးတယ်။ ရာဇဓာတုကလျာဟာ ဘုရင့်နောင်ရဲ့ မိဘုရားတပါးဖြစ်တဲ့ ရာဇဒေဝီဘွဲ့ခံ တပယင်း စတုဂါမဏိရဲ့သမီး ရှင်ထွေးလှတို့ကနေ ၉၂၁ ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်၊ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့သူဖြစ်တယ်။ နတ်သျှင်နောင်ထက် (၁၃) နှစ်ကြီးတယ်။ အဒေါ်နဲ့ တူတော်တယ်။ ဒါ့ပြင် ပထမကြင်ရာတော် မဟာဥပရာဇာနဲ့ နတ်သျှင်နောင်တို့ တဝမ်းကွဲညီအကိုဖြစ်လို့ မရီးတော် မတ်လည်းတော်သေးတယ်။ သူတို့ထိမ်းမြားစဉ်က ရာဇဓာတုကလျာက (၄၃) နှစ်နှင့် (၄) လနဲ့ နတ်သျှင်နောင်က အသက် (၃ဝ) သာ ရှိသေးသည်။ ၁၆ဝ၃ အောက်တိုဘာလမှာ ရာဇဓာတုကလျာ ကွယ်လွန်လို့ (၇) လသာပေါင်းဖက်လိုက်ကြရတယ်။

နတ်ရှင်နောင်ကို ၁၅၇၈ ခုမှာမွေးတယ်။ သူ့ဖွားသက္ကရာဇ်နဲ့ပတ်သက်ပြီး၊ အငြင်းပွားတယ်။ ဦးချမ်းမြ (မြကေတု) က ၉၃၃ ခုနှစ်လို့ အကိုးအကားအထောက်အထားတွေနဲ့ပြတယ်။

ခမည်းတော် နတ်ရွာစံတော့ နတ်သျှင်နောင်က သီဟသူရဘွဲ့မည်ကိုခံယူပြီး ကေတုမတီတောင်ငူထီးနန်းစံတယ်။ ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးတယ်။ ထီးနန်းစံတာ တနှစ် မပြည့်မီမှာ (အင်းဝ) အဝဘုရင် မဟာဓမ္မရာဇာခေါ် အနောက်ဘက်လွန်မင်းက တောင်ငူကို လာတိုက်တယ်။ နတ်သျှင်နောင်ဟာ အနောက်ဘက်လွန်မင်းလက်အောက်ခံ ဖြစ်သွားတယ်။ သူရော အနောက်ဘက်လွန်မင်းပါ ဘုရင့်နောင်ရဲ့ မြေးတွေဖြစ်တယ်။ ဆွေမျိုးတွေ၊ အနုပညာသည်တွေ၊ စာဆိုတော်တွေကို အင်းဝကိုယူသွားတာခံရတယ်။ ရဝေရှင်ထွေး၊ မင်းဇေယျယန္တမိတ်၊ ရှင်သံကိုယ်တို့ပါတယ်။

အင်းဝဘုရင်က မင်းရဲကျော်စွာကို သန်လျင်စား ဒေဘရစ်တိုရန်ကနေ ကာကွယ်ဘို့ ကျောက်မော်ကို စေလွှတ်တယ်။ နတ်သျှင်နောင်ကို ကျေးကျွန်နည်းနည်းနဲ့ တောင်ငူမှာထားခဲ့တယ်။ နတ်သျှင်နောင်က မဟာမိတ်ရှာတယ်။ အမြောက် သေနတ်ပေါတဲ့ သန်လျင်စား ပေါ်တူကီလူမျိုးငဇင်ကာကို မြင်တယ်။ ငဇင်ကာဆီကို သဝဏ်လွှာပို့တယ်။ ငဇင်ကာက မုတ္တမစား ဗညားဒလတပ်နဲ့ပေါင်းပြီး တောင်ငူကို ရေကြောင်း၊ ကြည်းကြောင်း ချီတက်လာတယ်။ နတ်သျှင်နောင်ညီ မင်းရဲကျော်စွာက ကျောက်မော်ကနေ ဆီးခုခံတယ်။ မင်းရဲကျော်စွာကျတယ်။ နတ်သျှင်နောင်ရဲ့ မယ်တော် မိဘုရားကြီး မင်းခင်စော ဝေါစီးပြီး အင်းဝကို ထွက်ပြေးရတယ်။

၁၆၁၃ မှာ ပေါ်တူဂီ ငဇင်ကာ ခေါ် ဒီဗရစ်တိုနဲ့ မုတ္တမစား ဗညားဓလတို့ကနေ တောင်ငူကိုတိုက်ယူတယ်။ နန်းတော်၊ ကျောင်းကန်၊ အိမ်ရာအားလုံးကို မီးတိုက်တယ်။ ဆင်၊ မြင်း၊ လူသူ၊ ရွှေ၊ ငွေကိုသိမ်းယူပြီး၊ သန်လျင်ပြန်တယ်။ နတ်သျှင်နောင်ကိုပါ သန်လျင်ကို ခေါ်သွားတယ်။

အနောက်ဘက်လွန်မင်းကနေ ဗိုလ်ပါအလုံးအရင်းနဲ့ သန်လျင်သို့ ဆင်းလာပြီးတိုက်ခိုက်တယ်။ သုံးလအတွင်းမှာ သန်လျင်မြို့ကို သိမ်းနိုင်တယ်။ ငဇင်ကာနဲ့ နတ်သျှင်နောင်တို့ကို စစ်မေးတယ်။ ငဇင်ကာက သူနဲ့ နတ်သျှင်နောင် တစိတ်တဝမ်းတည်းလို့ဖြေတယ်။ နတ်သျှင်နောင်ကလည်း ပေါ်တူဂီတွေနဲ့ တသွေးတသားတည်းဖြစ်ပြီး သေဘေးကို ကြောက်တော့မည်မဟုတ်လို့ဖြေတယ်။ ငဇင်္ကာကို ၂၈-၃-၆၁၃ နေ့ သန်လျင်မြို့လယ်မှာ တံကျင်တင်သတ်လိုက်တယ်။ နတ်သျှင်နောင်ကိုလည်း ရင်ဖွင့်ပြီးသတ်တယ်။ နတ်သျှင်နောင်အလောင်းကို မီးသင်္ဂြိုဟ်ပြီး၊ သန်လျင်ကျိုက်ခေါက်စေတီ မြောက်ဘက်စောင်းတန်း၊ အနောက်ယွန်း၊ ကုလားကျောင်းစံ အရိုးအိုးစေတီလို့ပြောတာနဲ့ သံလျင်ဂေါက်ကွင်းဘေး၊ ရန်မြေမာန်ပြေဘုရားက အရိုးအိုးစေတီလို့ ပြောတာကွဲပြားတယ်။ နတ်လျှင်နောင်သေတော့ အသက် ၃၅ နှစ်သာ ရှိသေးတယ်။

နတ်သျှင်နောင် ပြုစုခဲ့တဲ့စာများ
၁။ ဘုရားတိုင်ရတုများ
၂။ ရာသီဘွဲ့ရတုများ
၃။ သစ္စာတိုင်ရတုများ
၎။ စစ်ချီရတုများ
၅။ ကျေးစေရတုများ
၆။ အခြားရတုများ
၇။ သခင်ဘိုးဧချင်း
၈။ မင်းသက်ရှင်ဧချင်း
၉။ ဝိမလရာဇာဧချင်း
၁ဝ။ ဘုရင့်နှမတော်ဧချင်း
၁၁။ သခင်မင်းစည်ဧချင်း
၁၂။ စစ်ကိုင်းသခင်ဧချင်း စသည်။

ပေါ်နွေလလျှင်ရတု (နတ်သျှင်နောင်) ရတုကို ကူးတင်ကြတာမှာ လွဲမှားနေတာတွေတွေ့ပါတယ်။

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ လျှပ်လက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သတ်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွှတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်မှန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည် ငှက်သွင်ပျံကြွ မတတ်သော်။

မျှော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျှံခဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊ အလှယ်လှယ်တိ၊ စံပယ်ဖြူမွှေး၊ စံကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်ဖြင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်စောင်ပန်းမှန်၊ မမီလွန်ကဲ၊ ချိန်တန်သို့သည်၊ ပြန်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေ့မျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်း၍၊ ဝမ်းနည်းလျက်ပင်၊ ပျောင်းလိမ့်ထင်သည် ညက်စင်စံများ အထွတ်သော။

ဖျော်ဖြေမှလျှင်၊ ယုယသံချို၊ ပြေလိုစိမ့်သား၊ ကျူးပိုက်ဖြား၍၊ ချီသွားမူးမူး၊ ရှေ့ရက်ဦးက၊ မကျူးထင်ထင်၊ ကဆုန်တွင်ကို၊ ကျိုင်းစင်မြခဲ၊ စစ်ပွဲရန်နှည်၊ ပြန်လျှင်းမည်ဟု၊ နှုတ်ခြည်ပေါ်သာ၊ ဆိုလေရှာသော်၊ မလ္လာရနံ့၊ ထုံပျံ့ပန်းသတ်၊ ခြူးနတ်ဆင့်ကုံး၊ စိန်ပွင့်အုံးဝယ်၊ ပင့်ရုံးရွရွ၊ လက်သင်မ၍၊ သက်မျှငယ်ချစ်၊ ပျောင်းလိမ့်ဖြစ်ကို၊ စိစစ်မိမိ၊ သတိချုပ်ဆည်၊ ပြေမည်မျှဝေး၊ ချစ်ဝန်လေးခဲ့၊ ရေးရေးဖူးချင်၊ မယ်သို့လျင်သည် ငှက်ရှင်လျှံမျှရဟတ်သော။

ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) မှာ ထင်ရှားခဲ့တဲ့ စာဆိုရှင် (၁၄) ဦးရှိတယ်။
၁။ ဝရာဘိသံဃနာထ ဆရာတော်၊
၂။ ရာဇဓာတုကလျာ၊
၃။ ရဝေရှင်ထွေး၊
၎။ နတ်သျှင်နောင်၊
၅။ မင်းဇေယျရန္တမိတ်-တောင်ငူ၊
၆။ တောင်ဖီလာ ဆရာတော်၊
၇။ ရှင်ကုမာရကဿပ၊
၈။ ရှင်ကရဝိက၊
၉။ ရှင်သံခို၊
၁ဝ။ သဒ္ဓမ္မလင်္ကာရ ဆရာတော်၊
၁၁။ ဆီသည်ရွာစား ဦးအောင်ကြီး၊
၁၂။ ရှင်ဥက္ကံသမာလာ၊
၁၃။ ရှင်စန္ဒမဉ္ဇူ၊
၁၄။ ဦးကုလားတို့ ဖြစ်ကြတယ်။

နတ်သျှင်နောင်ဟာ ရတုစပ်ဆိုခြင်းနဲ့ တူရိယာဂီတ စောင်းညင်းပတ်သာမှာ ကျွမ်းဝင်တယ်။ ဆင်ရေး၊ မြင်းရေး ထုံတယ်။ (ဂူလီ) ကူလီကစားတာ ဝါသနာပါတယ်။ ရတုစပ်ဆိုရာမှာ နတ်သျှင်နောင်ထက် နဝဒေးကြီးက ဗဟုသုတသာတယ်လို့ ကောက်ချက်ချကြတယ်။ နတ်သျှင်နောင်ဟာ စာဆိုဘုရင်နဲ့ ရတုဖွဲ့ဆိုရာမှာတံခွန်စိုက်သူ၊ အဘက်ဘက်မှာ ကျွမ်းကျင် လိမ္မာတယ်၊ သူရသတ္တိနှင့်လည်းပြည့်စုံတယ်၊ ပညာတို့ကိုလည်း ရှာဖွေဆည်းပူးတယ်။ သီဟသူရဘွဲ့မည်ရင်းခံ တောင်ငူဘုရင် နတ်သျှင်နောင်လို့ ရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၆
၂၃-၁-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.