တပို့တွဲလပြည့်

က ကညစ် ပေမှာခြစ်
ခ ခရာ အသံသာ
ဂ ဂဏန်း ရေမှာဖမ်း
င ငရုပ်စိမ်း စိပ်ရှိန်းရှိန်း
စ စပါး တို့အားထား
ဆ ဆရာ ရိုသေပါ
ဇ ဇရပ်မှာ တည်းခိုပါ
ည ညအခါ လသာသာ
တ တလင်းဝယ် စပါးနယ်
ထ ထမနဲ တပို့တွဲ
ဒ ဒရယ်လေး ဘေးမဲ့ပေး
ဓ ဓနိပင် အသုံးဝင်
န နယုန်လေရူးသုန်
ပ ပလောင် ဒို့ညီနောင်
ဖ ဖရုံပေါ တို့ယာတော
ဗ ဗလ အင်အားပြ
ဘ ဘယက် ရွှေဒေါင်းခွက်
မ မမ အဖေါ်ရ
ယ ယမင်း ပပဝင်း
ရ ရထား စီးလို့သွား
လ လမင်း ထိန်ထိန်လင်း
ဝ ဝလေး ဝိုင်းဝိုင်းရေး
သ သမင် အပြေးလျင်
အ အလံ အောင်ပွဲခံ

ကျွန်တော်တို့ သူငယ်တန်းတုန်းကတော့ က ကစွန်းပင် ရေမှာရွှင်လို့ သင်ခဲ့ရတယ်။ နောက်မှာ က ကညစ် ပေမှာခြစ် လာတယ်။ ဇာတိရွာ ဘုန်းကြီးကျောင်းမှာ ကညစ်ကို ခဏလေးသုံးခဲ့ဖူးတယ်။ ကန်စွန်းပင်လို့ ရေးကြတာတွေရှိတယ်။ ကစွန်းက ကန်မဟုတ်တာမှာလည်း ပေါက်တယ်။ ယာကစွန်းရှိတယ်။

နောက်မှာ က ကလေးငယ် ချစ်စဖွယ် ဖြစ်လာတယ်။ အဲတာကို အကြိုက်ဆုံးပါ။ အခုခေတ်မှာ ကလေးကို ခလေးလို့ ရေးနေကြတယ်။

ခ ခရမ်းသီး ဓါးနဲ့လှီးကနေ နောက်မှာ ခ ခရာ အသံသာ။ ခရမ်းသီးကို တချို့က ခါးရမ်းသီးလို့ ထင်ကြတယ်။ နရသီဟပတေ့မင်းဟာ အစားကြူးယုံသာမက အိပ်ယာထတာနဲ့ အနားမှာရှိတာတခုခုနဲ့ မထင်ရင် ကောက်ပေါက်သတဲ့။ အဲတာနဲ့ အမတ်တွေက သူ့နားမှာ ခရမ်းသီးတောင်းထားပေးရတယ်။ ခရမ်းသီးစာထိမှန်ခံရတဲ့ အပျိုတော်တွေ ခါးရမ်းသွားလို့ ခါးရမ်းသီးဖြစ်လာတယ်ဆိုပြီး ပါးစပ်ရာဇဝင်ရှိတယ်။ မဖြစ်နိုင်လို့ ထင်ပါတယ်။

ဂ ဂဏန်း ရေမှာဖမ်းမှာ ကနန်းကသာမှန်တယ်။ ပ ပလောင် ဒို့ညီနောင်၊ ဖ ဖယုံပေါ တို့ယာတောမှာ တို့ နဲ့ ဒို့ နှစ်မျိုး ဖြစ်နေတယ်။ တို့က အမှန်။ ဒို့က အသံ။

ဘ ဘယက် ရွှေဒေါင်းခွက်၊ အခုခေတ်မှာ ဘယက်ကို သိပ်မသိကြတော့ပါ။ ယ ယမင်း ပပဝင်းမှာ ပုံက ရုပ်သေးပုံ ဖြစ်နေတယ်။ ယမင်းဆိုတာ လှပသောမိန်းမငယ်ဖြစ်ပါတယ်။

အ အလံ အောင်ပွဲခံဖြစ်လာတာက ဆိုရှယ်လစ်ခေတ်။ ခရာမှုတ်အမိန့်ပေးစနစ်ကို ဦးစားပေးတဲ့ခေတ်။ အဲတာက အခုထိ သည်အတိုင်းပဲ။ အောင်ပွဲခံကြရပြီလား။ ဗ ဗလ အင်အားပြလား။

တပို့တွဲလပြည့်နေ့မှာ လ လမင်း ထိန်ထိန်လင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁ဝ-၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး