Australian Open သြစတေးလျအိုးပင်း နှင့် ဓမ္မပဒ

၂ဝ၁၇ ခုနှစ် သြစတေးလျအိုးပင်း တင်းနစ် ဂရင်းစလမ်ပွဲ ဖိုင်နယ်မှာ ဒီစာကိုရေးခဲ့ပါတယ်။ မနှစ်ကရော ဒီနှစ်မှာပါ ရော်ဂျာ ဖက်ဒါရာက ဗိုလ်စွဲတယ်။ အသက် ၃၆ နှစ်ရှိပြီး ကလေး လေးယောက်ဖခင် ဖြစ်တယ်။

ကျွန်တော်က ဘောလုံးနဲ့ တင်းနစ်ပွဲတွေကိုကြည့်ပါတယ်။ ဘောလုံးက အသင်းလိုက်ကောင်းဘို့လိုပြီး၊ တင်းနစ်က တဦးချင်း။ တင်းနစ်မှာ အလွန်မှတ်သား လိုက်နာစရာကောင်းတဲ့ သင်ခန်းစာတွေကို ယူရင်ရတယ်။ ပွိုင့် ခေါ် အမှတ်တိုင်းက အရေးကြီးတယ်။ ဆားဗစ် ခေါ် စပေး ဘောလ်တိုင်း၊ ရိုက်ချက်တခုတိုင်းက အရေးကြီးတယ်။ ဂိမ်း ခေါ် ပွဲငယ်လေးတခုတိုင်း၊ ဆက် ခေါ် ပွဲတခုတိုင်းက အရေးကြီးတယ်။ အမှတ်ရဘို့ရာဖန်တီးတဲ့ ဗျူဟာသုံးရတယ်။

အရေးအကြီးဆုံးတွေကတော့ အမှတ်တမှတ် ပေးလိုက်ရတာကို နောင်တသဘောမထားဘဲ နောက်အမှတ်အတွက်သာ အာရုံစိုက်ရတာ။ ရှုံးနေပေမယ့် တချက်ကလေးမှ စိတ်မပျက်ရတာ။ ကိုယ်က ရှေ့ကရောက်နေပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တက်မထောင်ရတာ။

၂ဝ၁၇ ဖိုင်နယ်လ်မှာ ၂ ပွဲစီတူနေရာက အဆုံးအဖြတ်ပေးတဲ့ ပဉ္စမဆက်မှာ ရော်ဂျာဟာ နောက်ကနေလိုက်နေခဲ့ရတယ်။ သာမန်ကြည့်ရင် သူရှုံးပြီ။ ဆက်တခုမှာ ကိုယ်ရရမဲ့ ဂိမ်းတခု ပေးလိုက်ရရင် ရှုံးတယ်။ ဒါပေမယ့် သူအနိုင်ရလိုက်တယ်။ အားကစားသမားတိုင်း နည်းစနစ်နဲ့ သက်လုံကောင်းဘို့နဲ့အတူ စိတ်ဓါတ်လေ့ကျင့်မှုဟာ အလွန်ကိုအရေးပါတယ်။ စိတ်ဟာ အရာရာကိုဦးဆောင်တယ်လို့ ဓမ္မပဒမှာဆိုထားတယ် မဟုတ်ပါလား။

နာမ်ခန္ဓာလေးပါးတို့သည် စိတ်လျှင် ရေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသော စိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ဝန်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇
၃ဝ-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး