Collateral damage ဘေးနေပေမယ့် ဘေးသင့်နိုင်တယ်
ကျွန်တော်တော့ ရေနဲ့လည်းမနီး NLD နဲ့လည်းဝေးနေပေမယ့် ရေဘေးလည်းသင့်တယ်၊ NLD ဘေးလည်းသင့်တယ်။
NLD ပါတီရေးရာကိစ္စတွေကို လူအမျိုးမျိုး ဒေါင့်အမျိုးမျိုးကနေ လှမ်းရေးကြတယ်။ ရေးနိုင်တာလေးပြန်ရေးပါတယ်။ ဒါပေမယ့် ကျွန်တော်က ကြားသမားမဟုတ်ပါ။ ဒီဖက်ကနည်းနည်းလျှော့ ဟိုဖက်ကနည်းနည်းလျှော့ ပြောတတ်သူတော့ မဟုတ်ပါ။ အရပ်ဝတ်မရောသေးတဲ့ စစ်အစိုးရလက်ထက်မှာ ဒေါ်စုနဲ့ စစ်အစိုးရကို အဲလိုပြောကြသူတွေနဲ့ ကျွန်တော်က မတည့်ပါ။
ရေဘေးအတွက်လိုအပ်မဲ့ ဆေးပညာစာတွေ ၄-၅-၆ ပုဒ်ရေးတယ်။ အင်တာဗျူးလာရင်လည်း ဖြေရတယ်။ ကယ်ဆယ်ရေး အလှူခံတာတွေ၊ ပစ္စည်းပို့ကြတာတွေမှာ မတော်တာတွေမဖြစ်စေချင်လို့ သတိပေးစာရေးတယ်။ အကောခံရပါရောလား။ ခြိမ်းခြောက်ခံရပါရောလား။ ပြစ်တင်ရှုံ့ချခံရပါရောလား။ ၄-၅ ယောက်ကို ဘလော့လိုက်ရတယ်။ ဆောရီး။
အဲလိုရေးလို့ လှူမယ့်သူတွေ စေတနာပျက်မယ်တဲ့။ လူအများကို တကယ်တန်းကူညီသူတွေ၊ အလှူတန်းလုပ်သူတွေဟာ ဘယ်သူက ဘာလာပြောပြော မတုန်လှုပ်ကြပါ။ ခါးတောင်းကြိုက် မဖြုတ်ကြပါ။ ကျွန်တော်လိုလူကရေးတာ လှည့်ကြည့်မနေအားကြပါ။
အထောက်အထားမပါပဲ လာမဖွပါနဲ့တဲ့။ ကျွန်တော်က ဘယ်သူ့ဘယ်သူကိုမှ စွပ်စွဲနေတာမဟုတ်ပါ။ တွေ့တာတောင်မှာ တည်းဒိုးမပြောပါ။
နာဂစ်လွန်ပြီး လတွေကြာမှ မတော်တာတွေကို သူများတွေကသိကြရတယ်။ ရေးဘေးကတော့ စောသေးတယ်။
ဒေါက်တာတင့်ဆွေ
၇-၈-၂ဝ၁၅

Comments
Post a Comment