Drowning and life saving အသက်နဲ့ မကစားပါနဲ့
(ရေနစ်တာ တနာရီမကျော်သေးရင် အသက်မရှူတော့လည်း ကယ်နိုင်သေးပါတယ်ဆိုတဲ့ နည်းလမ်းလေးကို ပြောပြချင်ပါတယ်) ဆိုတဲ့ပို့စ်ကို အရင်ဆုံး ဆရာဝန်တဦးကနေ သုံးသပ်ပေးဖို့ပို့ပါတယ်။ မဖတ်အားပေမယ့် ရေနစ်ရင် ကယ်ဆယ်နည်းစာတပုဒ်ရေးပြီး တင်လိုက်ပါတယ်။ အခုအဲဒီနည်းဆိုတာကို ရှယ်နေကြတာဖတ်ဖြစ်ပြီး ဒီစာကိုရေးတာပါ။
ကျွန်တော့်အမြင်က ရေနစ်သူတိုင်းကို (၁) အသက်ရှူတာနဲ့ (၂) နှလုံးခုန်တာ ၂ မျိုးလုံးစစ်ဆေးပြီးမှသာ လိုတာတွေ လုပ်ရပါမယ်။ ရှယ်နေကြတဲ့နည်းထဲမှာ အဲတာမပါပါ။ ရေနစ်သူက ကလေးလား၊ လူကြီးလားမပါပါ။ ဘယ်လိုရေထဲမှာ ဘာလုပ်ရင်းနစ်သလည်း မပါပါ။
တကမ္ဘာလုံးမှာ နှစ်စဉ် လူပေါင်း ၁့၂ သန်းရေနစ်သေဆုံးနေပါတယ်။ တမိနစ်မှ ၂ ယောက်နှုန်းကျော်တယ်။ ၅ဝ% မကဟာ ကလေးတွေဖြစ်တယ်။ ကလေး ၃ ပုံ ၁ ပုံလောက်ဟာ နေအိမ်အနီးအနားမှာ ရေနစ်တယ်။ ရေကူးသင်တန်း အောင်လက်မှတ်ရထားသူလည်း ရေနစ်နိုင်တယ်။ ယောက်ျားတွေက မိန်းမတွေထက် ရေနစ်တာပိုများတယ်။ ရေကူးကန်မှာ စည်းကမ်းစနစ်နည်းလို့ဖြစ်တာများတယ်။ ကြီးသူတွေရေနစ်လို့သေဆုံးရတာဟာ ရေမကူးတတ်တာနဲ့ အရေးပေါ်ပြုစုကုသနည်း အားနည်းလို့ဖြစ်တယ်။ တချို့မှာ ကိုယ်ခံကျန်းမာရေးမကောင်းလို့ ရေနစ်ရင်းသေဆုံးရတယ်။ နှစ်ပတ်လည် ရာသီမရွေးရေနစ်တယ်။ အချိန်မရွေးလည်းနစ်တယ်။ ပူနွေးတဲ့ဥတုမှာတော့ ပိုများတယ်။ အပန်းဖြေချိန်မှာ များတယ်။ အဖြစ်အများဆုံးက မွန်းလွဲနောက်ပိုင်း အပူဆုံးအချိန်မှာဖြစ်တယ်။ ဒီအချိန်မျိုးမှာ လူတွေကပင်ပန်းနေကြပြီး ဆုံးဖြတ်ချက်ချရာမှာ ထုံထိုင်းနေတာများကြတယ်။ ပင်လယ်၊ မြစ်ချောင်းတွေမှာ အများဆုံးရေနစ်တယ်။ ရေကူးကန်နဲ့ ရေချိုးစည်ထဲမှာလည်းနစ်ကြတယ်။
ရေနစ်သူတွေအားလုံးထဲက ၄ ပုံ ၁ ပုံဟာ ရေကူးသမားတွေဖြစ်တယ်။ အသက် ၂ နှစ်ကနေ ၄ နှစ်က အဖြစ်အများဆုံး။ ရေထဲဆင်းချိန်မှာ တယောက်တည်းရှိနေသူမနည်းပါ။ ၁ဝ ယောက်မှာ ၄ ယောက်က ရေကူးကန်ဘေးအစပ်နဲ့ ၂ မီတာ အကွာမှာဖြစ်တယ်။ ၄ ပုံ ၁ ပုံဟာ ၁ မီတာ လောက်သာနက်တဲ့ ရေတိမ်ရာမှာနစ်ကြတယ်။ ရေနစ်သူ ၃ ပုံ ၁ ပုံဟာ အမှောင်ထဲမှာဖြစ်တယ်။ ရေတိမ်ရာမှာ ဒိုင်ဗင်ထိုးလို့ တနှစ်မှာ လူ ၃ဝဝဝ နီးပါး ကိုယ်တခြမ်းသေတာဖြစ်ဖြစ် ဇက်ကျိုးတာ ဖြစ်ဖြစ်ခံရတယ်။
ရေနစ်လို့သေဆုံးရတာက
၁။ အောက်စီဂျင်မဝခြင်း၊
၂။ ရေအသက်ရှူလမ်းထဲရှူသွင်းခြင်းနဲ့
၃။ ရေရဲ့အအေးဓါတ်ခံရခြင်း။
လူတွေဟာ အသက်မရှူပဲအောင့်ထားနိုင်သူတချို့ရှိတယ်။ အသက်မရှူရတာနဲ့ ဆောက်တည်ရာမရဖြစ်ပြီ။ ကိုယ်လက်တွေလှုတ်ခါမယ်။ လူ့အသက်ရှူမှုဟာ အောက်စီဂျင်အနည်းအများဆိုတာထက် ကာဗွန်ဒိုင်အောက်ဆိုက် အနည်းအများအပေါ်မှာ မူတည်တယ်။ အသက်မရှူရလေလေ ကာဗွန်ဒိုင်အောက်ဆိုက်စုလာတာများလေဖြစ်တယ်။ အသက်ပိုရှူချင်လာလေဆက်ဖြစ်မယ်။
အသက်ရှူလမ်းထဲကို ရေဝင်လာရင် သတိရှိနေသူတိုင်းက ချောင်းဆိုးပြီးပြန်ထုတ်ပြစ်တယ်။ ဖြစ်နိုင်ရင်မျိုချမယ်။ သတိရှိသူဖြစ်ဖြစ် သတိလစ်နေသူဖြစ်ဖြစ် ရေအသက်ရှူလမ်းထဲကိုဝင်လာရင် Laryngospasm ခေါ်တဲ့ အသံအိုး အချောင်းလေးတွေတုန်ခါမှု ဖြစ်လာမယ်။ လေဝင်လမ်းကို ပိတ်စေမယ်။ ရေနစ်ခြင်းဖြစ်စဉ်အစပိုင်းမှာ အစာအိမ်ထဲကို ရေရောက်တာနည်းသေးတယ်။ အဆုပ်ထဲလည်း မများသေးပါ။ အသံအိုးအချောင်းလေးတွေတုန်ခါမှုဖြစ်လို့ အသက်ရှူမှုကိုပါ တားဆီးစေတယ်။ သေဆုံးသူတွေမှာမတူတာက (၁) တချို့လူတွေမှာ သတိလစ်ပြီးနောက်မှာ အသံအိုးအချောင်းလေးတွေတုန်ခါမှုက လျှော့ကျသွားလို့ ရေဝင်မယ်။ အစိုနစ်မွန်းခြင်းဖြစ်တယ်။ (၂) နှလုံးမရပ်မီအထိ အဲလိုမဖြစ်အောင် ၇-၁ဝ% က ထိန်းထားနိုင်တယ်။ အခြောက်နစ်မွန်းခြင်းဖြစ်မယ်။ ရေကအဆုပ်ထဲဝင်လာရင် ဓါတုဗေဒတွေပြောင်းပြီ။
ရေရဲ့အအေးဓါတ်ကနေလည်း သက်ရောက်တယ်။ အအေးဓါတ်ကြောင့် နှလုံးခုန်နှေးမယ်။ တုန့်ပြန်နိုင်စွမ်းတွေ ကျဆင်းမယ်။ အလွန်အေးထဲရေထဲနစ်ရင် ၇ဝ% ဟာ ၁၅-၃ဝ မိနစ်မှာသေဆုံးနိုင်တယ်။
၁၉၉၉-၂ဝဝ၆ လေ့လာမှုတခုအရ -
၃၁့ဝ% = သဘာဝရေထဲမှာနစ်တယ်။
၂၇့၉% = တခြားရေထဲမှာနစ်တယ်။
၁၄့၅% = ရေကူးကန်ထဲမှာနစ်တယ်။
၉့၎% = ရေချိုးစည်ထဲမှာနစ်တယ်။
၇့၂% = သဘာဝရေထဲလိမ့်ကျလို့နစ်တယ်။
၂့၉% = ရေကူးကန်ထဲမှာလိမ့်ကျလို့နစ်တယ်။
ဝ့၉% = ရေချိုးစည်ကထဲမှာလိမ့်ကျလို့နစ်တယ်။
တနှစ်မှာ လူပေါင်း ၁ သန်းကို ကယ်ဆယ်နေရတယ်။ ဒါကြောင့် (၁) ရေကူးရာမှာ လိုက်နာရမယ့်စည်ကမ်းတွေကို တင်းကြပ်ထားရင် (၂) ရေနစ်သူကယ် ဘယ်လိုကယ်မလည်းပညာကို စနစ်တကျတတ်ထားရင် လူ့အသက်တွေကို ကယ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
၎-၈-၂ဝ၁၅

Comments
Post a Comment