Prescription လူသန့်ဆေးပြားအလိုရှိသည်

ဆရာဝန်လောက ဗွက်ထနေတာလေး ရေးပါအုံးတဲ့။ ဗွက်ဆိုတာ အပေါ်က မိုးကျရွှေကိုယ်တွေကျလာလို့ပါ။ မိုးသည်းသည်းရွာတော့ ရေတွေလျှံတယ်။ လူတွေအိမ်တွေရေနစ်တယ်။ မိုးများတာသာမက သဘာဝတရားကြီး ဖျက်ဆီးခံထားရလို့ မိမြန်မာနှစ်ခါနာတယ်။

ဆေးကျောင်းကပြီးတော့ ဟောက်ဆာဂျင်အလုပ်ကို မေမြို့စစ်ဆေးရုံမှာတာဝန်ကျတယ်။ ကျွန်တော့်မှာ ကံဆိုး-ကံကောင်း လောကဓံက အမြဲတွဲနေတာ သိသာတယ်။ စစ်ဆေးရုံမှာတာဝန်ကျသူတွေ စစ်မှုထမ်းဥပဒေအရ စစ်ဆရာဝန် ၃ နှစ်တာ ခေါ်တဲ့ထဲမှာ ပါသွားနိုင်တယ်လို့ မှတ်ထင်ထားတာမို့ စိုးရိမ်ခဲ့ရတယ်။ ကံတရားက ဖယ်မပါတယ်။ သူငယ်ချင်း မေမြို့သူကို မေမြို့မှာပဲ ဟောက်စ်လုပ်စေချင်တော့ သူ့မိဘတွေကလူကြီးတွေသွားပြောနိုင်တာနဲ့ မန္တလေးဆေးရုံကြီးကသူ့နေရာမှာ ကျွန်တော်က ပြောင်းပေးတာခံရတယ်။ ဟောက်ဆာဂျင်မှာ ထရန်စဖါကျတာ ကျွန်တော်ပဲရှိမလား အသားလွတ် ဂုဏ်ယူလိုက်သေးတယ်။

ဆေးကျောင်း ၇ နှစ်မှာ အတူတူ တစုတည်းသွားလာ၊ တဝိုင်းတည်းစားသောက်ခဲ့သူတွေထဲက စစ်ထဲဆက်ဝင်သူတွေ ရှိတယ်။ ဟေ့ကောင်ပဲခေါ်ကြတယ်။ သူတို့ကလည်း အခင်အမင်မပျက်ကြပါ။ ဒါကပုဂ္ဂိုလ်ရေး။

စစ်တက္ကသိုလ်မှာ ဆရာအောင်သင်းက မြန်မာစာသွားသင်ရဖူးတယ်။ သဘာဝကျတယ်။ အငြင်းမပွါး လေးစားခံရတယ်။ အခုတော့ ကျန်းမာရေးဌာနမှာ စစ်ရေးပြလာသင်မယ်တဲ့။ ကျန်းမာရေးဦးစီးဌာနကို ဖေါင်ကြီးသင်တန်းကျောင်း လုပ်တော့မလားမသိပါ။

မေမြို့ဆောင်းတွင်းကာလ စစ်ဗိုလ်ဆရာဝန်တွေက ရေနွေးနဲ့ရေချိုးရချိန်မှာ အရပ်သား အလုပ်သင်ဆရာဝန်တွေ ရေအေးနဲ့သာချိုးခဲ့ရကြောင်းရေးပါတယ်။ အခု အုတ်အော်သောင်းနင်း ကျန်းဦးစီးဌာန ချနင်းခံရတဲ့သတင်းမှာ ဘာမဆိုင်ဘာမဆိုင် ပြည်ထောင်စုဝန်ကြီးဆိုသူကနေ နွေးနွေးထွေးထွေးကြိုဆိုပါတဲ့။ ဆရာဝန်တွေက ဆေးညွှန်း ပရက်စခစ်ပရှင်းတွေရေးပေးကြတယ်။ ဆာလ်ဖြူရစ်အက်စစ်တဲ့၊ လစ်ခရီဇောလ်တဲ့၊ ကာဘောလစ်အက်စစ်တဲ့။

ကျန်းမာရေးဌာနအတွက် ကယ်ဆယ်ရေးတွေလိုနေပါတယ်။ လူသန့်ဆေးပြား ဘယ်မှာရမလည်း။

ဒေါက်တာတင့်ဆွေ
၁ဝ-၈-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး