Salt ကလေးတွေနဲ့ဆား လူကြီးတွေနဲ့ဆား

၁။ ဆရာရှင့် ၆လအထက် ကလေးကို ကျွေးတဲ့အစားအစာမှာ ဆားထဲ့လို့ရပါသလားရှင့်။ ကျေးဇူးတင်ပါတယ်။ ဆရာစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

၂။ ဆရာရှင့် လသားအရွယ်ကလေးတွေကို ဆားထည့် ကျွေးသင့် မကျွေးသင့်နဲ့ပတ်သက်ပြီး ဆောင်းပါးလေး မျှဝေပေးနိုင်ပါရန် ရိုသေလေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ရှင့် ဆရာသက်တော်ရာကျော်ရှည်ပါစေရှင့်။

၃။ ဆရာ ခုတစ်လော ဖတ်မိတာလေးပါဆရာ။ တနှစ်အောက်ကလေးတွေကို အစာကျွေးရာမှာ ဆားမထည့်သင့်ဘူးဆိုတာ ဟုတ်ပါသလားဆရာ။ အဲအကြောင်းလေး မိခင်များသိအောင် ရေးပေးပါအုန်းဆရာ။ ခုသမီးလေးကို အစာကျွေးနေရင်း ဝေခွဲမရဖြစ်နေလို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

၎။ ဆားကူစားပါဆိုတာကို အခုထိနားမလည်ဘူးဆရာ။

တနှစ်အောက် ကလေးငယ်လေးတွေ တနေ့မှာ ဆိုဒီယမ်ကလိုရိုက် ခေါ် ဆား 1g (0.4g sodium) သာလိုအပ်တယ်။ များတာမကောင်းပါ။ ကျောက်ကပ်ကအားမကောင်းသေးလို့ဖြစ်တယ်။ ကလေး ၆ အထိ သူ့မိခင်နို့ ဒါမှမဟုတ် နို့ဗူးကနေ ဆိုဒီယမ် လုံလောက်အောင်ရနေတယ်။ ဖြည့်စွက်စာတွေကျွေးချိန်မှာ ဆားအပိုထည့်ဘို့ မလိုအပ်ပါ။ ကလေးအစားအစာ ဆိုင်ကနေဝယ်တာထဲမှာလည်း ဆားအပိုမထည့်ရပါ။ ကလေး ၃ နှစ်အထိ ဆား တနေ့မှာ 2g (0.8g sodium) သာ လိုအပ်တယ်။ လူကြီးစားတာတွေထဲမှာ ဆားကဲနေရင် ကလေးအတွက် မသင့်ပါ။

ဆားလိုအပ်တယ်
လူတွေ ရေသောက်ရတယ်။ ရေတမျိုးတည်းနဲ့ သွေးထဲမဝင်နိုင်ပါ။ ဆဲလ်တွေ၊ တစ်ရှူးတွေထဲမဝင်နိုင်ပါ။ ရေနဲ့အတူ အလွန်တိကျတဲ့အချိုးအဆနဲ့ ဆိုဒီယမ်ကလိုရိုက်ခေါ် ဆားကိုပါ စုပ်ယူနိုင်ပါတယ်။ ဝ့၉% ပါရတယ်။ ဆေးထိုးတဲ့ မိုးရေခေါ်တာထဲမှာ ဆားမပါလို့ များများထိုးမရ သွင်းမရပါ။ သွင်းမိရင် ဒုက္ခရောက်ပါမယ်။

ထမင်းဆီဆမ်းဆားဖြူးကို ကလေးတွေကျွေးလေ့ရှိတယ်။ ဆန်ကနေရတာ၊ ဆီကနေရတာနဲ့ ဆားကနေရတဲ့ အာဟာရဓါတ်တွေရပါမယ်။ အဲတာသာကျွေးရင်တော့ ပရိုတင်းမရပါ။ အသီးအရွက်တွေကရမဲ့ ဗီတာမင်နဲ့ တခြားဓါတ်ဆားတွေ မရပါ။ ဆားမပါရင် ဆားဓါတ်မရနိုင်ပါ။ ကလေးတွေ နှာရည်ယိုတဲ့အခါ နှာခေါင်းထဲကို Nasal spary ဆားရည်ထည့်ပေးရတယ်။

ဆားများတာမကောင်း
ကလေးတွေတော့မေးပြီး လူကြီးတွေ ဆားလျှော့ရမှာကိုတော့ ခပ်ပေါ့ပေါ့သဘောထားကြတယ်။ သွေးတိုးရှိသူ၊ ကိုယ်ရောင်နေသူတွေ ဆားနဲ့ မတည့်ပါ။

ဆားကို ဆရာဝန်တွေက သတိပေးနေရပါတယ်။ BP သွေးဖိအားတိုင်းရင် အထက်ဂဏန်း ၁၄ဝ ကျော်နေပါသလား။ အောက်ဂဏန်း ၉ဝ ကျော်နေပါသလား။ ကျော်နေသူတိုင်း ဆားကိုဂရုစိုက်နေရပါတော့မယ်။ တသက်လုံး။ အသက် ၄၅ နှစ်ကျော်ပါပြီလား။ ဟုတ်ဆိုရင် ဆားလျှော့စားပါ။ ဆိုင်စာတွေမစားပါနဲ့။ အိမ်မှာတင် ဆားကို အတိုင်းအဆနဲ့သာ ထည့်ချက်ပြုတ်စားသောက်ပါ။ သွေးဖိအားကို မှန်မှန်တိုင်းပါ။ လိုအပ်လို့ သွေးကျဆေး သောက်ရရင် စနစ်တကျ သောက်ပါ။ ဆေးပြောင်းဘို့လိုရင် ဆရာဝန်ကပြောင်းပေးမယ်။ တသက်လုံး အစားအသောက်ဆင်ခြင်ပြီး ဆေးနဲ့နေရင် အသက် ၁၂ဝ ရှည်နိုင်သူတွေထဲမှာပါပါမယ်။ လမ်းလျှောက်ပါ။ အရက်သေစာ လျှော့ပါ၊ ဖြတ်ပါ။ ဆေးလိပ်လျှော့ပါ၊ ဖြတ်ပါ။ စိတ်ဖိအား များနေရင် လျှော့ချပါ။ ကိုယ်အလေးချိန် နည်းစေပါ။

ဆားဘယ်လောက်နည်းရမလဲ
ဆိုဒီယမ် တနေ့မှာ ၁၅ဝဝ မီလီဂရမ်ထက် မများပါစေနဲ့။ ဆိုဒီယမ်က ငန်တာမှန်သမျှမှာ ပါတယ်။ သူများနိုင်ငံတွေမှာ ပြုပြင်ပြီးအထားခံအောင်လုပ်တဲ့ အေးခဲထားတာနဲ့ စည်သွပ်ထားတဲ့ အစားအသောက်တွေ အစားများကြတယ်။ ကျွန်တော်တို့လူမျိုးက အထားခံအောင် အချဉ်တည်ထားတာနဲ့ အခြောက်လှမ်းထားတဲ့ အစားအသောက်တွေများတယ်။ အတူတူလို့ ယူဆနိုင်တယ်။ မုန့်လုပ်ဆော်ဒါဆိုတာထဲမှာလဲ ဆိုဒီယမ်ပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်။ အကြော်ကြော်တဲ့အခါ ရွရွလေးဖြစ်အောင် ဆော်ဒါထည့်တယ်။ ဆိုဒီယမ်ပါတယ်။ ဟင်းချိုမှုန့်မှာ ဆိုဒီယမ်ပါတယ်။ အသားမှုန့်ထဲမှာလဲ အတူပါတယ်။

လူတွေနဲ့ ဆား
လူတွေအတွက် အာဟာရဓါတ် ၇ မျိုးရှိတယ်။
၁။ ကာဗွန်ဟိုက်ဒရိတ်၊
၂။ ပရိုတင်း၊
၃။ အဆီ၊
၎။ ဗီတာမင်တွေ၊
၅။ ဓါတ်ဆားတွေ၊
၆။ ဖိုင်ဗာ နဲ့
၇။ ရေ။

အလုပ်အကိုင်နဲ့ ဆား
ရာသီဥတု ပူလွန်းရင် ရေပိုလိုတယ်။ ရေဆိုတာ အချိုးအစားမျှတတဲ့ ဆိုဒီယမ်ကလိုက်ရိုက်ခေါ် ဆားပါမှသာ ဆဲလ်ခေါ် ကလပ်စည်းလေးတွေထဲ ဝင်နိုင်တယ်။ ဥပမာ ဝမ်းလျှောသူတွေ ဓါတ်ဆားရေသောက်ရတယ်။ ရေတခုတည်းတော့ အသုံးမကျပါ။ ကိုယ်ထဲကအရည်မှန်သမျှမှာ ဆား ဝ့၉% အတိအကျရှိရတယ်။ သွေးမှာလည်း အတူရှိတယ်။

လူ့ကိုယ်ခန္ဓာထဲမှာ ဆိုဒီယမ်ကလိုရိုက်ဆားပါတယ်။ ကိုယ်အလေးချိန်ရဲ့ ဝ့၎% ရှိတယ်။ ပင်လယ်ရောလောက်နီးပါး ငန်တယ်။ ကီလို ၅ဝ လေးသူကိုယ်ထဲမှာ ဆား ၂ဝဝ ဂရမ်ရှိတယ်။ လက်ဖက်ရည်ဇွန်း ၄ဝ နဲ့ညီမျှတယ်။ ဆားအဟာင်းတွေ နေရာမှာ ဆားအသစ်တွေနဲ့ အဆက်မပြတ် အစားထိုးနေတယ်။

ရာသီဥတု ပူးပြင်တဲ့နေရာမှာ နေသူတွေမှာ ရေဓါတ် ဆားဓါတ်နည်းစေတယ်။ အရေပြား အပူလောင်မယ်။ Heat stroke အပူလှိုင်းရိုက်ခံရမယ်။ ကိုယ်ခန္ဓာကနေ ရေနည်းတိုင်း ပိုတင်စီယမ်နဲ့ ဆိုဒီယမ်ဓါတ်တွေပါ လိုက်နည်းတယ်။ စိတ်မကြည်လင်တာ၊ မလှုတ်ချင်-မကိုင်ချင်ဖြစ်မယ်၊ အသက်ရှူရခက်မယ်၊ နှလုံးခုန်မမှန်ဖြစ်မယ်။ ချွေးနဲ့ ဆီးနည်းလာမယ်။ ချွေးထွက်ရင် ကိုယ်အပူချိန် မျှတအေးမြနေစေတယ်။ သိပ်ပူနေချိန်မှာ ဒီစနစ်က မလုပ်နိုင်တော့ဘူး။ ကိုယ်ပူချိန် တက်လာစေမယ်။ Heat stroke ဒါမှမဟုတ် Exhaustion ခေါ်တယ်။

တိရစ္ဆာန်တွေနဲ့ ဆား
တိရစ္ဆာန်တွေဟာ ရေကြည်ရာ မြက်နုရာရှာတယ်လို့သာပြောလေ့ရှိတယ်။ မပြည့်စုံသေးပါ။ ဆားရှိရာကိုပါ ရှာပါတယ်။ ဆားဟာ သက်ရှိတွေအားလုံးအတွက် မရှိမဖြစ်ပါ။ များလို့လည်း မကောင်းပါ။

Salt lick (Mineral lick) ဆိုတာ တိရစ္ဆာန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ဆား (ဓါတ်ဆား) တွေလိုက်ရှာပြီး လျှာနဲ့ လျှက်ကြရတဲ့နေရာကို ခေါ်ပါတယ်။ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ သံဓါတ်၊ ဖေါ့စ်ဖါးရပ်စ်၊ သွပ်ဓါတ် စတဲ့ ဓါတ်ဆားတွေ လိုအပ်ပါတယ်။ အရိုးတွေ၊ ကြွက်သားတွေနဲ့ ဖွံ့ထွားမှုအတွက် အဲတာတွေကမရှိမဖြစ်ပါ။ တိရစ္ဆာန်တွေဟာ အဲတာတွေ ဘယ်မှာရမလဲ သိကြတယ်။ ခြံမွေးတိရစ္ဆာန်တွေအတွက်တော့ ခြံပိုင်ရှင်က တမင်တကာ ထည့်ကျွေးကြရတယ်။ လူသားကလေးအမေတွေက သိကြပါ။

အငန်နဲ့ အစပ်ဆိုတာ လျှာအကျင့်ဖြစ်တယ်။ ၂၉-၁၂-၂ဝ၁၇ ဆားကူစားပါဆိုတာ ရာသီဥတုပူလောင်ချိန်မှာနဲ့ ချွေးထွက်လွန်ကဲချိန်မျိုးမှာ ဆားပိုလိုကြလို့ဖြစ်ပါတယ်။

1. Ajinomoto ဟင်းချိုမှုန့် https://doctortintswe.blogspot.com/2015/03/ajinomoto.html
2. Myth About Babies ကလေးငယ်အတွက် မေးခွန်းများ https://doctortintswe.blogspot.com/2017/11/myth-about-babies.html
3. Minerals ဓါတ်ဆားများ https://doctortintswe.blogspot.com/2016/02/minerals.html
4. NaCl ဆားကူစားပါ https://doctortintswe.blogspot.com/2017/07/nacl.html
5. Nutrition အာဟာရ https://doctortintswe.blogspot.com/2014/12/nutrition.html
6. Salt and Sugar ဆား နဲ့ သကြား https://doctortintswe.blogspot.com/2017/12/salt-and-sugar.html
7. Salt ဆားများလွန်းလို့ နှလုံးရောဂါနဲ့ သေဆုံးနေရသူပေါင်း တနှစ်မှာ ၁့၆၅ သန်းရှိ https://doctortintswe.blogspot.com/2017/08/salt.html
8. Salt အရေးပါတဲ့ဆား https://doctortintswe.blogspot.com/2016/10/salt_68.html
9. The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက် https://doctortintswe.blogspot.com/2016/06/the-salt-myth.html

ဒေါက်တာတင့်ဆွေ
၃-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး