ကချေသည်

ကချေသည်

ပရိယေသန၊ ဝမ်းခါးလှဘို့
ကျမ ကရပါသည်ရှင်။

ရယ်ချင်လျက်လည်း
ဇာတ်ကွက်နှင့်ဆ၊ ငိုလိုက်ရတည့်။

လွမ်းတရူလျက်၊ တသက်တက်လည်း
ခိုင်းချက်ညီရန်၊ ရယ်ရပြန်တည့်။

တရံခါမူ၊ မချစ်သူလည်း
ကြည်ဖြူလေအင်၊ ဟန်ပန်ဆင်၍
ချစ်ကြင်သူလည်း၊ မုန်းမာန်သည်းသို့
တနည်းတတန်၊ ဖန်ရပြန်တည့်။

စိတ်ကမပါ
ရွှေပွဲလာများ၊ ရွှင်အားရဘို့
တွေးဆရှုမျှော်၊ သရုပ်ဖော်ခဲ့
နောက်သော်မျက်ကွယ်၊ လွမ်းရေးသွယ်၍
မှုန်းခြယ်ဘဝ၊ တသသဖြင့်
စီးကျ မျက်ရည်၊ ဖြေမဆည်ကို
သိမည်တော့ဖြင့် မဟုတ်ကြ။

အမှန်တော့လျှင် ...
ဘဝစင်စစ်၊ မေ့ပျောက်ပစ်၍
ဖြစ်ချင်သမှု၊ အာရုံပြုကာ
ရှုသူစိတ်ကြိုက်၊ အလိုလိုက်၍
ကိုက်ညီအောင်သာ၊ ပြုရပါသည်
ဒါဟာ အနုပညာလား။

ပရိယေသန၊ ဝမ်းခါးလှဘို့
ကျမ ကရပါသည်ရှင်။ ။

ဘုတလင်ချစ်လေး (၁၉၆၂)

ဆရာ့သမီးက ရေးပါတယ်။ ကချေသည် ကဗျာလေး တင်ပေးလိုက်ပါတယ်ရှင့်။ သမီးအငယ်ဆုံးပါဆရာ။
ကချေသည် - စန္ဒရားအောင်ခင်၊ နီနီဝင်းရွှေ https://www.youtube.com/watch?v=66tSz8yQLx8

နောက်ကွန်မင့်တခုရတယ်။ ဆရာ့အတန်းပထမဆုံး (၈တန်း) အဲဒီတုံးက ၈ တန်းဟာအထက်တန်းဆင့်ပါ။ မြို့မဂါတ်ကျောင်းဝင်းထဲက ကတ်ဆောင်မှာဆရာက အတန်းပိုင်ကျွန်တော်ကို အတန်းခေါင်းဆောင်ရွေးပြီး တာဝန်ပေးတယ်။ ဆရာပေးတဲ့ တာဝန်တွေကျေပွန်အောင်လုပ်လို့ ဆရာကအားတဲ့အချိန်မှာကဗျာသင်ပေးခဲ့ပါတယ်။ ဆေးရုံအရှေ့ဖက်ရောက်တော့ ၁၀တန်း ခ မှာအတန်းမှုးအဖြစ်ထပ်တာဝန်ပေးပြန်ပါတယ်။ တာဝန်ကျေကျေလုပ်ပေးခဲ့လို့ ဆရာကသူထုတ်ဝေတဲ့ စာစီစာကုံးစာအုပ်လက်ဆောင်ပေးတယ်။နေ့လည်ကျောင်းဆင်းချိန်မှာစာတိုက်ကိုသွားပြီးဆရာ့စာမူတွေပို့ပေးရတယ်။ စာအုပ်လက်ဆောင်စာအုပ်နှင့်စာမူခလည်းသွားထုတ်ပေးရပါတယ်။လက်ပွန်တတည်းနေခဲ့ရပါတယ်။ ချင်းတွင်းဂျာနယ်မှာ ကဗျာပို့ဖို့အရေးခိုင်းတယ်။ စိစစ်ပြီးထည့်ပေးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော့ ကလောင်အမည်ကို ဆရာ့အမည်ပါအောင် မောင်ချစ်ဦး (သလ္လာ)လို့ပေးပြီးကဗျာတွေရေးခဲ့ပါတယ်။ အဲဒီကစလို့ တိုင်းရင်းမေ သင့်ဘဝ မြတ်ရတနာ ရုပ်ရှင်မျက်မှန် စတဲ့စာစောင်တွေမှာရေးခဲ့ရတာ ဆရာ့ကျေးဇူးပါ။ ပြီးတော့ မင်း ၁၀တန်းအောင်လို့ ကျောင်းဆရာလုပ်ရင်းမူလတန်းဖြစ်ဖြစ် အလယ်တန်းဖြစ်ဖြစ် အထက်တန်းဖြစ်ဖြစ် စာသင်ရင် မြန်မာစာဂုဏ်ထူးထွက်အောင် ကြိုးစားသင်လို့ ပြောခဲ့တာတွေ သတိရအောက်မေ့ပြီး အလယ်တန်းမှာရော အထက်တန်းမှာရောအခုအချိန်အထိဂုဏ်ထူးထွက်အောင်သင်နိုင်ခဲ့တာ ဆရာ့စကားနှင့်ဆရာ့ကျေးဇူးပါ။ အခုအချိန်အထိထာဝရမမေ့ပါ။ ဆရာ့ကျေးဇူးဦးခိုက်ပူဇော်ရင်းဆရာ ကောင်းရာဘုံဘဝမှာ စံစားနေရမယ်ဆိုတာယုံကြည်ပါတယ်။

ဆရာမောင်စွမ်းရည်က ရေးပါတယ်။ ဘုတလင်ချစ်လေးရဲ့ကဗျာစာအုပ်ကို မန်းတက္ကသိုလ် ကလောင်ရှင်အသင်းစာစဉ်အဖြစ် အတွင်းရေးမှူး မောင်စွမ်းရည်ထုတ်ခဲ့တာပေါ့။ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်၊ ကိုလေး (အင်းဝဂုဏ်ရည်) ဘုတလင်ချစ်လေး၊ မောင်သန်းဌေး (ကလေးကဗျာ ပ ဆု) မောင်မျိုးမြတ်(ကလေးကဗျာ ဒု ဆု) မုံရွာဝင်းဖေ (တတိယဆု) သစ်ရာကောက် မောင်တင်စိုး(ပ ဆု)။ ဆုရသူအားလုံးမန်းတက္ကသိုလ်ကချည်းပါ။ ဦးဆုံးဆုရသူတင်မိုးက နုယဉ်၊ ဒေါင်းနွယ်ဆွေတို့ကို ကျော်ပီး ရခဲ့တာ။ တင်မိုးက ကန်မြဲနန်းမြင့်နွယ်အမည်ကပြောင်းတာ။ နာမည်အသစ်။ ကြည်အောင်၊ မောင်စွမ်းရည်လဲ လူသစ်၊ နာမည်သစ်။ ဆုရသူထဲမှာဘုတလင်ချစ်လေးပဲလူဟောင်း နာမည်ဟောင်းပါတာ။ ကဗျာမှာ အမှားတွေ အများကြီးပဲသမီး။ ဆရာချစ်လေးရဲ့စာအုပ်ကိုစဆုံးတည်းဖြတ် ထုတ်ဝေသူ မောင်စွမ်းရည်က USA က လှမ်းပြင်နေတာ။

မြန်မာစာပေမှာ မူရင်းစာအတိုင်း အတိအကျရှိတာတွေ ရှားရှားလာတယ်။ မှားမှားလာတယ်။ အတော်ကို နှမြောစရာကောင်းတယ်။ အထိန်းသိမ်းမှုအားနည်းတာအပြင် ဝင်ပြီးဆရာလုပ်ချင်သူတွေကတမျိုး။ မူပိုင်ခွင့်ကို အလေးမထားသူတွေကတဖုံ။ သတ်ပုံကို နိုင်ငံရေးလုပ်တဲ့သူတွေက တနည်း။ သိတဲ့ တတ်တဲ့သူတွေ ရှားရှားလာပြီ။ တ(စ်)မျိုးတ(စ်)ဖုံနဲ့ တနည်းသမားတွေက လွှမ်းမိုးနေတယ်။

ဒေါက်တာတင့်ဆွေ
၂-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး