ပိတောက်ပန်း
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်း နယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပါ့
ကြွားချင်လှ ပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေ အဖျူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲ့ချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေး အခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
၁၉၂၈ ခုနှစ် မတ်လထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းမှာပါတဲ့ ဆရာဇော်ဂျီကဗျာဖြစ်ပါတယ်။ ခါတော်မှီ မဟုတ်ပါ။ တစ်ဝါဝါနဲ့ မဟုတ်ပါ။ တစ်မင်မှန်းကာပ မဟုတ်ပါ။ တစ်သိန် မဟုတ်ပါ။ တစ်ဂုဏ်ဆန်း မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment