သင့်ကိုအလိုရှိသည်

ဆုတောင်းစာတွေမှာ မင်း ငါ နဲ့ရေးကြတာ အတော်ကို မယဉ်ကျေးပါ။ လူမရွေးလျှောက်ပို့ကြတယ်။ ကျွန်တော့်ကို မင်းနဲ့ ငါနဲ့ ပြောကြတဲ့ မိဘ၊ ဆွေမျိုး၊ ဆရာဆရာမတွေ သက်ရှိထင်ရှား နည်းနည်းသာ ကျန်တော့တယ်။ သူတို့က စကားပြောဆိုတာ ယဉ်ကျေးသိမ်မွေ့ကြပါတယ်။ နာမ်စားနည်းတဲ့ အင်္ဂလိပ်စာမှာသာ ယူ (မင်း/သင်) လို့သုံးတယ်။

ခပ်ပြတ်ပြတ် အမိန့်ပေးလေ့ရှိတဲ့ တပ်မတော် စစ်သားစုဆောင်းရေးကြော်ငြာစာမှာ သင့်ကိုအလိုရှိသည်လို့သာ ရေးတယ်။ မင့်ကိုလို့ မရေးပါ။ မီးဘေးကာကွယ်ရေးစာမှာ သင့်ကြောင့် မီးမလောင်ပါစေနှင့်လို့သာရေးတယ်။ မင့်ကြောင့်လို့ မရေးပါ။

ဟောပြောကြရာမှာ ကြွရောက်လာကြတဲ့ လူကြီးမင်းများ ခင်ဗျား/ရှင့်။ ရွှေပွဲလာ ပရိတ်သတ်ကြီး ခင်ဗျား/ရှင့်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ ခင်ဗျား/ရှင့်။ သောတရှင်များခင်ဗျား/ရှင့်။ ပြည်သူလူထုအပေါင်းတို့။

၁၄၅၃ ခုနှစ်မှာဖွါးတဲ့ ရှင်မဟာသီလဝံသရဲ့ ပါရာယနဝတ္တုထဲမှာ ဒကာ တောင်းသည့်ဆု ပြည့်စေသတည်းလို့ ရေးပါတယ်။

၁၈၆၆ ခုနှစ်မှာမွေးတဲ့ ဂျိမ်းလှကျော်ရေးတဲ့ မောင်ရင်မောင် မမယ်မဝတ္တုထဲမှာ ငါ့သားမောင်ရင်မောင်ရယ် ငါကား သေရတော့မည် မုချဖြစ်သည်ဆိုလျှင် ကိုရင်မောင်လည်း မျက်ရည်ပေါက်ပေါက်ကျ၏လို့ ရေးတယ်။

၁၈၉၉ ခုနှစ်မှာမွေးတဲ့ သိပ္ပံမောင်ဝရေးတဲ့ ဘတ်ဂျက် ခေတ်စမ်းစာထဲမှာ အောင်မယ် ကိုယ်တို့ ယောက်ျားတွေပဲ စာရင်းတွေ အင်းတွေကို အရေးတကြီး လုပ်လုပ်ပြီးတော့လို့ ရေးပါတယ်။

တက္ကသိုလ် ဘုန်းနိုင်က ညီမလေးရယ် စိုးရိမ်မိတယ်လို့ ရေးတယ်။

ကျွန်တော်တို့လူမျိုးတွေဟာ ရှေးကတည်းက အရေးအသား အပြောအဆို အင်မတန်ယဉ်ကျေးသိမ်မွေ့ခဲ့ပါတယ်။ ပြန်လည် ယဉ်ကျေးလာဖို့ရာ လူကြီးမင်းတို့ကို အလိုရှိကြောင်းပါ။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး