Grammar သဒ္ဒါ သို့မဟုတ် အိမ်အိုကြီး

သဒ္ဒါသင်ရတာ မြန်မာစာဖြစ် အင်္ဂလိပ်စာဖြစ်ဖြစ် ကျွန်တော်လိုကျောင်းသားတွေက ပျင်းကြတယ်။ မြန်မာသဒ္ဒါစာအုပ်မှာ ပါဠိအမည်တွေများတယ်။ ကျောင်းသားတွေတော့ မပြောတတ်၊ ကျွန်တော်က လိုက်မမီ။ မြန်မာစာလုံး ထည့်သင့်တာ ထည့်ရင် ပိုကောင်းမယ်။ (က) ကနေ (အ) အထိ ၃၃ လုံးကိုခေါ်တာ မတူကြပါ။ အက္ခရာ ၃၃ လုံး။ ဗျည်း ၃၃ လုံး။ တချို့ စာအုပ်မှာ ဗျည်း ၃၂ လုံးနဲ့ သရ ၁၀ လုံး။ ဝဏ္ဏလို့ခေါ်တာလည်း ရှိသေး။ ဘာလို့ မတူအောင် သင်ကြသလဲ မသိ။

ကကြီးခခွေးနဲ့ သင်ပုန်းကြီးလည်း မတူပါ။ ခုခေတ်သင်ပုန်းကြီးစာအုပ်မှာ လူရုပ်တွေက မြန်မာပြည်ကလူမျိုးတွေ မဟုတ်။ မြန်မာပြည်မှာ လူရှားလို့လား။

ယူကေမှာ ဂရမ်မာကို ဂရိတ်ဝမ်းက စသင်တယ်။ ယူအက်စ်အေ NCTE က ၁၉၈၅ ခုနှစ်ကတည်းက အင်္ဂလိပ်ဂရမ်မာကို သိပ်အားမပေးတော့ပါ။ ဂရမ်မာဆိုတာ စည်းမျဉ်းတွေဖြစ်တာတော့ မှန်တယ်။ ဒါပေမဲ့ ရူးလ်တွေက ပျက်ချော်လာသတဲ့။ ဂရမ်မာသင်ကြားရေးအချိန်ယူလွန်းလို့ အပြော၊ အဖတ်၊ အရေးအတွက် အချိန်တွေ နည်းစေသတဲ့။ ပြင်ပဖိအားတွေ။ ဆိုရှယ်၊ စီးပွါးရေးနဲ့ နိုင်ငံရေး၊ အဲတာတွေကို မေ့ထားလို့မရတဲ့။ အဲတာ သင့်မသင့် ငြင်းခုန်နေကြဆဲ။

အိန္ဒိယမှာ Grammar Translation Method နည်းကျင့်သုံးလာတယ်။ မိခင်ဘာသာစကားနဲ့ ရောနှောသင်နည်း။ လေ့လာတော့ အဲဒီနည်းကြောင့် ကျောင်းသားတွေမှာ အင်္ဂလိပ်စာအားနည်းမှုရှိလာပါသတဲ့။

ယူအက်စ်အေမှာ မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ ၅ နှစ်တာအတွေ့အကြုံ နည်းနည်းထည့်ပါမယ်။ အင်္ဂလိပ်စာက မိခင်ဘာသာစကားမဟုတ်ကြတဲ့ အထက်တန်းအဆင့် နိုင်ငံတကာကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ပေးတယ်။ စပိန်စကားပြော၊ မြန်မာစကားပြောနဲ့ အာရတ်စကားပြောကျောင်းသားတွေ။ အာဖရိကက ဆွာဟီလီစကားပြောသူ နည်းနည်းလည်းရှိတယ်။

အေဘီစီ အသံထွက်ကနေ စတယ်။ စပိန်စကားပြောတွေက မြန်မာပြည်မှာ အင်္ဂလိပ်စာသင်လာခဲ့သူတွေထက် တချို့အသံထွက်တွေ ခက်ကြတယ်။ ဗမာတွေက တပမ်းသာတယ်။

ဝေါဟာရတွေ လာတယ်။ အသုံးကျလောက်မှာတွေကို ရွေးသင်တယ်။ စာသင်ခန်းထဲကပစ္စည်းတွေ။ နေအိမ်နဲ့ လူသုံးကုန်တွေ။ အဝတ်အစား၊ အသုံးအဆောင်တွေ။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ။ ရုံးနဲ့ ဘဏ်အသုံးတွေ။ ဂဏန်းနဲ့ ပိုက်ဆံ။

ဂရမ်မာကို နေ့စဉ်လိုလိုသင်ပါတယ်။ ကက်ပီတယ်လက်တား ခေါ် စာလုံးကြီးနဲ့ ရေးရမှာတွေ။ နာမ်တွေ၊ နာမ်စားတွေနဲ့ ပရယ်ပိုဇေးရှင်းတွေ။ ဆင်းဂူးလား နဲ့ ပလူးရဲလ်။

အဲတာကို မြန်မာပြည်မှာ ဧကဝုစ်ကိန်းနဲ့ ဗဟုဝုစ်ကိန်းလို့ သင်တယ်။ အနည်းနာမ်နဲ့ အများနာမ်ဆို ပိုရှင်းတယ်။
ကြိယာသင်တယ်။ ပြုလုပ်သူကအနည်းဆို ကြိယာပြောင်းစရာတွေ။ အဲတာမှာ မြန်မာစာထက်ရှုတ်တယ်။ နာမ်မှာ များလိုရင် အက်စ် ထည့်။ ကြိယာမှာ ပြုလုပ်သူကအနည်းဆိုရင် အက်စ်ထည့်။ ရှုတ်ကြတယ်။

မြန်မာပြည်မှာ ကြိယာ၊ ကရိယာ၊ ကိရိယာ ရောထွေးနေကြတယ်။ ဆပ်ဂျက်ကို ပြုလုပ်သူလို့သင့်ရေးရင် အလယ်တန်းနဲ့ အထက်တန်းအဆင့်မှာ ရှင်းတယ်။

တင့်စ် ခေါ် ကာလကို ပစ္စုပ္ပန်၊ အတိတ်နဲ့ ပရိုဂရက်ဇစ် ခေါ် ကွန်တင်းညူးဝါးတင်စ် ခေါ် ဆက်တိုက်ဖြစ်နေတာ သုံးခုကိုသာ ပဌမအဆင့်မှာ သင်နိုင်တယ်။

မြန်မာပြည်မှာလို အက်တစ် နဲ့ ပက်စစ် သီးခြားမသင်ပါ။ ဒါရိုက် နဲ့ အင်ဒါရိုက်လည်း မသင်ပါ။ ဝါစင်္ကရှစ်ပါး မစုံသေးပါ။
မြန်မာသဒ္ဒါမှာ တချို့စာအုပ်က ၉ ပါးတဲ့။ ပစ္စည်းတခု တိုးထားတယ်။ ဘာလို့ မတူအောင်သင်ကြသလဲ။

အရေးမှာ ဝါကျ ၃ ကြောင်း ၅ ကြောင်း။ သင်ထားတဲ့ ဝေါဟာရကို ရေးစေတယ်။ ကိုယ့်အကြောင်းကို ရေးခိုင်တယ်။ အက်ဆေးအဆင့် အရောက်သေး။ အလုပ်လျှောက်တဲ့အခါ အသုံးတည့်အောင်သာ။

အဖတ်သင်တယ်။ စာထဲပါတာမှန်သမျှ သိစေအောင်ထိ အချိန်မရပါ။ ဆရာတယောက် သင်ပေးလိုတာ တမျိုး။ တရားသေမရှိ။ မြန်မာပြည်မှာက တကြောင်းဆွဲ။ သင်ပေးတာမဟုတ်ရင် မသိ။ နောက်ပြင်စာအုပ်သာသင်ရသူတွေက မူရင်းအမှန်ကို မှားတယ်လို့ ပြောရဲလာကြတယ်။

နှစ်ဝက်လောက်နေတော့ လိုက်နိုင်တဲ့ ကျောင်းသားတွေကို ပါရာဂရပ် ခေါ် စာပိုဒ် ရေးခိုင်းပြီး အဆင့်မီသူတွေကို နောက်တတန်း တက်ပေးလိုက်တယ်။ နောက်တတန်းမှာ ပိုများလာသည်။ အယ်လ်ဂျီဘရာ ခေါ် အက္ခရာသင်္ချာနဲ့ အင်္ဂလိပ်စာ နောက်နှစ်တန်းပြီးရင် အထက်တန်းအောင်ကြပြီ။ ကောလိပ်သွားနိုင်ပြီ။

ကျွန်တော့်အမြင်မှာ သဒ္ဒါဆိုတာ အုတ်မြစ်နဲ့ သတ်ပုံက အုတ်ခဲ။ တိုက်မဟုတ်ရင် အိမ်တိုင်ထူရတဲ့ မြေကျင်းနဲ့ လောင်းတဲ့ သဲ။ အဲတာတွေ အခြေမခိုင်ရင် တိုက်ဖြစ်ဖြစ် အိမ်ဖြစ်ဖြစ် ယိုင်မယ်။

အင်မတန်ခမ်းနားလှပခဲ့တဲ့ မြန်မာစာအဆောက်အအုံကြီးဟာ တည်ဆောက်စဉ်ကတော့ ခိုင်ခန့်တည့်မတ်ခဲ့ပါတယ်။ စည်ပင်ဖွံဖြိုးလာခဲ့ပါတယ်။ ၁၉၇၀ ကျော်ကတည်းက ပညာရေးအားမပေး၊ ၁၉၈၀ နောက်ပိုင်းမှာ သတ်ပုံတွေ ပြောင်းရာကနေ အခုတော့ ခြာစားပြီး၊ ကျားကန်ပေးထားရပြီ။ နံရံနဲ့တူတဲ့ သတ်ပုံ မလုံတော့ပါ။ ခေါင်မိုးနဲ့တူတဲ့ တာဝန်ရှိသူတွေကလည်း ဆေးသာသုတ်ပေးနေကြတယ်။ ဆောရီး။ ကန်တော့။

ဒေါက်တာတင့်ဆွေ
၁၄-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး