Rh blood group system အာရ်အိတ်ခ်ျ သွေးအုပ်စုခွဲနည်းစနစ်


သွေးသွားလှူသွားတာ Rh positive တဲ့။ မလှူခဲ့ရပါဘူးဆရာ။ ဘာရောဂါလဲ မသိလို့ ဖြေကြားပေးပါ။ ကျေးဇူးတင်ပါသည် ဆရာ။

၁။ ဆရာ A+ ,- ဘယ်လိုသိလဲဆရာ။ သွေးစစ်ရင် A ဆို A ပဲသိတယ်ဆရာ။ + - ဘယ်လိုခွဲလဲဆရာ။

၂။ Positive negative ဆိုတာ ဘယ်လိုခွဲပါသလဲ ဆရာ

လူ့သွေးကို လူ့မျက်စိနဲ့ ကြည့်ရင် နီရဲနေတာကလွဲလို့ တယောက်သွေးနဲ့ နောက်တယောက်သွေး ခွဲခြားမရနိုင်ပါ။ သူရဲကောင်းသွေးနဲ့ သူရဲဘောကြောင်သူသွေး အရောင် အတူတူပါဘဲ။ အနုကြည့်မှန်ဘီလူးနဲ့ စစ်ရင်တော့ မတူတာတွေ သိလာမယ်။ အုပ်စုခွဲနည်းက အများဆုံး ၂ နည်းကို သုံးတယ်။ တခြားနည်းတွေလဲ ရှိသေးတယ်။

သွေးနီဥအပေါ်မှာရှိတဲ့ ဓါတ်ပစ္စည်းပေါင်း အစုံ ၃ဝ ရှိတယ်။ လူတယောက်ဟာ အဲဒီထဲက တမျိုးဖြစ်နိုင်တယ်။ ဒါတွေထဲမှာ (အင်တီဂျင်) ခေါ်တဲ့ သွေးအုပ်စုကို ပြဌာန်းပေးတဲ့ အမျိုးပေါင်း ၆ဝဝ မကရှိတယ်။ လူတိုင်း သန္ဓေသားဘဝကနေ သေတဲ့ အထိ သွေးအုပ်စုက ပြောင်းမသွားဘူး။ ဒါပေမဲ့ တမင်တာပြောင်းအောင်လုပ်နိုင်တာတော့ ရှိပါတယ်။ ဥပမာ ရိုးတွင်းခြင်ဆီ အစားထိုးတာ။ (အေ) သွေးလူနာကို (အို) သွေး ရိုးတွင်းခြင်ဆီတွေ အများကြီးသွင်းပေးရင် (အို) ဖြစ်သွားနိုင်တယ်။

နိုင်ငံတကာ သွေးသွင်းအသင်းကြီးကနေ သတ်မှတ်ထားတာ သွေးအုပ်စုပေါင်း (၃ဝ) ရှိတယ်။ အများဆုံးအသုံးကျတဲ့ Blood group systems သွေးအုပ်စုခွဲနည်းတွေကတော့ -
၁။ ABO blood group system (အေ-ဘီ-အို) စနစ် နဲ့
၂။ Rh (Rhesus) blood group system (အာရ်အိတ်ခ်ျ) စနစ်တွေဖြစ်တယ်။ ဒီစာမှာ ဒါတခုထဲသာရေးပါမယ်။

လူတယောက်ဟာ ABO အုပ်စုခွဲနည်းထဲကတမျိုး နဲ့ Rh အုပ်စုခွဲနည်းထဲကတမျိုး ရှိလာမယ်။ အများနားယဉ်တဲ့ (အေ-ဘီ-အို-အေဘီ) (၄) မျိုးစလုံးမှာ အပေါင်းနဲ့ အနုတ်ရှိလို့ ပေါင်း (၈) မျိုးဖြစ်တယ်။ မေးတဲ့သူမှာ ABO အရ (ဘီ) နဲ့ Rh က အပေါင်း။ ဒီနေရာမှာ (ဘီ) (ပေါ့ဇေးတစ်ဖ်) ဆိုတာ အသဲရောင် (ဘီ) ပိုး ရှိတာနဲ့ မှားတတ်တယ်။

Rh blood group system (အာရ်အိတ်ခ်ျ) စနစ်
တခြားသွေးအုပ်စုခွဲနည်းတွေထဲမှာ MNS system စနစ်၊ Kell system စနစ်၊ Lewis system စနစ် စတာတွေ ပါတယ်။ ၁၉၃၉ ခုနှစ်မှာ (အာရ်အိတ်ခ်ျ) စနစ်ကို Philip Levine နဲ့ Rufus Stetson ပညာရှင် ၂ ဦးကနေ စတွေ့တာဖြစ်တယ်။ ၃၁ နိုင်ငံက လူပေါင်း ၂၂၆၁ဝ၂၅၂၄၄ (သန်း ၂ ထောင်ကျော်) ကို စာရင်းကောက်တယ်။ ရလဒ်တွေကတော့ -
O (+) = 36.44%
A (+) = 28.27%
B (+) = 20.59%
AB (+) = 5.06%
O (-) = 4.33%
A (-) = 3.52%
B (-) = 1.39%
AB (-) = 0.45%

ဒါကြောင့် Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ Rh negative (အာရ်အိတ်ခ်ျ) အနုတ် ရှိသူတွေက အာရှမှာ ဝ့၃% ရှိပြီး၊ အနောက်နိုင်ငံတွေမှာ ၁၅% ရှိတယ်။ အာရှသားတွေ ကံကောင်းတယ်။ ဘာလို့လဲ၊ ဆက်ဖတ်ပါ။

Rhesus (Rh) factor (အာရ်အိတ်ခ်ျ-ဖက်တာ)
လူတယောက်ရဲ့ သွေးနီဥတွေအပေါ်ယံမှာ မွေးရာပါ (ပရိုတင်း) တမျိုးရှိတာကို စမ်းတွေ့သူကို Rh positive လို့ခေါ်တယ်။ မတွေ့ရင် Rh negative လို့ခေါ်တယ်။ Rh antigen (အာရ်အိတ်ခ်ျ-အင်တီဂျင်) ၃ဝ ထဲမှာ အဓိက (အင်တီဂျင်) ၅ ခုရှိတယ်။ D, C, c, E နဲ့ e တွေ ဖြစ်တယ်။ ဒီအထဲက D antigen (ဒီ-အင်တီဂျင်) က အရေးအပါဆုံး ဖြစ်တယ်။ Rh +ve ဆိုတာ ဒီ D ရှိတာဖြစ်တယ်။ အပေါင်းဖြစ်ဖြစ်၊ အနုတ်ဖြစ်ဖြစ် ကျန်းမာရေးကို မထိခိုက်ပါ။

ကိုယ်ဝန်ဆောင်နဲ့ Rh မတူတာ
ကိုယ်ဝန်ဆောင်ရင်တော့ အဆင်မသင့်တာဖြစ်နေရင် ထိခိုက်မှာသေခြာတယ်။ မိခင်က Rh negative အနုတ် ဖြစ်နေရင် ကိုယ်ထဲမှာ အနုတ်ကိုဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) နည်းနည်းဖြစ်လာနိုင်တယ်။ တကယ်လို့ ကလေးသွေး နည်းနည်းနဲ့ မိခင်သွေးထိစပ်မိရင် မိခင်ကိုကနေတုန့်ပြန်မှုဖြစ်လာမယ်။ ကလေးကို မတည့်စေတာဖြစ်စေမယ်။ မိခင်က အဲဒီ အင်တီဘော်ဒီကို ယဉ်တဲ့အခြေအနေဖြစ်မယ်။ ဒါပေမယ့်အချင်းကနေတဆင့် ကလေးဆီရောက်ရင် တိုက်ခိုက်မှု ဖြစ်စေမယ်။ ကလေးသွေးနီဥတွေကို ခြေဖျက်မယ်။ သွေးအားနည်းလာစေမယ်။ (ဟီမိုလစ်တစ်) သွေးအားနည်းရောဂါလို့ ခေါ်တယ်။ နေမကောင်းတဲ့အထိဖြစ်လာစေနိုင်တယ်။ ဦးနှောက်ကိုပါသက်ရောက်မယ်။ ကလေးဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်။

သားဦးကိုယ်ဝန်မှာ သိပ်ဒုက္ခမပေးပါ။ တကယ်လို့ နောက်ကိုယ်ဝန်တွေမှာ အထဲကကလေးဟာ Rh positive အပေါင်း ဖြစ်နေရင် မအေသွေးထဲက (အင်တီဘော်ဒီ) တွေကနေ ကလေးရဲ့သွေးကို ဆန့်ကျင်စေလိမ့်မယ်။ အချင်း-ချက်ကြိုးကနေ တဆင့် သွေးကဆက်စပ်နေတယ်။ ဒီအခါမှာ ကလေးမယ် Rh disease (အာရ်အိတ်ခ်ျ) ရောဂါ ရလာမယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။

ကိုယ်ဝန်ဆောင်တာမှာသာမကဘဲ Rh positive blood နဲ့ တွေ့နိုင်ခြေရှိတဲ့ တခြားအခြေအနေတွဖြစ်တဲ့
- Miscarriage ကိုယ်ဝန်ပျက်ခြင်း၊
- Abortion ကိုယ်ဝန်ဖျက်ခြင်း၊
- Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊
- Molar pregnancy စပျစ်သီးကိုယ်ဝန်ဖြစ်ခြင်း၊
- Amniocentesis ရေမြွာရည်ဖေါက်ခြင်း၊
- Chorionic villus sampling စစ်ဆေးနည်းလုပ်ခြင်း၊
- Bleeding during pregnancy ကိုယ်ဝန်ဆောင်နေတုံး သွေးသွန်ခြင်း၊
- Blunt trauma to the abdomen during pregnancy ကိုယ်ဝန်ဆောင်နေတုံး ဒဏ်ရာရခြင်း၊
- Rotation of a baby in breech position before labor ကလေးအနေအထား မှန်အောင် လှည့်ပေးရခြင်းတွေမှာလဲ ဆေးထိုးဘို့ လိုမယ်။

တကယ်လို့ ကိုယ်ဝန်ဆောင်နေတုံး မိခင်လောင်းသွေးထဲမယ် Antibodies တွေ ရှိနေပြီးသား တွေ့ရရင် Rh immune globulin ဆေးထိုးလဲ အကြောင်းမထူးပါ။ ကလေးကိုသာ ဂရုတစိုက် စောင့်ကြည့်ရတော့မယ်။ လိုအပ်လာရင်တော့ ကလေးကို သွေးသွင်းပေးရလိမ့်မယ်။ မမွေးခင်လဲ သွင်းပေးနိုင်တယ်။ မွေးပြီးပြီးချင်းလဲ သွေးသွင်းပေးနိုင်တယ်။

• မိခင် Rh positive + ဖခင် Rh positive = ကလေး Rh positive ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh negative + ဖခင် Rh negative = ကလေး Rh negative ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh positive + ဖခင် Rh negative = ကလေး Rh positive or Rh negative ဘာမှလုပ်စရာမလိုပါ။

မိခင်လောင်းဟာ Rh negative အနုတ်ဖြစ်နေရင် ဆေးစစ်ရမယ်။ Antibody screen ခေါ်တယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ လထဲမှာ တခါ နဲ့ ၂၈ ပါတ်မှာတခါ လုပ်ရမယ်။ Antibodies တွေ မထုတ်သေးရင် Rh immunoglobulin (RhIg) ဆေး ထိုးရမယ်။ ဆေးကနာတယ်။ ကိုယ်ပူတတ်တယ်။ မွေးလာတဲ့ကလေးက Rh negative ဖြစ်နေရင် ဘာမှလုပ်စရာမလိုပါ။ Rh positive ဆိုရင်တော့ မိခင်ကို ကလေးမွေးပြီးတာနဲ့ ဆေးထပ်ထိုးရမယ်။ နောက်ကိုယ်ဝန်တွေမှာလဲ ကလေးက Rh positive ဖြစ်နေရင် ဆေးထိုးရမယ်။

RhIg ဆေးကို မိခင်က Rh-negative blood ရှိပြီး ယဉ်ပါးတာမဖြစ်ရင် ၂၈ ပါတ်လောက်စနေ မွေးတဲ့အထိထိုးပေးမယ်။ ကလေးက Rh-positive ဖြစ်နေရင် မိခင်ကို RhIg နောက်ထပ်တလုံးထိုးမယ်။ နောက်ကိုယ်ဝန်မှာ ကလေးက Rh-positive ဖြစ်နေရင် ထိုးရမယ်။ ကိုယ်ဝန်ပျက်တာ၊ ဖျက်တာ၊ သားအိမ်ပြင်ပသန္ဓေတည်ပြီျးပက်တာတွေပြီးရင်လည်း နောက်ထပ် (အင်တီဘော်ဒီ) တွေထပ်မထုတ်အောင် ဆေးထိုးသင့်တယ်။

1. Blood donation rules သွေးလှူခြင်းဥပဒေသများ http://dts-medicaleducation.blogspot.in/2014/02/blood-donation-rules.html
2. Blood donation မြတ်သော နီသော သွေး http://dts-medicaleducation.blogspot.com/2012/01/blood-donation.html
3. Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား http://dts-medicaleducation.blogspot.com/2011/11/b-ab-o.html
4. Blood Type Incompatibility သွေးအုပ်စုနှင့် ကလေးအသားဝါခြင်း https://doctortintswe.blogspot.com/2016/08/blood-type-incompatibility.html
5. Blood Types and Paternity Determination သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး http://doctortintswe.blogspot.com/2014/11/blood-types-and-paternity-determination_10.html
6. Matching blood group before marriage လက်မထပ်ခင် သွေးအုပ်စု စစ်ဘို့ အရေးကြီးသလား https://doctortintswe.blogspot.com/2014/11/matching-blood-group-before-marriage.html
7. Rh blood group system (အာရ်အိတ်ခ်ျ) သွေးအုပ်စုခွဲနည်း http://doctortintswe.blogspot.com/2014/11/rh-blood-group-system.html
8. Rh factor and pregnancy ကိုယ်ဝန်ဆောင်နဲ့ Rh သွေးအုပ်စု http://doctortintswe.blogspot.com/2016/09/rh-factor-and-pregnancy-rh.html
9. Rh Groups မိဘသွေး ကလေးသွေး https://doctortintswe.blogspot.com/2017/11/rh-groups.html

Dr. တင့်ဆွေ
၁၁-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး