Normal labor after LSCS ဗိုက်ခွဲမွေးပြီးနောက် ရိုးရိုးမွေးလို့ရသလား

၁။ မင်္ဂလာပါဆရာရှင့် ကျမက အသက် ၂၉ နှစ်ပါ။ ကလေးတယောက်ရှိပါတယ် ခွဲမွေးထားတာပါ။ ကလေး ၃ ယောက် လိုချင်တာပါ။ ခွဲမွေးရရင် ၃ ယောက်ဆို ၃ ကြိမ်ခွဲဖြစ်မှာမို့ ဒုတိယကို ရိုးရိုးမွေးလို့ရလား သိချင်တာပါဆရာရှင့်။ ပထမကလေးတုန်းကလည်း တကယ်တော့ ရိုးရိုးမွေးချင်ခဲ့တာပါ။ ကလေးက မွေးရက်ရောက်တဲ့အထိ မွေးလမ်းကြောင်းထဲ မဝင်သေးပဲ High Head မို့ ရိုးရိုးမွေးနိုင်ရင်ကောင်းတယ်။ မမွေးနိုင်ရင် ညှပ်ဆွဲ ။ လေစုပ်မွေးရရင် ကလေးတခုခု ဖြစ်မှာစိုးပြီး ခွဲမွေးခဲ့တာပါ။ ယခု ပထမကလေးက ၃ နှစ်နဲ့ ၂ လရှိပါပြီရှင့်။ အကယ်လို့ ရိုးရိုးမွေးလို့ရတယ်ဆိုရင် ပထမကလေးနဲ့ အသက်ဘယ်လောက်ခြားပြီးမှ ဒုတိယကိုယ်ဝန်ယူရမလဲရှင့်။ လေးစားစွာဖြင့်။

၂။ ဆရာရှင့်ကျွန်မက ၃ ယောက်မြောက်ကိုယ်ဝန်ပါ။ ပထမတယောက်က ရိုးရိုးမွေးပြီး ဒုတိယောက်တယောက်ကတော့ ခွဲမွေးထားတာပါ။ အခုတယောက်ကို ရိုးရိုးမွေးလို့ရနိုင်ပါသလားရှင့်။ ကျွန်မအသက်က ၂၇ ပါရှင့်။

၃။ ဆရာရှင့် ကျွန်မ မန္တလေးကပါ။ အသက် ၂၆ နှစ်ပါ။ သားဦးကို ဗိုက်ခွဲမွေးထားပါတယ်။ ကလေးက ခုဆို အသက် (၁) နှစ်ရပါပြီ။ ၂ နှစ်နေရင် နောက်ကိုယ်ဝန်ယူဖို့ စဉ်းစားထားပါတယ်။ သဘာဝအတိုင်း ရိုးရိုးမွေးချင်တယ်။ ပြီးတော့ ခုကြားရတာ မနာကျင်ပဲရိုးရိုးမွေးလို့ရပြီလို့ကြားရလို့ အဲ့ဒါကောဟုတ်ပါသလား။ ကျွန်မသိချင်တာ ပထမကိုယ်ဝန် ဗိုက်ခွဲထားရင် ဒုတိယကိုယ်ဝန်ရိုးရိုးမွေးနိုင်ပါသလား။ ကျေးဇူးတင်ပါတယ်ဆရာ။ ဖြေပေးပါဆရာ။

၎။ ဆရာရှင့် ဗိုက်ခွဲပြီးကလေးဘယ်နှစ်ခါယူလို့ရပါသလဲရှင့်။ ဒီလိုပါဆရာ ကျမရဲ့ပထမကလေးကသားလေးပါ။ ၁ ရက်ပဲ အသက်ရှင်ပြီး ဆုံးပါတယ်ရှင့်။ ခု ဒုတိယကလေးမွေးပြီးပါပီရှင့်။ သမီးလေးပါ။ ၁ နှစ် ၉ လရှိပါပြီရှင့်။ ၂ ခါ ဗိုက်ခွဲပြီးပါပြီရှင့်။ နောက် ၁ ခါဘဲ ခွဲရတော့မယ်။ ၁ ယောက်ပဲ ယူခွင့်ရှိတော့တယ်ဆိုတာ ဟုတ်ပါသလားရှင့်။ ဖြစ်နိုင်ရင် နောက် ၂ ယောက် ထပ်ယူချင်ပါတယ်။ ၄ ခါခွဲကျမှာမို့ ယူလို့ ရ-မရ၊ ခွဲ ရ-မရ သိချင်လို့ပါရှင့်။

မေးခွန်းတွေကို သတ်ပုံတွေပြင်လိုက်ပါတယ်။ ဆောရီး။

မကြာမကြာမေးကြတယ်။ ပထမအကြိမ်တုံးက ဘာလို့ခွဲမွေးရသလည်းအပေါ်မှာ မူတည်တယ်။ ဗိုက်ခွဲမွေးပေးဘို့ မလွဲမသွေလိုအပ်တာတွေနဲ့ ချင့်ချိန်ပြီး ခွဲရတာရယ်လို့ရှိတယ်။ အရိုးကွင်းကျဉ်းတာ၊ အချင်းရှေ့ရောက်ဖြစ်တာတွေက မလွဲမသွေခွဲမွေးရတယ်။ မြန်ချင်လို့၊ မနာချင်လို့၊ ဒီရက်မှာသာမွေးချင်လို့၊ စတာတွေက မခွဲလည်း ရိုးရိုးမွေးလို့ရပါတယ်။ တခါဗိုက်ခွဲမွေးထားရင် နောက်ကလေးတွေလည် ခွဲမွေးရဖို့ များတယ်။ ဒါပေမယ့် မွေးကာနီးအခြေအနေအပေါ်မှာတော့ မူတည်တယ်။ ပထမကလေးကို ရိုးရိုးမွေ၊ ဒုတိယကလေးကိုခွဲမွေးထားသူဆိုရင် တတိယ ကိုယ်ဝန်မှာ မွေးဖွါးခြင်းအဆင့် (၂) ခေါ်တဲ့ သားအိမ်ဝ အပြည့် ပွင့်ပြီးနောက် ၃ နာရီအထိစောင့်ပြီး ရိုးရိုးမွေးဖို့ ကြိုးစားနိုင်ပါတယ်။ အဲလိုလုပ်ပေးဘို့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ လိုအပ်လာရင်ခွဲမွေးဘို့ အဆင်သင့်ပြင်ဆင်ထားမှုတွေက ပြည့်စုံနေရမယ်။

Vaginal birth after cesarean (VBAC) ရိုးရိုးခေါ်တဲ့ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ကနေ ကလေးမွေးနိုင်သူ အရည်အချင်းရှိသူတိုင်းက ရိုးရိုးမွေးနိုင်ကြပါတယ်။ ဥပမာ ပထမကလေးကို ရိုးရိုးမွေပြီး ဒုတိယကလေးကိုခွဲမွေးသူဆိုရင် တတိယကလေးကို ရိုးရိုးမွေနိုင်စရာ အခွင့်အလမ်းများတယ်။ ရိုးရိုးမွေးဖို့ သားအိမ်အဝ အကုန်ပွင့်လာပြီးနောက် (၃) နာရီကြာအထိ ကြိုးစားနိုင်တယ်။ VBAC နဲ့ကြိုးစားတာကို Trial of Labor After Cesarean (TOLAC) ခေါ်တယ်။ ၆ဝ-၈ဝ% ရိုးရိုးမွေးနိုင်ကြတာ တွေ့ရတယ်။

American College of Obstetricians and Gynecologists အမေရိကန်ဆေးကောလိပ်ကနေ သတ်မှတ်ထားချက်တွေ ရှိတယ်။
• အရင်ခွဲမွေးတုံးက သားအိမ်ခွဲကြောင်းကို ကန့်လန့်ဖြစ်ခဲ့ရင် ရိုးရိုးနည်းကြိုးစားနိုင်တယ်။ ဒေါင်လိုက်နဲ့ (တီ) ပုံ ဖြစ်ခဲ့ရင် ခွဲသာမွေးပါ။
• တင်ပါးဆုံရိုးကွင်းမကျဉ်းရင် ရိုးရိုးကြိုးစားနိုင်တယ်။
• အရင်က သားအိမ်ခွဲစိတ်မှုမျိုး ဥပမာ သားအိမ်အကျိတ်ခွဲထုတ်ခြင်း မရှိခဲ့ရင် ရိုးရိုးမွေးဖို့ ကြိုးစားနိုင်တယ်။
• အရင်က သားအိမ်ကွဲတာမဖြစ်ဖူးရင် ရိုးရိုးမွေးဖို့ ကြိုးစားနိုင်တယ်။
• အရင်က အချင်းရှေ့ရောက်ကိုယ်ဝန် မရှိဖူးရင် ရိုးရိုးမွေးဖို့ ကြိုးစားနိုင်တယ်။
• အရင်က သားအိမ်အကျိတ် ကြီးမားတာ မရှဖူးရင် ရိုးရိုးမွေးဖို့ ကြိုးစားနိုင်တယ်။
• အနားမှာ ဆရာဝန်နဲ့ လိုအပ်ရင်ခွဲမွေးပေးနိုင်တဲ့ပြင်ဆင်ထားမှုရှိနေရင် ရိုးရိုးမွေးဖို့ ကြိုးစားနိုင်တယ်။
• အနားမှာ မေ့ဆေးဆရာဝန်အပါအဝင် အရေးပေါ်အခြေအနေကို ကုစားပေးမယ့် အဆင်သင့်ဖြစ်မှု ရှိနေရင် ရိုးရိုးမွေးဖို့ ကြိုးစားနိုင်တယ်။

ရိုးရိုးမွေးဖို့ မကြိုးစားသင့်သူတွေကတော့ အသက်ကြီးသူဖြစ်ရင်၊ လူက အဝလွန်နေရင်၊ အရင်ကလေးတွေက ထွားခဲ့တာ (၈့၈ ပေါင် = ၄ ကေဂျီ) ရှိဖူးရင်၊ ကိုယ်ဝန်က ၄ဝ ပါတ်ကျော်နေရင်၊ အရင်ကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန် နီးလွန်းရင် (၁၈ လ)။

အဲလိုကြိုးစားမှုတွေလုပ်ရင် သတိထားစရာတွေရှိတယ်။ ကြိုစားတာမရလို့ခွဲမွေးရတာ၊ အရင်သားအိမ်ခွဲတဲ့ချုပ်ရိုးကွဲတာ၊ မရတော့လို့ခွဲမွေးတာဟာ ပြင်ပြင်ဆင်ဆင်ခွဲတာလောက်တော့ မကောင်းတတ်ပါ။ တချို့ဆေးရုံတွေက အဲလိုလုပ်မပေးပါ။ ဥပဒေကြောင်းကိုကြည့်လို့ ဖြစ်တတ်တယ်။ ဆရာဝန်အပေါ်မှာလည်း မူတည်ပါတယ်။ လူနာအပေါ်လည်း မူတည်တာပါပဲ။

အရင်တခါခွဲမွေးရရင် နောက်လည်းခွဲမွေးရမယ်လို့ပြောလာခဲ့တာက ၁၉၂၂ ခုနှစ်ကတည်းကစတယ်။ ၁၉၅ဝ ကျော်ကလည်းက Lower Segment Caesarean Section (LSCS) သားအိမ်အောက်ပိုင်းကနေခွဲမွေးနည်းကို သုံးလာခဲ့ကြပါတယ်။ ဒါပေမယ့် ကနေ့ကာလတွေမှာ VBAC နည်းကိုသုံးလာနေကြပါပြီ။ သြစတေးလျမှာ ၆၇% က အဲလိုလုပ်ပါတယ်။ အောင်မြင်ပါတယ်။ တကယ်တန်း LSCS လုပ်ဖို့လိုတဲ့ကိုယ်ဝန်အရေအတွက်ဟာ ၃% သာရှိတယ်။

မခွဲမဖြစ်ခွဲမွေးရမယ့် အခြေအနေများ
1. အချင်းရှေ့နောက်အနေအထား၊
2. ကလေးအနေအထားပုံမှန်မဟုတ်ခြင်း၊ အဲတာမှာလည်း ကန့်လန့်နဲ့ တင်ပါးဆုံပြုအနေအထားမှာ ခြေတဖက်ထွက်ခြင်းသာဖြစ်တယ်. ရိုးရိုးတင်ပါးဆုံပြုခြင်းဆိုရင် ရိုးရိုးမွေးနိုင်တယ်။
3. သားအိမ်အပေါ်ပိုင်းမှာချုပ်ရိုးရှိထားခြင်း။ ဗိုက်ခွဲမွေးတုံးက အရေးပေါ်ဓါးရာကိုဒေါင်လိုက်ခွဲခဲ့ရခြင်းနဲ့ သားအိမ်အလုံးခွဲရခြင်း။
4. မိခင်မကျန်းမာခြင်းနဲ့ ကလေးကျန်းမာရေးမကောင်းခြင်း။
5. ရိုးရိုးမွေးဘို့ကြိုးစားနေရင် ကလေးမွန်းလာခြင်း။
6. မွေးဖွါးဖြစ်စဉ်ပုံမှန်မဟုတ်ခြင်း။
7. ကလေးမျက်နှာအထက်လန်နေခြင်း။
8. ကလေးခေါင်းနဲ့ မွေးလမ်းမဆန့်ခြင်း (ရှားတယ်)။
9. မိခင်က အစိုးရိမ်ကြီးခြင်း။

ခုခေတ်မှာ ခွဲမွေးကြတာ ပိုများလာတယ်။ မလိုပဲခွဲတာတွေက များနေတာဖြစ်တယ်။ တိုင်းပြည်တိုင်းမှာ အဲလိုဖြစ်နေတာပါ။ ဒေလီက ယမုန်နာဆေးခန်းလေး အရင်ခွဲမွေးထားသူ ၃-၄ ယောက်မကကို ရိုးရိုးမွေးပေးခဲ့ဘူးပါတယ်။

LSCS in UK (ယူကေ) မှာ ဗိုက်ခွဲမွေးတာ http://doctortintswe.blogspot.com/2015/04/lscs-in-uk.html
LSCS and Normal labor ဗိုက်ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာ http://doctortintswe.blogspot.com/2014/10/lscs-and-normal-labor.html
Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင် http://doctortintswe.blogspot.com/2014/11/pregnancy-and-pain-relief-during-labor.html
Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း http://doctortintswe.blogspot.com/2014/11/painless-childbirth.html

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး