Painless childbirth ဗိုက်မနာဘဲ ကလေးမွေးခြင်း

တိုက်ဆိုင်မှုကတော့ မဖြစ်တဲ့နေ့ မရှိသလောက်ပါ။ ဒီစာကလည်း နှစ်ပတ်လည်စာ။ မတင်လိုက်ပါ။ အခုတော့ မေးလာလို့ တင်ပါတော့မယ်။

ကျွန်မ နာမည့့်၊ အသက်က ၃၀ ပါ။ လက်ရှိကိုယ်ဝန်ဆောင်နေတာ ၃၈ ပတ်ရှိပါပြီဆရာ။ ရိုးရိုးမွေးဖို့ စီစဉ်ထားပါတယ်။ ခုနောက်ပိုင်း ရိုးရိုးမွေးကိုမှ epidural ယူမွေးခြင်းနဲ့ epidural မယူဘဲ မွေးခြင်းဆိုပြီး ၂ မျိုးရှိတယ်ဆိုပြီး ရွေးစရာ ပေးပါတယ်။ သက်ဦးမို့ နာမှာကို ကြောက်မိလို့ epidural ယူသင့် မယူသင့် ဝေခွဲရခက်နေလို့ epidural နဲ့ ပတ်သက်တဲ့ ဗဟုသုတလေး ရယ် လူကြီးနဲ့ ကလေးမှာ ဘယ်လို side effect တွေ ရှိလာနိုင်တယ်ဆိုတာလေး ရှင်းပြပေးပါလားဆရာ။

အရင်က မေးလို့ ရေးထားတာ။ ဆရာရှင့် သမီးရိုသေစွာ စာရေးမေးမြန်းချင်ပါတယ်။ သမီး အသက်က ၃၃နှစ်ပါ။ သမီးလေးကို့ မှာ ရိုးရိုးမွေးပါတယ်။ ၂ ရက်လောက်နာပြီး အရမ်းခက်ခဲပါတယ်။ ရမယ်ဆိုရင် ၃ ယောက် ၄ ယောက် လောက်တော့ လိုချင်သေးတယ်ဆရာ။ ရိုးရိုးမွေးမှာလဲ ကြောက်သွားပြီ။ ခွဲလဲမမွေးချင်ဘူး။ အနာသက်သာဆေးထိုးပြီး ရိုးရိုးမွေးလို့ရတဲ့ဟာရှိပြီဆို။ ဆေးက ဈေးကြီးသလား။ နာတာ တကယ်သက်သာသလား။ ဆိုးကျိုးနှင့် ကောင်းကျိုး ရှိသလား သိချင်လို့ပါ။ ကျေးဇူးတင်ပါသည်။

ကလေးမွေးရတယ်ဆိုတာ တကယ်နာပါတယ်။ ဆောရီး။ သားအိမ်ကြွက်သားတွေဟာ စိတ်ကနေထိန်းမရဘဲ မွေးခါနီးရင် ညှစ်လို့ နာရတာဖြစ်တယ်။ ဒီအနာမျိုးကို အနာသက်သာဆေးတွေက မနိုင်ဘူး။ ဘိန်းပါဆေးကသာ ထိရောက်တယ်။ ဘေးထွက်ဆိုးကျိုး များလို့ သိပ်မသုံးကြပါ။

နာတာကလဲ စောစောပိုင်းမှာ နာလိုက်၊ နားလိုက်၊ နောက် နာတာကြာပြီး နားတာက တိုလာတယ်။ နာပုံ-နာနည်းကလဲ တိုးသထက် တိုးနာတယ်။ စောစောက စကားစမြီပြောနေတဲ့လူနာ ရှုံ့မဲ့လာမယ်၊ နောက် အော်လာမယ်၊ အသံ ကျယ်ကျယ်လာတယ်။ မွေးပေးမဲ့ ဆရာဝန်-ဆရာမတွေက မသနားလို့တော့ မဟုတ်ပါ။ အဲတာကိုသဘောကျနေကြတယ်။ မွေးလူနာဟာ မွေးဖွါးဖြစ်စဉ် ပုံမှန် ဖြစ်နေတာကို သတိထားနေလို့ပါ။ တိုးတက်မှုဖြစ်စဉ်က အတော်အရေးကြီးတယ်။ လူနာ အော်သံတိတ်သွားရင် မကြိုက်ချင်ဘူး။ တနာရီတခါစမ်းလို့ သားအိမ်အဝဟာ လက် ၁ လုံး၊ ၂ လုံး စသဖြင့် တိုးတိုး ပွင့်ရမှာက တန့်နေရင် မကြိုက်ချင်ဘူး။

အချက် (၇) ချက်ပြည့်စုံမှ ကလေး မွေးလမ်းကနေ ထွက်ပါမယ်။
1. Os full သားအိမ်အဝ လုံးဝပွင့်မယ်၊ ၁ဝ စင်တီမီတာ၊
2. Membranes rupture ရေမွှာပေါက်မယ်၊
3. Show သွေးနဲနဲနဲ့ အချွဲ ဆင်းမယ်၊
4. Desire to urinate and defecation ဆီးသွားချင်၊ ဝမ်းသွားချင် ဖြစ်လာမယ်၊
5. Anal pressure စအို ဝိုင်းလာမယ်၊
6. Bulge ညှစ်နေချိန်မှာ အပြင်ကစူလာနေတာ မြင်ရမယ်၊
7. Urge မဖြစ်မနေ ညှစ်ချင်လာမယ်။

မဖြစ်မနေ ညှစ်ချင်လာတယ်ဆိုတာကို မိခင်လောင်းက ထိန်းမရပါ။ နာမယ်မှန်း သိလျက်နဲ့ သူ့ခမြာ ညှစ်ပါမယ်။ အနာသက်သာဘို့ အထောက်အကူ ပေးနိုင်တာတွေ ရှိပါတယ်။ ရေ၊ သစ်သီးရည် များများ သောက်ပါ။ အုံးရည်သောက်ပါ။ အစားမာ လိုတာထက် ပိုမစားပါနဲ့။ ကလေးဖွါးနေတုံး ပျော်စရာ၊ ရီမောစရာတွေ ပြောဆိုပေးတာ ကောင်းတယ်။ တချို့က ဝါသနာပါရင် ကဘို့တောင် အကြံပေးတယ်။

ကလေးမွေးတာ အနာသက်သာအောင် လက်ခံထားတဲ့နည်းတွေရှိတယ်။
၁။ အောက်စီဂျင် နဲ့ နိုက်ထရပ်စ်အောက်ဆိုက် အရောကို ရှူတာ ကလေးရော မိခင်လောင်းပါ စိတ်ချရတယ်။ ဒါပေမဲ့ နာတာအကုန် မသက်သာစေပါ။

၂။ Epidural analgesia (အပီဂျူရယ်) ခါးထုံဆေး၊ အထိရောက်ဆုံးနည်း ဖြစ်တယ်။ ကလေး-မိခင် စိတ်ချရတယ်။ တကမ္ဘာလုံးမှာ သုံးတယ်။ သုံးဘူးသူ ၈၅% မိခင်တွေက လိုလားနှစ်ခြိုက်ကြတယ်လို့ ဆိုတယ်။ မေ့ဆေးဆရာန်ကသာ လုပ်ပေးမယ်။ ခါးရိုးမကြီးထဲမှာ ဦးနှောက်ကနေ အောက်ကို တန်းဆင်းနေတဲ့ အာရုံကြောမကြီးရှိတယ်။ ခါးရိုးဆစ်တွေရဲ့ နောက်က အထက်အောက်တန်းနေတဲ့ ပြွန်လိုနေရာထဲမှာ အကာသုံးလွှာနဲ့ ဖုံးနေတာ ဖြစ်တယ်။ ဒီအာရုံကြောမကြီးကနေ ဘယ်-ညာ နှစ်ဘက်ကနေ အာရုံကြောတွေ ထွက်ပြီး ဆိုင်ရာဆိုင်ရာ နေရာတွေကို အလုပ်လုပ် ပေးနေတာပါ။ အဖုံးလွှာတွေထဲက အပြင်ဆုံးအလွှာရဲ့ အပြင်နေရာထဲကို (ကသီတာ) ဆေးထိုးပိုက် သေးသေးလေးနဲ့ သွင်းပြီး ထုံဆေး ထိုးပေးရတယ်။ သတ်မှတ်ထားတဲ့ ခါးရိုးဆစ် နှစ်ခုကြားကနေထိုးတာပါ။ (ကသီတာ) ကို ဆွဲမထုတ်ဘဲထားရတယ်။ အောက်ပိုင်းက ထုံနေပေမဲ့ လူနာက လုံးဝသတိကောင်းနေတယ်။

လုပ်စရာ လုပ်ပြီးတာနဲ့ Epidural catheter ကိုထုတ်တယ်။ ဆက်တော့ ထုံနေပါအုံးမယ်။ ဘာလုပ်လုပ် အန္တရာယ်ဆိုတာ ရှိတာပါ။ ဒီလိုလုပ်ရတာမှာ သွေးဖိအားကျမယ်၊ ကလေးကို သတိထားရမယ်၊ အဆင်မသင့်လို့ အာရုံကြောထိမှာကို သတိကြီးရတယ်။ တချို့မှာ ခေါင်းကိုက်နေတတ်တယ်။ ကလေးမွေးဖြစ်စဉ်ကို ကြည့်ပြီးမှ ဒီနည်းလုပ်မယ်-မလုပ်ဘူး ဆုံးဖြတ်ရတယ်။ ဒီနည်းကို မွေးလမ်းက မွေးတာ၊ ဗိုက်ခွဲမွေးတာ တမင်မွေးလာအောင်လုပ်တာ၊ ညှပ်ဆွဲမွေးတာ၊ လေဟာနယ်နဲ့ စုပ်မွေးတာတွေမှာ သုံးပါတယ်။

ကလေးမွေးတာမှာမနာအောင် တမင်လုပ်ပေးမွေးတာကို Twilight sleep ခေါ်ကြတယ်။ အနုတ်ဘက်ကနေ ထောက်ပြတာတွေလဲ သိဖို့သင့်ပါတယ်။ မိခင်ဖြစ်မဲ့သူဟာ သူ့ရဲ့ တာဝန်ရှိတတ်မှုကို မေ့ထားရာကျတယ်။ နောင်လဲဘဲ ကလေးဖွါးရတာ သာယာမှုလို့ ထင်မှတ်နိုင်တယ်။ ခရစ်ယန်ဘာသာရေး ခေါင်းဆောင်တချို့က ဘုရားအလိုမကျတဲ့ မကောင်းမှုလို့ ပြောတယ်။ သဘာဝတရား မတားသင့်ဘူး။ မွေးတဲ့အခါ သဘာဝအရ နာတာဟာ မိခင်နဲ့ကလေးကြား စည်းနှောင်မှုတခု ဖြစ်တယ်။ ဗိုက်ခွဲမွေးရသူတွေမှာ ပိုလို့တောင် ရှိမယ်။ ဒီလို စည်းနှောင်မှုမျိုး ဖခင်တွေက ဝယ်ယူမရနိုင်ကြပါ။ ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုး မကင်းပါ။

မနာအောင် မွေးနည်းကို ၁၈၄၆ ကတည်းက စခဲ့တာပါ။ ဘုရင်မကြီး Queen Victoria ကလဲ အနာမခံနိုင်လို့ မေ့ဆေး-ထုံဆေး သုံးချင်ခဲ့တယ်။ Fanny Longfellow က ပဌမဆုံး မနာအောင် မွေးနည်းသုံးခဲ့တဲ့ အမေရိကန် First lady ဖြစ်တယ်။

ကလေးမွေးပြီးပြီးချင်း နောက်ကလေး မယူချင်တော့ပါဘူး ပြောသူ ရှိသလို၊ နုတ်အာကြမ်းသူတွေက သူနာနေတုံးမှာ သူ့ယောက်ျားကို ကျိန်ဆဲတတ်တယ်။ ကလေးကိုလဲ သန့်ရှင်း၊ သစ်လွင်နေတဲ့ အနှီးဖြူလေးနဲ့ပတ်ပြီး မိခင်လက်ထဲ အပ်လိုက်ရင်တော့ ပြုံးနိုင်သူတွေက များပါတယ်။ ညီးကိုမွေးပေးရတာ ဒို့အိပ်ရေးမပျက်ဘူး။ နောက်တယောက် မွေးရင်လဲ ဒီအချိန်ပဲလာခဲ့နော်လို့ပြောရင် ဟုတ်ကဲ့ရှင့်လို့ ဖြေပါတယ်။

Pregnancy and Pain relief during labor ကလေးမွေးရင် မနာချင် http://doctortintswe.blogspot.com/2014/11/pregnancy-and-pain-relief-during-labor.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး