Salpingitis သားအိမ်ပြွန်ရောင်ခြင်း

(ကန်တော့ပါ)

သမီးအသက်က ၃၀ အိမ်ထောင်မရှိ အပျိုပါ။ သမီးရဲ့ဝမ်းဗိုက်ညာဖက်အောက်ခြေနားက အောင့်နေတာ တလကျော်ပါပြီ။ ရာသီလာတဲ့ရက်ဆို ပိုအောင့်တယ် (စကားရိုင်းသွားရင် ကန်တော့ပါရှင့် ) လွန်ခဲ့တဲ့ ၂ ရက်က OG သွားပြတော့ သမီးဖြစ်နေတဲ့နေရာက အူအတက် နေရာလို့ပြောပါတယ်ရှင့် Ultrasound ရိုက်ကြည့်တော့ဆရာဝန်က အူအတက်ရောင်တာဖြစ်နိုင်သလို ညာဖက်မမျိုးဥပြွန်ရောင်တာလဲဖြစ်နိုင်ပါတယ်တဲ့ သမီးကို ဆေး ၂ မျိုးပေးလိုက်ပါတယ်။ ပေးလိုက်တဲ့ဆေးပါ ၅ ရက်စာပေးတာပါ မသက်သာရင်ဆေးရုံတက်ရမယ်ပြောပါတယ်ရှင့်။ Ultrasound ဆရာဝန်က မှတ်ချက် ၂ မျိုးပေးလိုက်တော့ သမီးဖြစ်နေတာက အူအတက်ရောင်တာလား မ မျိုးဥပြွန်ရောင်တာလား မသိပါဖူးရှင့်။ ကျေးဇူးပြုပြီး ဆောင်ရန်ရှောင်ရန်လေးတွေ လမ်းညွန်ပေးပါရှင့် မမျိုးဥပြွန်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေ သမီးကိုပြောပြပေးပါနော် အူအတက်နဲ့ ပတ်သက်ပြီးရေးထားတဲ့ ဆရာရဲ့ post ကိုသမီးဖတ်ပြီးပါပြီရှင်။ ဆရာ့ရဲ့ ပညာ သီလ သမာဓိများကို အမြဲဦးညွတ်လေးစားလျက်ပါရှင့် ကျေးဇူးတင်ပါတယ်ရှင်။ မမျိုးဥပြွန်နဲ့ ပတ်သတ်တဲ့ဆောင်ရန်ရှောင်ရန်လေးတွေ ကျေးဇူးပြုပြီး ပြောပြပေးပါ ဆရာရှင့်။ သမီးရဲ့ Ultrasound အဖြေပါ ဆရာ။

ဘယ်ဟာဖြစ်ဖြစ် ပိုးသေဆေး + အနာသက်သာဆေး လိုပါမယ်။
https://doctortintswe.blogspot.com/2014/11/appendicitis-treatment-with-antibiotics.html

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။ မမျိုးဥပြွန်ရောင်တာလဲဖြစ်နိုင်တယ်လို့ပြောပါတယ်ရှင့်။ အခုသမီးကိုပေးလိုက်တဲ့ဆေးတွေက သက်သာနိုင့်ပါ့မလားဆရာရှင့်။ အမာစာတွေမစားရဖူး အရည်ပဲသောက်ရမယ်မှာတယ်ရှင့်။ ကင်ဆာတွေဘာတွေ ဖြစ်မှာ စိုးရိမ်ရလားရှင့်။

ဖြေထားပြီး။

စိတ်မရှိပါဆရာရှင့် အူအတက်နဲ့ ပတ်သက်တာပဲ ရှာတွေ့ပြီး မျိုးဥပြွန်နဲ့ ပတ်သက်တာ သမီးရှာမတွေ့မိလို့ပါရှင်။

ပိုးဆေး + အနာသက်သာဆေး ၂ မျိုး ဆေးပတ်လည်အောင်သောက်ရမည် ဖြေထားပြီး။

ဟုတ်ကဲ့ သမီးအခုသောက်နေတာ ပိုးသတ်ဆေးနဲ့ ၀မ်းနုတ်ဆေးလို့ပြောပါရှင့် ပိုးသတ်ဆေးက တနေ့ ၂ လုံးသောက်ရမယ်ပြောပါတယ် ၁ လုံးတည်းသောက်ရုံနဲ့ သမီးခေါင်းတွေမူးပါတယ် အဲ့ဒါ သမီးနဲ့ မတည့်လို့လားရှင့် တနေ့ ၂ လုံး ၅ ရက်သောက်ရမှာပါ။

စမ်းသပ် ကုသပေးနေတဲ့ ဆရာဝန်ပြန်ပြောသင့်။ ပိုးသေဆေးဆိုတာ အတိအကျသောက်ရ။

ဟုတ်ကဲ့ဆရာ။ ခုလိုပြန်ဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်ရှင်။ သမီး ဆရာ့ဆီကို ၈ လပိုင်း ၂၀၁၆တုန်းကလဲ စာပို့ပြီးမေးဖူးပါတယ်ရှင်။ လွန်ခဲ့တဲ့ ၄ ရက်လောက်က ညာဖက်ဗိုက်နားက အလားတူပဲ ထပ်အောင့်လို့ ဆေးခန်းထပ်သွားပြပါတယ် ဆရာဝန်က ဆီးလမ်းကြောင်းပိုးရှိတယ် မျိုးဥပြွန်နဲ့ သားအိမ် နည်းနည်းလေးရောင်နေတယ်လို့ ပြောပါတယ် သေချာမကုသနိုင်ရင် နာတာရှည်ဖြစ်သွားမယ်တဲ့ OG ကောင်းကောင်းနဲ့သေချာပြပါလို့ပြောလိုက်ပါတယ်။ ညာဖက်ဗိုက်အောက်နားက နည်းနည်းလေးအောင့်တာ မကြာခဏဆိုသလို ဖြစ်ပါတယ် ဆရာ။ မျိုးဥပြွန်ရောင်တာနဲ့ ဆီးပိုးရှိတာက အန္တရာယ်ရှိနိုင်လားရှင့် ဆောင်ရန် ရှောင်ရန်လေးတွေ သိချင်ပါတယ်ရှင်။ ဆရာအားလပ်မယ့်အချိန်လေးကျရင် ကျေးဇူးပြုပြီး ပြန်ဖြေပေးပါနော်။ မျိုးဥပြွန်ရောင်တာက ခဏခဏဖြစ်နေရင် ကင်ဆာ ဖြစ်နိုင်လားရှင့်။ ကျေးဇူးပြုပြီး ပြန်ဖြေပေးပါရှင်။

အတော်များများ ကင်ဆာမေးကြတယ်။ စာထဲမှာ ကင်ဆာဖြစ်နိုင် မဖြစ်နိုင်ပါတာကိုလည်း အဲတာပဲမေးကြတယ်။ ဖြစ်နေတာကို ဆေးကုသနည်းပေးတာကိုတော့ လိုက်နာ မလိုက်နာ မပြောကြ။

၂။ မင်္ဂလာပါဆရာ သိချင်တာလေးမေးပါရစေရှင့်။ (ကန်တော့နော်ဆရာ) သားအိမ်ပြွန်ရောင်ရင် ကလေးမရနိုင်ဘူးလားရှင့်။ သမီးအသက်က ၃၃ နှစ်၊ အိမ်ထောင်ကျတာ ရ လရှိပါပြီ။ ကလေးလိုချင်လို့ မီးယပ်သားဖွားဆရာဝန်တွေနဲ့ပြတာ နောက်ဆုံးပြဿနာက သမီးမှာ သားအိမ်ပြွန်ရောင်နေတယ်လို့ပြောပါတယ်။ ကလေးအရမ်းလိုချင်နေလို့ပါဆရာ။ ဘယ်လိုလုပ်ရမယ်ဆိုတာ နည်းလမ်းရှိရင် လမ်းညွှန်ပေးပါဦးဆရာရယ်။ ဘယ်လိုမေးရမယ်ဆိုတာမသိလို့ အခုလိုမေးလိုက်ရတာ အမှားပါရင်ခွင့်လွှတ်ပေးပါရှင့်။ ဆေးစစ်ထားတဲ့ စာရွက်စာတမ်း တွေလဲရှိပါတယ်ဆရာ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦးဆရာရယ်။ ကျေးဇူးတင်စွာဖြင့်

ဆေးစစ်ချက်စာ (ပုံ မဟုတ်) သိပါသလား။

ဆေးစစ်ချက်စာတော့ရှိပါတယ်ဆရာ။ မဖတ်တတ်တော့ ဆရာဝန်ပြောတာပဲ သိလို့ပါ။

ရောဂါအမည် မသေချာတာကို ဖြေမဖြစ်ပါ။ ရောင်တာတဲ့နေရာ အမည်၊ ရောင်တာလား ပိတ်တာလား။

သားအိမ်ပြွနိ ဘယ်/ညာနှစ်ဖက်လုံးလို့ပြောတယ်ဆရာ။ SIS နှစ်ခါရိုက်တုန်းကတော့ သားအိမ်ပြွန်ပေါက်ပိတ်တယ်လို့ ပြောပါတယ်။ နောက်ဆုံးတစ်ခေါက် HSG ရိုက်တဲ့အဖြေမှာတော့ ပြွန်ပေါက်ပိတ်တာမဟုတ်ဘဲ သားအိမ်ပြွန်ရောင်နေတာ ဘယ်/ညာ နှစ်ဖက်လုံးလို့ပြောပါတယ်။ နောက်ဆုံးစစ်ထားတဲ့ HSG ရဲ့ အဖြေကို ပူးတွဲပို့ပေးပါရစေဆရာ။

ပိုးသေဆေး + အနာအရောင်ကျဆေးတွေလိုပါမယ်။ အိုဂျီကညွှန်ပါမယ်။

၃။ ဆရာရှင့် ကျွန်မ အသက် ၂၇၊ အိမ်ထောင်သည်ပါ။ ကလေးရော ကိုယ်ဝန်ရောမရှိပါ။ ဘယ်ဘက်ပေါင်ထိပ်၊ ဆီးခုံ ဘယ်ဘက်ထိပ်ကနာလို့ ဆေးခန်းပြတယ်။ ultrasound ရိုက်တယ် အဖြေတွေက အားလုံးကောင်းပါတယ်။ သားဥပြွန် ရောင်တယ်ဆိုပြီး ပိုးသတ်ဆေး ၂ ပတ်ပေးပါတယ်။ နာတာသက်သာအောင် Dolfenal 500 mg ပေးပါတယ်။ ၂ ပတ် ပြည့်ပြန်ပြ နာနေတာပဲဆရာ။ နောက်တခါလည်းထပ်ပြပါတယ်။ ရောင်တဲ့အရှိန်ကြောင့်နာတာ စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောပါတယ်။ ဆေးသောက်နေရင် သက်သာပါတယ်။ Dolfenal 500 mg ကို ဘယ်လောက်အချိန်အတိုင်းအတာထိ သောက်လို့ရပါသလဲဆရာ။ ရောင်တဲ့အရှိန်ကြောင့်နာတာကရော ဘယ်လောက်ကြာတတ်ပါသလဲဆရာ။ ဆေးဖြတ်ပြီးလို့ နာနေတာက တလလောက်တောင်ရှိပါပြီ။ ဖြေပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်။ သားဥပြွန်ရောင်တာကို ပိုးသတ်ဆေးတမျိုးတည်းနဲ့ပဲပျောက်ပါသလားဆရာ။ ဆရာဝန်က ဘာဆေးမှထပ်မပေးလို့ပါ။ သားဖွားမီးယပ် အထူးကုနဲ့ ပြတာပါ။ (တစ် ၃ လုံးနဲ့ ယောင် ၃ လုံးကို သတ်ပုံပြင်လိုက်ပါတယ်။ ဆောရီး။)

Dolfenal 500 mg ဆိုတာ Mefenamic acid ဆေးဖြစ်တယ်။ အဖျား-အနာ-အကိုက် သက်သာဆေး ဖြစ်တယ်။ အဆစ်နာ၊ ရာသီလာစဉ်နာ၊ သွားကိုက်၊ ထိခိုက်ဒဏ်ရာနာ၊ ခွဲစိတ်ပြီးနာ၊ ခေါင်းကိုက်၊ မိုင်ဂရင်း၊ စတာတွေအတွက် ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ = ဆီးထဲ-ဝမ်းထဲသွေးပါ၊ ဆီးသွားတဲ့အကြိမ်နည်း၊ ရင်ပူ၊ အစာမကျေ၊ စားချင်စိတ်နည်း၊ ဗိုက်အောင့်၊ သွေးဖိအားတက်၊ အရေပြားယား၊ ခါးနာ၊ ကိုယ်ရောင်၊ သွေးထွက်လွယ်၊ အန်၊ ကိုယ်အလေးချိန်တက်-ကျ။

အမျိုးသမီးတိုင်းမှာ သားအိမ်ရဲ့ ဘယ်နဲ့ညာမှာ သားအိမ်ပြွန်တစုံစီရှိတယ်။ ပျမ်းမျှ ၁ဝ စင်တီမီတာရှည်ကြတယ်။ သူ့အောက်နား နှစ်ဖက်လုံးမှာ မျိုးဥအိမ်လေးတွေရှိတယ်။ အပျိုဖြစ်ကတည်းက သွေးဆုံးတဲ့အချိန်ထိ လစဉ် မျိုးဥတဥ ထုတ်ပေးနေတယ်။ အိမ်ထောင်ကျလို့ ကျားသုက်ပိုးက ဗဂျိုင်းနားကနေဝင်လာပြီး အထက်ကိုတက်လာချိန်နဲ့ မျိုးဥထွက်ချိတန်ကိုက်ရင် မျိုးဥဟာ သားအိမ်ပြွန် ဘေးအဆုံးပေါက်ကနေတဆင့် ပြွန်ထဲဝင်လာပြီး ပြွန်ရဲ့ အဖျားပိုင်း သုံးပုံတပုံနေရာလောက်မှာ ပေါင်းဆုံကြတယ်။

သားအိမ်ပြွန်ရောင်တာကို Salpingitis လို့ခေါ်တယ်။ ပိုးဝင်လို့ဖြစ်တယ်။ ဗဂျိုင်းနား ခေါ် မွေးလမ်းကြောင်းကနေ အထက် တက်လာပြီး သားအိမ်၊ နောက်တဆင့် သားအိမ်ပြွန်ဆီရောက်လာတာဖြစ်တယ်။ တဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ရောင်နိုင်တယ်။ သားသမီးမရနိုင်သေးသူတွေမှာ ဒီအကြောင်းခံကြောင့်ဖြစ်တာ အများဆုံးဖြစ်တယ်။

ဆီးစပ်နာပြီး ဖျားတဲ့အမျိုးသမီးတွေ သားအိမ်ပြွန်ရောင်လို့ဖြစ်နိုင်တယ်။ တဖက်ချင်းဖြစ်လေ့ရှိတယ်။ အပျိုတွေမှာဖြစ်တာ အလွန်ရှားတယ်။ ကလေးမွေးပြီးချိန်၊ ကိုယ်ဝန်ပျက်ပြီးချိန်၊ ကိုယ်ဝန်ဖျက်ပြီးချိန်၊ ကိုယ်ဝန်တားပစ္စည်းထဲ့ပြီးချိန်၊ မီးယပ်ရောဂါတခုခု ခွဲစိတ်ပြီးချိန်တွေမှာ ဖြစ်တတ်တယ်။

အများအားဖြင့် ဂနိုးရီးယားခေါ် လိင်ကတဆင့်ကူးစက်ရောဂါဖြစ်စေတဲ့ပိုး Gonococci ကနေ ဖြစ်တယ်။ chlamydia, mycoplasma, staphylococci and streptococci ပိုးတွေကနေလည်း ဖြစ်တယ်။

ဖြစ်ရင် ဆီးစပ်နေရာနာမယ်။ တဖက်-နှစ်ဖက် ဖြစ်နိုင်တယ်။ ဖျားနိုင်တယ်။ ချွေးထွက်မယ်။ ချမ်းမယ်။ မွေးလမ်းက တခုခု ဆင်းချင်ဆင်းမယ်။

အူအတက်ရောင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ မျိုးဥအိမ်အလုံးနဲ့ Endometriosis ခေါ်သားအိမ်ရောဂါတွေကိုလည်း စဉ်းစားရမယ်။

ဆေးရုံတက်ကုသရနိုင်တယ်။ ပိုးသေဆေးချက်ချင်းပေးရမယ်။ ဆေးပြောင်းပေးဘို့လိုရင် ပြောင်းရတယ်။ အနာသက်သာဆေးလိုမယ်။ ပြည်တည်မှသာ ခွဲစိတ်ဘို့လိုမယ်။ gonorrhoea နဲ့ chlamydia ပိုးဖြစ်လို့ လိင်ကတဆင့် ကူးစက်တာဖြစ်ရင် ခင်ပွန်းကိုပါ ပိုးသေဆေးပေးရမယ်။

ဆေးသေချာမကုသရင် ဆက်ဖြစ်နိုင်တာတွေရှိလာမယ်။ Pelvic inflammatory disease (PID) ခေါ် တင်ပါးဆုံးတွင်း အင်္ဂါတွေရောင်ခြင်းက ဆိုးတယ်။ ဆေးကုတာစောရင် ကလေးမရမဖြစ်စေပါ။ သားအိမ်ပြွန် ပိတ်မပိတ် သေချာအောင် hysterosalpingogram (HSG) ရိုက်ရမယ်။ နာတာရှည်ဖြစ်ရင် အမာရွတ်ဖြစ်စဉ်ကနေ တွယ်ကပ်မှုကြောင့် ပြွန်ပိတ်မယ်။ နာတာရှည်ဖြစ်ရင် ဆီးစပ်နေရာ နာနေမယ်။ အတူနေစဉ်မှာ မနာသင့်ပဲနာမယ်။ ဗဂျိုင်းနားက တခုခုဆင်းမယ်။ ကျန်းမာရေးမကောင်းဖြစ်နေမယ်။ ကလေးမရနိုင်ဖြစ်မယ်။

• Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းရောင်ရမ်းခြင်းရောဂါ http://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html
• Salpingitis သားအိမ်ပြွန်ရောင်ခြင်း https://doctortintswe.blogspot.com/2017/01/salpingitis.html

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၇
၂၃-၁ဝ-၂ဝ၁၇
၉-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး