Family Tree ဆွေစဉ်မျိုးဆက်

ကျွန်တော်က ကင်းဝန်မင်းကြီးဦးကောင်းမျိုးဆက်ထဲကဖြစ်ကြောင်း တခါနှစ်ခါရေးထားပါတယ်။ အမေက မြေးတော်တယ်။

တကယ်တော့ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကာခဲ့ပါ။ ကျွန်တော်က သူ့နှစ်မအငယ်ဆုံးမျိုးဆက်သာဖြစ်ပါတယ်။ သမီးပြည်တွင်းအလည်ပြန်တော့ အမျိုးထဲကတယောက်ကနေ ဆွေစဉ်မျိုးဆက်ဇယားစာအုပ်လေး လက်ဆောင် ပေးလိုက်တယ်။ ကျေးဇူး။ စာအုပ်လေးပြုစုသူ ဘယ်သူလဲ မသိသေးပါ။ အလွန်ကျေးဇူးကြီးတယ်။ ကျွန်တော်က သိချင်နေတာကြာပြီ။ လက်လှမ်းမီတဲ့အမျိုးတွေကို ရေးမှတ်ပေးကြဘို့ လှမ်းပြောထားသေးတာ။

ဦးကောင်းမှာ မောင်နှမအရင်း ခြောက်ယောက်ရှိတယ်။ ဦးကောင်း၊ ဦးချောင်၊ ဦးထား၊ မယ်အိမ်ကြွယ်၊ မယ်တူးနဲ့ မယ်ထူး။

မယ်ထူးက ဖိုးကံထော်နဲ့ အိမ်ထောင်ကျပြီး သားသမီး ကိုးယောက်ထွန်းပေါက်တယ်။ စတုတ္ထသား ဦးရေချမ်းက မင်းတိုင်ပင်သူ ဒေါ်ခင်လေးနဲ့အိမ်ထောင်ကျတယ်။ သူတို့ကနေ သားသမီး ခုနစ်ယောက်မွေးဖွါးတယ်။ သားကြီးက ဦးထင်။ ကျွန်တော့်အမေရဲ့အဖေ။ ဦးထင်က မင်းတိုင်ပင် တိုက်နယ်သူကြီး။ နှစ်လုံးပြူးသေနတ် ကိုင်ခွင့်ရသတဲ့။

ဦးထင်နဲ့ မြို့အုပ်သမီး ဒေါ်အမနဲ့ရတယ်။ သားသမီး ကိုးယောက်မွေးဖွါးတယ်။ ကျွန်တော့်အမေက နံပတ် (၄) ဒေါ်ခင်ခင်။ ကျွန်တော့်ဘကြီး (အမေ့ဘက်က ဂရင်းဖါးသား) ကို မီလိုက်တယ်။ အခုလိုဆောင်းရာသီမှာ ဘကြီးဦးထင် မီးလှုံဘို့ရာ ကျွန်တော့်အကိုကြီးနဲ့ နှစ်ယောက်သား ထင်းခြောက်လေးတွေဆွဲပြီးသွားကြတယ်။ မုံရွာ၊ ဆူးလေကုန်းရပ်မှာ။ မေလှမြိုင်ဆိုတဲ့ ဆောင်းအမီသီချင်းခေတ်ကပါ။

Kinwunmingyi U Kaung ကင်းဝန်မင်းကြီးဦးကောင်း https://doctortintswe.blogspot.com/2015/08/kinwunmingyi-u-kaung.html
U Kaung ကင်းဝန်မင်းကြီး ဦးကောင်း https://doctortintswe.blogspot.com/2016/12/u-kaung.html

ဒေါက်တာတင့်ဆွေ
၁ဝ-၁၁-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး