Chlorine gas poisoning ကလိုရင်းဓါတ်ငွေ့အဆိပ်
သောက်သုံးရေသန့်စင်စေဖို့ ကလိုရင်းကိုအသုံးပြုရတယ်။ ကလိုရင်းဆေးခပ်ထားရင် အနံ့လေးတမျိုးရနေမယ်။ အဲတာက ပိုးသန့်တယ်လို့ သိစေနိုင်တယ်။ ကောင်းတယ်။ ကလိုရင်းဓါတ်ဆားကို အိမ်မှာသုံးဖို့ အမျိုးမျိုးရှိတယ်။ ချွတ်ဆေးမှုံ့နဲ့ ရေသန့်ဆေးပြား။
မကောင်းတဲ့သတင်းတခု ကနေ့ထွက်ပါတယ်။ ကလိုရင်းဓါတ်ငွေ့နံ့ရလို့ အဆိပ်လို့သိလာတာ ဆီးရီးယားနိုင်ငံမှာ။ ရုရှား ထောက်ခံအားပေနေတဲ့ ဆီးရီးယားအစိုးရတပ်တွေက ဂိုတာအရှေ့ပိုင်းဒေသမှာ ကလိုရင်းအဆိပ်ငွေ့သုံးလို့ အဆိပ်သင့်သူ ၆ ယောက်ကို အသက်ရှူလမ်းရောဂါအတွက် ကုသပေးရတယ်။ ဆီးရီးယားအစိုးရက အဲလို အဆိပ်ဓါတ်ငွေ့သုံးတဲ့ သတင်းတွေ မကြာခဏထွက်ပါတယ်။
ကလိုရင်းဓါတ်ငွေ့အဆိပ်သင့်ရင် အသက်ရှူရခက်တာဖြစ်မယ်။ ချောင်းဆိုးလာမယ်။ နှာခေါင်းအနေရခက်မယ်။ အဆုတ်ကို နားကြပ်နဲ့နားထောင်ရင် မူမမှန်သံကြားမယ်။ အရေပြားကိုပါ လောင်စေတယ်။ မျက်စိနာမယ်။ ပျို့အန်မယ်။ ခေါင်းကိုက်မယ်။
လူ့နှာခေါင်းက ကလိုရင်းပမာဏ 0.1–0.3 ppm ဆိုရင် အနံ့ရတယ်။ ဆယ်ဆများတဲ့ 1–3 ppm ဆိုရင် အပေါ်ဖုံးလွှာ အနုစားကို ကလိမယ်။ အနေရခက်လာမယ်။ ရောင်ရမ်းလာမယ်။ 5–15 ppm ဆိုရင် အလတ်စားဆိုးဝါးတာတွေဖြစ်မယ်။ 30 ppm ကျော်လာရင် ရင်ပတ်နာလာမယ်။ အသက်ရှူခက်လာမယ်။ ချောင်းဆိုးလာမယ်။ 40–60 ppm ဆိုရင် toxic pneumonitis ခေါ် အဆုတ်ရောင်တာနဲ့ acute pulmonary edema ခေါ် အဆုတ်ရေအောင်းတာ ဖြစ်လာမယ်။ အရေးပေါ်ဖြစ်တယ်။ 400 ppm ဆိုရင် နာရီဝက်နဲ့ သေနိုင်တယ်။
ကုသရာမှာ အဆိပ်လာရင်ကို ရပ်တန့်ပိတ်ပင်ရမယ်။ ကင်းလွတ်ရာ ဖယ်ရှားရမယ်။ အောက်စီဂျင်ပေးရမယ်။ လေပြွန်ကျယ်ဆေးပေးရမယ်။
ပဌမကမ္ဘာစစ်အတွင်းက ကလိုရင်းအဆိပ်ဓါတ်ငွေ့ သုံးခဲ့တယ်။ အီရတ်စစ်အတွင်းမှာလည်း သုံးခဲ့တယ်။
ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၈

Comments
Post a Comment