WHO နဲ့ FDA မတူတာ သိကြပါ

တင်နေကြတယ်။ ရှယ်နေကြတယ်။ ကိုရိုနာဗိုင်းရပ်စ်ဆေးထုတ်ဖို့ WHO အတည်ပြုချက် စောင့်နေသတဲ့။ အဲတာလည်း အတော်ကိုလွဲမှားတာတွေထဲက တခု။ မှားတာတွေဆို တင်ကြတယ်။ ရှယ်ကြတယ်။ လိမ်တာတွေဆို တင်ကြတယ်။ ရှယ်ကြတယ်။

ဆေးတိုင်းကို FDA က အတည်ပြုချက်ပေးရတယ်။ FDA Approval Process အတည်ပြုချက်အဆင်ဆင့်ရှိတယ်။ အစိုးရက လုပ်ထားတာ။ အဲတာရမှသာ ဆေးကို ဈေးကွက်ထဲမှာ ရောင်းချခွင့်ရှိတယ်။ ဆေးသာမက ဆေးပစ္စည်းနဲ့ ကရိယာတွေလည်း အဲလိုပဲ။ ဆေးထဲမှာ ကာကွယ်ဆေးရော ကုသဆေးတွေပါပါတယ်။

ဆေးကုမ္ပဏီတွေ FDA approval ရလိုရင် အဆင့် ၅ ဆင့်ဖြတ်ရတယ်။ discovery/concept, preclinical research, clinical research, FDA review and FDA post-market safety monitoring တွေဖြစ်ပါတယ်။

ဆေးကုမ္ပဏီတွေဟာ ဆေးကို အရင်ဆုံး ဓါတ်ခွဲခန်းမှာ စမ်းသပ်ရတယ်။ နောက်တဆင့် သက်ရှိအကောင်တွေကို စမ်းရတယ်။ သေချာတာကို FDA တင်ရတယ်။ ဓါတ်ခွဲခန်းစမ်းသပ်မှု ဒေတာတွေပါရတယ်။ ဘယ်လို ထုတ်လုပ်သလဲ အဆင့်တွေပါရတယ်။ သက်ရှိအကောင်တွေစမ်းသပ်မှု ဒေတာတွေပါရတယ်။ label ခေါ် ဆေးညွှန်း ပါရတယ်။ ထိရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေ။

FDA ကပညာရှင်တွေက စစ်ဆေးမယ်။ အကျိုးနဲ့ အပြစ်တွေကို ချိန်ဆမယ်။ အကျိုးကသာတာကို ခွင့်ပြုမယ်။ အသုံးပြုနေစဉ်မှာလည်း FDA က မော်နီတာရင်း ခေါ် စောင့်ကြည့်တာတွေ လုပ်နေမယ်။

Generic Drugs အမည်ရင်းနဲ့ဆေးတွေ ကိုလည်း FDA approval ယူရတယ်။ ဥပမာ Paracetamol ဆေး။ brand-name drug ခေါ် ဆေးကုမ္ပဏီပိုင် ဆေးအမည်ပါတာလည်း တင်ရတယ်။ ဥပမာ Viagra ဆေး။

Drug Patents ဆေးအမည်ပိုင်ဆိုင်မှု
အဲတာအတွက်လည်း FDA approval လိုတယ်။ ရထားတဲ့ဆေးအမည်တူကို တခြားသူတွေက ထုတ်ခွင့်မရှိတော့။ တရားစွဲခံရမယ်။ ဥပမာ Burmeton အမည်နဲ့ အမေရိကန်တွေက ထုတ်ခွင့်မရှိ။ ဆေးအမည်ပိုင်ဆိုင်မှု တခါရထားရင် အနှစ် ၂၀ ထိခံတယ်။

Over-the–Counter Drugs (OTC) အလွယ်ဝယ်ရဆေးများ
ဆရာဝန်လက်မှတ် မလိုပါ။ FDA approval ယူနည်းနဲ့ OTC monograph နည်းလုပ်နိုင်တယ်။

Faster Approvals ခွင့်ပြုချက် အမြန်ရယူနည်း ဥပဒေရှိတယ်။ Prescription Drug User Fee Act (PDUFA) ခေါ်တယ်။

FDA က အတည်ပြုချက်ရတာတိုင်းကလည်း စိတ်ချရပြီလို့ ယူဆလို့မရသေးပါ။ ခွင့်ပြုချက်ရလို့ ရောင်းချ အသုံးပြုပြီးမှ ပြန်ရုပ်သိမ်းရတာတွေရှိတယ်။ အမေရိကမှာ တနှစ်မှာ အဲလိုဟာတွေ ၄၅၀၀ လောက်ရှိတယ်။

ဆေးအသစ်တခု သုတေသနလုပ်ချင်တာကို WHO ဖြစ်ဖြစ် FDA ဖြစ်ဖြစ် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မလိုပါ။ လူကိုစမ်းရင် လိုတယ်။ ရောင်းတော့မယ်ဆိုရင် လိုတယ်။ လူတွေကို အလကားပေးမှာဆိုလည်း FDA လိုတယ်။

မြန်မာပြည်မှာတော့ ဖေ့စ်ဘွတ်ပရိသတ်ဆီက တောင်းနေကြတယ်။ ပေးကြတယ်။ ရောင်းကောင်းမယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး