MBBS (1) အမ်ဘီဘီအက်စ် (၁)

ဆရာ ကြုံတုန်းလေး MBBS နဲ့ MB, BS ဘယ်ဟာအမှန်လဲ။ စီနီယာ ဆရာဝန်ကြီးရဲ့ ဆေးခန်းမှာ မြင်ခဲ့လို့ ဆမ နံပါတ် ၂ လုံးတည်း။

ဒီစာလေး ရေးထားတာကြာပါပြီ။ ပြန်တင်သေးတယ်။ နိုင်ငံရေးစာတွေရေး၊ သင်တန်းတွေပေးနေသူ အမျိုးသမီးတဦးက သူ့ကို တောင်းဆိုကြပေမယ့် အမတ်ဝင်အရွေးမခံလိုကြောင်း အကြောင်းအချက်တွေပေးတာကို ဖတ်လိုက်ရတယ်။ သူရေးတာအောက်မှာ ကျွန်တော်က ကွန်မင့်တခုရေးလိုက်ပါတယ်။ ဒီစာရဲ့အနှစ်ချုပ် ဝါကျလေးတကြောင်းပါ။

ဆရာဝန်ဖြစ်ကာစမှာ ကိုယ့်အရင် ဖြစ်ထားပြီးတဲ့ ဆရာဝန်တွေဟာ လက်တွေ့နယ်က ကိုယ့်ဆရာတွေဘဲ။ ဆေးလောကမှာ စီနီယာတွေက နောက်လူတွေကို ဆေးကျောင်းမှာကတည်းက ဖေးမကူညီတဲ့ အစဉ်အလာရှိပြီးသား။ ဆေးစာအုပ်တွေက အတော်ဈေးကြီး၊ အတော်လည်းရှားတယ်။ ဒါ့ကြောင့် တနှစ်ပြီးသွားရင် နောက်တက်လာမယ့် ကျောင်းသားတွေကို စာအုပ်တွေငှားတာဖြစ်ဖြစ်၊ ရောင်းတာဖြစ်ဖြစ် ပေးတာဖြစ်ဖြစ် လက်ဆင့်ကမ်းကြရတယ်။ ဆိုရှယ်လစ်ခေတ်မှာ ပညာတွင်း နက်တာပေါ့ဗျာ။

ဆရာဝန်ဖြစ်စမှာလည်း စီနီယာတွေရဲ့ကျေးဇူးကြီးပါတယ်။ ကျောင်းမှာတုံးက လက်တွေ့ဆိုပေမဲ့ လက်နဲ့တွေ့ယုံသာ ရှိခဲ့တာ။ ရှေ့နေပျိုမှ၊ သမားအိုမှလို့ဆိုတော့ အိုတယ်ဆိုတာက အတွေ့အကြုံ ရင့်ကျက်တာကို ညွှန်းတာဖြစ်မှာပေါ့။ ရင့်ကျက်လေလေ တည်ငြိမ်လေလေ။ အတွေ့အကြုံများလေလေ အမှားနည်းလေလေ။ ကျွမ်းကျင်ရာ လိမ်မာဆိုတာ လေ့ကျင့်မှုတွေ များလာမှ ဖြစ်နိုင်တာမျိုး။ အတုယူစရာတွေဆိုတာ ယူတတ်လေရလေပါဘဲ။

တရားရုံးမှာ မှုခင်းဆေးပညာအစစ်ခံရတာမှာ ဆရာဝန်ပေါက်စဆိုရင် ကိုရွှေရှေ့နေတချို့က ပညာပြချင်တတ်တယ်။ ဒါမျိုး ဘယ်လိုရင်ဆိုင်မလဲ ကိုယ့်ဆရာတွေက သင်ပေးပါတယ်။ ပြဿနာက ကြီးတာတော့မဟုတ်ပါဘူး။ အဲဒီ မဆလခေတ်က တရားသူကြီးဆိုတာ ဥပဒေပညာမတတ်မှ ဖြစ်တဲ့ခေတ်။ သူတို့က ဘယ်နားလည်ပါ့မလဲ။

ပညာတွင်းနက်တယ်ဆိုတဲ့စကားကို ဆရာဝန်ဖြစ်ပြီးနောက် ပြန်ကြားရပြန်ပါတယ်။ ကျန်းမာရေးလုပ်သားတို့ အရံသားဖွါးဆရာမတို့ကို မွေးထုတ်ရတဲ့ကာလတုံးက မှတ်မှတ်သားသားစကားရဘူးခဲ့တယ်။ စာရေးတတ်၊ ဖတ်တတ်သူတွေကို ကျန်းမာရေးလုပ်သားအဖြစ် ၂၁ ရက် သင်တန်းတွေပေးကြရတယ်။ မိန်းကလေးတွေ လေးတန်း အောင်ရင် အရံသားဖွါး တလသင်တန်းပေးတယ်။ စီမံကိန်းအလုပ်တွေပေါ့။ တချို့တော်ကြပါတယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်အောင် အကျိုးပြုနိုင်ကြတယ်။ တချို့လဲ ကိုယ့်သားသမီးလေးတွေ ဆေးကုတတ်လာပြီဆိုပြီး ဂုဏ်ယူကြတယ်။ ကျေးလက်ကျန်းမာရေးဌာနတခုစီ တာဝန်ယူရတဲ့ကျန်းမာရေးမှူးလို ဖြစ်လာပြီလို့ ထင်ကြသူတွေလဲရှိတယ်။

တချို့ကြ ကိုယ့်သားလေး ဆရာဝန်ဖြစ်သွားပြီလိုလို မှတ်ကြတယ်။ ဆရာဝန်ဆိုတာ ၇ နှစ်တောင် သင်ရတယ်ဆိုတာ သိတော့ ဆရာတို့က ပညာပါရမီတယ်နည်းတာကိုး၊ ကျမသားက ၂၁ ရက်နဲ့ ဆရာဝန်ဖြစ်တာ့ တဲ့။

အစိုးရခန့်ဆရာဝန်ဆိုတာ မြို့နယ်တခုမှာ ၂ ယောက်ထက် ပိုမရှိဘူး။ နယ်ကံကောင်းရင် တိုက်နယ်ဆေးရုံကို လူတွေက ကိုယ်ဖါသာကိုယ်ဆောက်ပြီး ဖွင့်နိုင်လို့၊ တိုက်နယ်ဆရာဝန်ပါ ပေါင်းရင် ၃ ယောက်အထိရှိနိုင်တယ်။ လူဦးရေက တသိန်း မအောက်ဘူး၊ ကျွန်တော်တို့ ဆေးကျောင်းမတက်ခင်က လူဦးရေ တသောင်းမှာ ဆရာဝန်တယောက်။ ဆရာဝန်ဖြစ်ချိန်ဆို ငါးထောင်ကို ဆရာဝန်တယောက်ရှိလာမယ်လို့ စီမံကိန်းလုပ်ထားတာ ဖတ်ရဘူးတယ်။ ဘာမဆို စီမံကိန်းခေတ်ကိုး။ နောက် ပြန်ကြည့်တဲ့အခါ မွေးထုတ်နိုင်တဲ့ ဆရာဝန်ဦးရေ၊ အင်ဂျင်နီယာဦးရေက မှန်းချက်နဲ့ ကိုက်သလောက်ဘဲ။ မကိုက်တာက မွေးထုတ်လိုက်တဲ့ ပညာတတ်ပြီးသားတွေကို အလုပ်ပေးဘို့ ဆေးရုံ၊ ဆေးဝါး၊ တခြားလိုအပ်တာတွေနဲ့အညီ ဖြည့်ဆီးဘို့လိုတဲ့ တိုးတက်လာရမဲ့ စီးပွါးရေးက နီးနီးစပ်စပ်တောင် မအောင်မြင်ဘူး။ အင်ဂျင်နီယာတွေလဲ ဘာထူးမလဲ။ ရရာအလုပ် ရှာကြရတော့တယ်။

တခါတော့ မြို့သာမှာတုံးက နယ်ကိုခရီးထွက်တဲ့အခါ ကိုယ်မွေးထုတ်ထားတဲ့ ကျန်းမာရေးလုပ်သားတယောက်အိမ်ကို ရောက်သွားတယ်။ သူက လူပေါင်းဆန့်တယ်၊ ဆက်ဆံရေးလည်းကောင်းတယ်။ အောင်မြင်တဲ့ကျန်းမာရေးလုပ်သား တယောက်ပေါ့။ သူ့အမေကပြောတယ်၊ ဆရာရယ် ဆရာ့တပည့် ကျမသားမောင်မြင့်ဌေးက မတတ်တာလည်းမရှိဘူး၊ တတ်တာလည်း မရှိဘူးဆရာရဲ့တဲ့။

ကျွန်တော့်တို့လို တောနယ်တွေမှာဘဲ တောက်လျောက် တာဝန်ကျခဲ့တဲ့ဆရာဝန်တွေ ဘွဲ့လွန်မတက်ကြရပါ။ ဒါ့ကြာင့် ဘာအတူးကုလည်းမေးရင် မခံချင်စိတ်နဲ့ အကုန်လုံးကုတယ်လို့ဖြေတယ်။ အမှန်ပဲလေ၊ တောတွေမှာ ဘာမဆိုအကုန် မလုပ်လို့ကိုမဖြစ်ဘူး၊ ခေါင်းကအစ ခြေထောက်အဆုံး၊ မျက်စိရော၊ အရိုးရော၊ သားဖွါး-မီးယပ်ရော၊ ကလေးရော အကုန်လုံးကို တာဝန်ယူရတာ။ မဟုတ်ရင် အထူးကုဆေးရုံလွှတ်တာတောင် လူနာတွေအများစုကြီးက သွားဘို့ငွေမရှိ၊ သွားစရာ လမ်းမပေါက်၊ ကံနဲ့ဆရာ့ကိုသာ အားကိုးရရှာကြတာ။ ဒီတော့ ကိုယ့်တာဝန် ပုံကျရော။ ကိုယ်ဆိုတဲ့ တောဆရာဝန်ကလဲ လက်နက်တန်းဆာပလာသာ မရှိတာ၊ မဖြစ်ဖြစ်အောင်လုပ်ပေးရတာ များတယ်။

ဓါတ်မှန်မရှိ၊ ဓါတ်ခွဲခန်းမရှိ၊ အာလ်ထွာဆောင်းဆိုတာ ပေါ်တောင်မပေါ်သေး။ အဲဒါတွေမရှိပေမဲ့ ရောဂါတွေကတော့ ရှိတယ်။ ရှိတဲ့ပစ္စည်းနဲ့ ဖြစ်အောင်လုပ်တဲ့ပညာကို ဆေးကျောင်းမှာ မသင်ရပါ။ ကြာတော့ တောဆရာဝန်မှန်သမျှ  ဂျင်နရယ်လစ်တွေ တကယ်ဖြစ်လာကြတယ်။ ဒီတော့ မတတ်တာလဲမရှိ၊ တတ်တာလဲမရှိအစား ဖြစ်သွားကြရော။ ကျွန်တော်ရခဲ့တဲ့ အမ်ဘီဘီအက်စ်ဆိုတာ အဲဒီအဆင့်ပါ။

MBBS လို့လည်းရေးတယ်။ MB, BS လို့လည်းရေးတယ်။ Bachelor of Medicine, Bachelor of Surgery က အရှည်ဖြစ်တယ်။ လက်တင်လို Medicinae Baccalaureus, Baccalaureus Chirurgiae ကနေလာတယ်။ ကျွန်တော့်ဘွဲ့လက်မှတ်မှာတော့ ဆေးပညာဘွဲ့လို့သာပါတယ်။ MBBS ရတာမှဟုတ်ရဲ့လား မပြောတတ်။ ဆေးကျောင်းအမည်နဲ့ တွဲရေးလေ့ရှိတယ်။ မနလေးကဆို အများအားဖြင့် Mdy လို့အတိုကောက်ရေးကြတယ်။ ကျွန်တော့်ကတော့ Mand လို့ရေးတယ်။ အဲတာတော့ မှားပုံမရပါ။ ဆမ စာအုပ်လေးမှာ M.B.B.S. (Mandalay) လို့ ပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး